နတ်ရေကန်တွင် စစ်ကောင်စီ အင်အားဖြည့်ပြီး ဘန်ကာအသစ်များ ဆောက်လုပ်နေ

နတ်ရေကန်တွင် စစ်ကောင်စီ အင်အားဖြည့်ပြီး ဘန်ကာအသစ်များ ဆောက်လုပ်နေ

ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ စစ်ကူ အင်အားများဖြည့်တင်းကာ ဘန်ကာအသစ်များလည်း ဆောက်လုပ်နေကြောင်း သိရသည်။

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် စစ်ကောင်စီ၏ ခံစစ်စခန်းဖြစ်သည့် နတ်ရေကန် ကမ္ဘာလုံးစခန်းကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ယခုအခါ ဘန်ကာအသစ်များ ထပ်မံ ဆောက်လုပ်လာနေခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ရေးသတင်းရင်းမြစ် တစ်ဦးက “နတ်ရေကန်တိုက်ပွဲက ပြင်းထန်နေကြတယ်။ အာရက္ခတပ်တော်နဲ့ မဟာမိတ်တပ်ဖက်ကလည်း လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ အဆက်မပြတ် တိုက်ခိုက်နေတာရှိတယ်။ စစ်ကောင်စီကတော့ သူတို့ရဲ့ ကမ္ဘာလုံးစခန်းလည်း လက်နက်ကြီးကြောင့် ပြိုပျက်သွားတာကြောင့် ဘန်ကာ အသစ်တွေ ဆောက်လုပ်နေကြတာ။ စစ်ကောင်စီဟာ ရတဲ့အရင်းအမြစ်တွေ စုရုံးပြီးတော့ အသေခံခုခံနေကြတာ” ဟု ပြောသည်။

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် နတ်ရေကန် ဗျူဟာစခန်း ကာကင်းများဖြစ်သည့် ဂုတ်ကြီး၊  တာဝါတိုင်စခန်းအပါဝင် စခန်း ၈ ခုထက်မနည်းကို သိမ်းပိုက်ထားကြပြီး နတ်ရေကန် ဗျူဟာကုန်း တစ်ခုလုံးကို သိမ်းပိုက်နိုင်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီကလည်း ပဒါန်းအခြေစိုက် အမြောက်စခန်း ကွပ်ကဲမှု ဌာနချုပ် (မစခ -၉၀၅) မှတစ်ဆင့် လက်နက်ကြီးပစ်ကူများ ပစ်ခတ်ပေးနေကာ အရပ်သုံးကားများအသုံးပြုပြီး နတ်ရေကန်ဗျူဟာကို အင်အားဖြည့်တင်းမှုများလည်း ပြုလုပ်နေကြောင်း အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“စစ်ကောင်စီက လက်ကျန် နတ်ရေကန် ဗျူဟာမကျဖို့ မစခ-၉၀၅ ကနေ အရပ်ဖက်ကားတွေနဲ့ အင်အား ဖြည့်တင်းမှုတွေ လုပ်နေတာရှိတယ်။ မဟာမိတ်တပ်တွေကလည်း ရနိုင်သမျှ ဖြတ်တောက်တိုက်ခိုက်တာကြောင့် စစ်ကူ တစ်ဝက်လောက်က လမ်းမှာတင် သေဆုံးကြတာများတယ်။ တပ်ပြေးတွေလည်း အတော်ကို များနေပြီး မစခ-၉၀၅ က လက်နက်ကြီး ပစ်ကူတွေကိုပဲ အားကိုးပြီး တိုက်နေကြရတာ” ဟု ပြောသည်။

နတ်ရေကန်တိုက်ပွဲမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကတည်းက  စစ်ကောင်စီ တပ်မ- ၉၉၊ စကခ- ၁၇၊ စကခ- ၁၄ အောက်နောက်ခံ တပ်ရင်းများဖြင့် ခုခံခဲ့သော်လည်း ထိရောက်မှုမရှိဘဲ အင်အားပြုန်းတီးမှုနှင့်သာ ရင်ဆိုင်နေရခြင်းဖြစ်သည်။

လက်ရှိ နတ်ရေကန်တွင်  တိုက်ပွဲများပြင်းထန်နေပြီး မကြာခင် သိမ်းပိုက်နိုင်ရန် မျှော်မှန်းထားကြောင်း အာရက္ခတပ်တော်မဟာမိတ် ကျောင်းသားလက်ရုံးတပ်တော် (SAF) ၏ ပြန်ကြားရေးတာဝန်ခံ ကိုမင်းဟန်ထက်က DMG ကိုပြောသည်။

“နတ်ရေကန်ကတော့  အခုချိန်ထိတိုက်နေတုန်းပါ။ တစ်ချို့ဗျူဟာကုန်းတွေ စခန်းတွေ ကျန်သေးတယ်။ ဒီတော့ ကျနော်တို့ အကျယ်တဝင့်ပြောဖိုတော့ ခက်သေးတယ်။ သေချာတာကတော့ ကျနော်တို့ တပ်တွေ အာရက္ခတပ်တော် အပါအဝင် တခြားတော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး ဒီစစ်ဆင်းရေးမှာ ပါဝင်နေပါတယ်။ အခုလည်း တော်တော်ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်နေတုန်းပါ။ နောက်တစ်ချက်ကတော့ ဒီတိုက်ပွဲက ထွက်ပြေးလာကြတဲ့  စစ်သုံ့ပန်းတွေလည်းတော်တော်များများ ကျနော်တို့ဆီမှာ ရှိပါတယ်။ ကျနော် ထင်ပါတယ် သိပ်မကြာတော့ပါဘူး” ဟု ၎င်းကပြောသည်။

နတ်ရေကန် ဗျူဟာမှာ ရခိုင်ပြည်နှင့် မကွေးတိုင်း အစပ် အမ်း- မင်းဘူးလမ်းမပေါ်တွင် တည်ရှိပြီး နိုင်ငံတော်အဆင့် လေကြောင်းရန်ကာကွယ်ရေး စခန်းချထားသည့် ဗျူဟာကုန်းတစ်ခုလည်းဖြစ်သည်။

ယင်းအပြင် ရခိုင်ရိုးမတောင်ပေါ်က နတ်ရေကန် ဗျူဟာကုန်းသည် မကွေးတိုင်းရှိ ကပစ စက်ရုံများကို ခြိမ်းခြောက်ဟန့်တားနိုင်သဖြင့် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီအတွက်လည်း စစ်ရေးမဟာဗျူဟာအရ အရေးပါသည့် နေရာဖြစ်သည်။ 

အာရက္ခတပ်တော်နှင့် မဟာမိတ်တပ်များသည် ရခိုင်စစ်မျက်နှာအပြင် မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့မှာ တစ်ပြိုင်နက်တည်း စစ်ရေးဖော်ဆောင်နေကြခြင်းလည်းဖြစ်သည်။

AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...
March 28, 2026
ရခိုင်ဒေသအတွင်း မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်းတို့ကို ကျူးလွန်ပါက...
March 27, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ကပစ-၁၆ စစ်ဆင်ရေးကို အာရက္ခတပ်တော် (AA) နှင့်အတူ BPLA တပ်ပါ...