လူထုလုံခြုံရေးနှင့် စစ်ကော်မရှင်ရွေးကောက်ပွဲ

လူထုလုံခြုံရေးနှင့် စစ်ကော်မရှင်ရွေးကောက်ပွဲ

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် အတုအယောင် ရွေးကောက်ပွဲတစ်ခု ကျင်းပရန် ပြင်ဆင်နေသည်။

နိုင်ငံတစ်ဝှမ်း စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေချိန်နှင့် တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေချိန်တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် ပြည်သူလူထုအတွက် ကြီးမားသော လုံခြုံရေးအရ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာသည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု လုံးဝ မရှိနိုင်ဘဲ ပြည်သူနှင့် နိုင်ငံတကာကို လှည့်စားရန်သာ ရည်ရွယ်သည့် လုပ်ရပ်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောဆိုသည်။

ထို့အပြင် “အီလက်ထရောနစ် မဲပေးစက်နှင့် နည်းပညာများ အသုံးပြုခြင်းသည်ပင်လျှင် မဲပေးသူများ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များ၊ ဆန္ဒမဲပေးသူများ၊ ဆန္ဒမဲမပေးသူများ၊ ကြားနေသူများ၊ မဲလာမပေးသူများကို စစ်အုပ်စုက ထောက်လှမ်း မှတ်တမ်း ယူနိုင်မည့်အပြင် ရေရှည်အတွက်လည်း ပြန်လည် အသုံးချခံရနိုင်သည့်အတွက် လုံခြုံရေး စိုးရိမ်ပူပန်မှုများစွာ ရှိနေသည်” ဟု IT ကျွမ်းကျင်သူများက ပြောသည်။

ထို့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ပယ်ချထားသောကြောင့် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ပဋိပက္ခများကို ပိုမိုဆိုးရွားစေမည့် အန္တရာယ်ရှိသော ခြေလှမ်းတစ်ခုအဖြစ် ရှုမြင်နေရသည်။

စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲက Free and Fair ဖြစ်မလား

စစ်ကော်မရှင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု (Free and Fair) လုံးဝ မရှိနိုင်ဘဲ ပြည်သူနှင့် နိုင်ငံတကာကို လှည့်စားရန်အတွက်သာ ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောဆိုသည်။

“ရွေးကောက်ပွဲဆိုတာက ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ ပြည်သူတွေ ပါဝင်ကိုယ်စားပြုခွင့် ရတာ ဖြစ်တယ်။ ရွေးကောက်ပွဲကို အကောင်းမြင်တဲ့လူ ရှိသလို အဆိုးမြင်တဲ့လူလည်း ရှိတာက သဘာဝပဲ။ အဲဒီလို အဆိုးမြင်တဲ့လူတွေကို ဖမ်းဆီးထောင်ချတာကတော့ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲရဲ့ အနှစ်သာရနဲ့ ဆန့်ကျင်နေပါတယ်” ဟု သျှမ်းလူငယ် တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည့် နန်းလိတ်က ထောက်ပြသည်။

ရွေးကောက်ပွဲနှောင့်ယှက်မှုဥပဒေဖြင့် ပထမဆုံး ဖမ်းဆီးထောင်ချခံရသူမှာ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့တွင် နေထိုင်သည့် လားရှိုးစစ်ဘေးရှောင် တစ်ဦးဖြစ်ကာ ရွေးကောက်ပွဲကို အွန်လိုင်းပေါ် ဝေဖန်မှုကြောင့် ပုဒ်မ ၂၃(က) ဖြင့် အမှုဖွင့်ခံခဲ့ရပြီး စက်တင်ဘာလ ၉ ရက်တွင် စစ်ကော်မရှင်လက်အောက် တောင်ကြီးမြို့နယ် တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် ၇ နှစ် အမိန့်ချမှတ်ခဲ့သည်။

အမြင့်ဆုံး သေဒဏ်အထိ ချမှတ်နိုင်သော ရွေးကောက်ပွဲနှောင့်ယှက်မှုဥပဒေ စတင်ပြဋ္ဌာန်းခဲ့သည့် ဇူလိုင်လမှ စတင်၍ အောက်တိုဘာလ ၂၉ ရက်အထိ အမှုပေါင်း ၄၀ မှုအတွက် အမျိုးသား ၈၃ ဦးနှင့် အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၈၈ ဦးကို အရေးယူထားကြောင်း စစ်ကော်မရှင်က အောက်တိုဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ပထမပတ်အတွင်း စစ်ကော်မရှင်လက်အောက်ခံ မီဒီယာများမှ ထုတ်လွှင့်ခဲ့သည့် ရွေးကောက်ပွဲ ဇာတ်လမ်းတိုများနှင့် ပတ်သက်ပြီး ဆန့်ကျင့်လှုံ့ဆော် ရေးသားမှု၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး မလုပ်နိုင်အောင် နှောက်ယှက်မှု စသည့် အကြောင်းပြချက်များဖြင့် ပြည်သူ ၂၂ ဦး ထပ်မံဖမ်းဆီးခံခဲ့ရသည်။

“ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့သူတွေ၊ အကောင်းမမြင်တဲ့သူတွေက ဆိုရှယ်မီဒီယာမှာ Like လုပ်တာ Share လုပ်တာတွေ၊ ရွေးကောက်ပွဲ ပိုစတာတွေကို ဖျက်ဆီးတဲ့သူတွေကို ဖမ်းဆီးထောင်ချတာတွေ ရှိလာတယ်။ စစ်တပ်ရဲ့ ဒီလုပ်ရပ်တွေကို ကြည့်ရင် ရွေးကောက်ပွဲ အပေါ်မှာ တကယ်စေတနာ မရှိတာ သိသာစေတယ်” – ဟု နန်းလိတ်က ရှင်းပြသည်။

ထို့အပြင် စစ်ကော်မရှင်သည် ရွေးကောက်ပွဲကျင်းပရန် ကြေညာပြီး နောက်တစ်နေ့တွင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပါ အရေးကြီးသည့် ပြဋ္ဌာန်းချက်များကို ရပ်ဆိုင်းခဲ့သည်။

အလားတူ အွန်လိုင်းပေါ်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းချုပ်ကန့်သတ်ပြီး ဖေ့စ်ဘုတ်ကဲ့သို့ လူမှုကွန်ရက်များနှင့် VPN အသုံးပြုခြင်းတို့ကို ရာဇဝတ်မှုအဖြစ် သတ်မှတ်သည့် ဆိုက်ဘာလုံခြုံရေးဥပဒေ ကိုလည်း ယခုနှစ်ဆန်းပိုင်းတွင် စစ်ကော်မရှင် ပြဋ္ဌာန်းခဲ့ပြီး ဇူလိုင်လ ၃၀ ရက်တွင် အသက်ဝင်ကြောင်း ကြေညာခဲ့သည်။

“မဲသွားမပေးရင်တော့ တိုက်ရိုက် အရေးယူလို့ မရဘူးဆိုပေမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဝေဖန်တယ် ဆိုရင်တော့ သူတို့အတွက် အန္တရာယ်ရှိပါတယ်။ အမှုလည်း တပ်မရဘူး ဖြစ်နေရင် ဆိုက်ဘာလုံခြုံရေးဥပဒေလိုမျိုး VPN သုံးတာနဲ့ ဖမ်းလို့ရတဲ့ ဥပဒေတွေနဲ့ ပုဒ်မတပ် ဖမ်းမှာပါ” ဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ တစ်ဦးဖြစ်သည့် ကိုထင်က ထောက်ပြသည်။

ရွေးကောက်ပွဲ အပိုင်းလိုက်ကျင်းပမှုနှင့် သျှမ်းပြည်အတွင်း မဲဆန္ဒနယ် အခင်းအကျင်း

ယခု ဒီဇင်ဘာလကုန်မှ စတင်ပြီး စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကျင်းပမည့် ရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်း ခွဲ၍ ကျင်းပမည် ဖြစ်ကြောင်း အောက်တိုဘာ (၁၅) ရက်တွင် ကျင်းပခဲ့သည့် NCA လက်မှတ်ရေးထိုးခြင်း ဆယ်နှစ်ပြည့် အခမ်းအနားတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ တစ်ဝှမ်းလုံး မြို့နယ်ပေါင်း ၃၃၀ မြို့နယ် ရှိသည့်အနက် ရွေးကောက်ပွဲ ပထမပိုင်းတွင် (၁၀၂) မြို့နယ်၊ ဒုတိယပိုင်းတွင် (၁၀၀) မြို့နယ်နှင့် တတိယပိုင်းတွင် ကျန်မြို့နယ်များ၌ ပြုလုပ်မည်ဟု စစ်ခေါင်းဆောင် ပြောဆိုပြီးနောက် ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပမည့်နေ့ရက်ကို UEC က ကြေညာခဲ့သည်။

ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး တစ်ပြိုင်နက်တည်း မကျင်းပနိုင်ဘဲ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေခြင်းသည် စစ်ကော်မရှင်၏ နယ်မြေမစိုးမိုးနိုင်မှုကို ဖော်ပြနေပြီး ၎င်းတို့ လိုသလို ရလဒ်များကို ပြောင်းလဲရန် ကြိုးပမ်းနိုင်သည့် နည်းဗျူဟာတစ်ခု ဖြစ်နိုင်ကြောင်း ကိုထင်က ထောက်ပြသည်။

“မဲပေးစက် မလုံလောက်တာ၊ နယ်မြေတွေ မစိုးမိုးတာလိုမျိုး လက်တွေ့ အခြေအနေတွေနဲ့လည်း ဆိုင်သလို၊ ရွေးကောက်ပွဲတစ်ခုနဲ့ တစ်ခုကြား ရလဒ်ကို လိုသလို ပြောင်းလဲဖို့ ကြိုးစားနိုင်တာ။ နယ်မြေ မစိုးမိုးတဲ့ အခြေအနေကိုလည်း စိုးမိုးနေသယောင် ဟန်ပြလုပ်တာ၊ စစ်ရေးအရ ဖိအားပေးပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအထိ လုပ်တာတွေလည်း ပါဝင်ပါတယ်” ဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ကိုထင်က ရှင်းပြသည်။

ပထမပိုင်း – ဒီဇင်ဘာလ (၂၈) ရက်တွင် စတင်ကျင်းပမည်။ ပြည်ထောင်စု တစ်ဝှမ်းလုံးတွင် မြို့နယ် ၃၃၀ ရှိသည့်အနက် ၁၀၂ မြို့နယ်၌သာ စတင်ကျင်းပမည်ဖြစ်ပြီး ထိုအထဲတွင် သျှမ်းပြည်မှ (၁၂) မြို့နယ်သာ ပါဝင်သည်။ နောင်ချို၊ လားရှိုး၊ မူဆယ်၊ တောင်ကြီး၊ ဟိုပုံး၊ ပင်းတယ၊ နမ့်စန်၊ လင်းခေး၊ လွိုင်လင်၊ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်တို့ ဖြစ်သည်။

ဒုတိယပိုင်း – လာမည့်နှစ် ၂၀၂၆ ဇန်နဝါရီလ (၁၁) ရက်တွင် ကျင်းပမည်။ ပြည်ထောင်စုတစ်ဝှမ်း (၁၀၀) မြို့နယ် ကျင်းပမည်ဟု ကြေညာထားပြီး ထိုထဲတွင် သျှမ်းပြည်မှ (၁၇) မြို့နယ် ပါဝင်သည်။ တန့်ယန်း၊ မိုင်းရယ်၊ ရွာငံ၊ ဆီဆိုင်၊ ကလော၊ ရပ်စောက်၊ ကွန်ဟိန်း၊ မိုင်းပန်၊ မောက်မယ်၊ မိုင်းကိုင်၊ လဲချား၊ မိုင်းခတ်၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ မိုင်းတုံ၊ မိုင်းယောင်းနှင့် မိုင်းယန်းမြို့နယ်တို့ ဖြစ်သည်။

တတိယပိုင်း – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကျင်းပမည်ဟု ခန့်မှန်းထားသော ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်အတွင်းမှ ကျောက်မဲ၊ သီပေါ၊ ပင်လောင်း၊ ဖယ်ခုံ၊ ညောင်ရွှေ၊ မိုးနဲ၊ ကျေးသီး၊ မိုင်းရှူးနှင့် မက်မန်းမြို့နယ်များ အပါအဝင် ၉ မြို့နယ်၌သာ ကျင်းပနိုင်ဖွယ်ရှိသည်ဟု သုံးသပ်ရသည်။

သျှမ်းပြည်၏ ၅၅ မြို့နယ်အနက် UEC မှ ၃၈ မြို့နယ်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းများ ထုတ်ပြန်ထားပြီး မြောက်ပိုင်းမဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် (၁၇) မြို့နယ်တွင် ရွေးကောက်ပွဲ မကျင်းပကြောင်း စစ်ကော်မရှင်လက်အောက်ခံ UEC က စက်တင်ဘာလ (၁၄) ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်သူ့လွှတ်တော်နှင့် သျှမ်းပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များအတွက် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် အဆိုပါ ၁၇ မြို့နယ်ထဲတွင် — ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်နယ်မြေဖြစ်သည့် ပန်ဆန်း (ပန်ခမ်း)၊ နားဖန်း၊ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင် (၅) မြို့နယ်၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေ ဖြစ်သော မိုင်းလားမြို့နယ်တို့ ပါဝင်သည်။

ထို့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားသည့် မဘိမ်းမြို့နယ်၊ “၁၀၂၇ စစ်ဆင်ရေး”အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုးမိတ် (၆) မြို့နယ်၊ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် ကုန်းကြမ်း၊ လောက်ကိုင်၊ ကွမ်းလုံ၊ သိန္နီ (၄) မြို့နယ်တို့ ပါဝင်သည်။

အလားတူ ပလောင်နှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဲဆန္ဒနယ်များတွင် အမျိုးသားလွှတ်တော်အတွက် နိုင်သူအကုန်ယူ FPTP စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပနိုင်မည် မဟုတ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ UEC က ထုတ်ပြန်ထားသည်။

သို့သော် မြောက်ပိုင်းမဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်းနှင့် မိုင်းလားမြို့အပြင် စစ်ကော်မရှင် ပြန်လည် ထိန်းချုပ်ထားသည့် ကျောက်မဲ၊ သီပေါ၊ မိုးမိတ် ကဲ့သို့ စုစုပေါင်း (၁၅) မြို့နယ်မှာ အရေးပေါ် အခြေအနေ ကြေညာခံထားရသည်။

“တချို့နေရာတွေမှာ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ လုပ်ဖို့ ရှိပါတယ်၊ သျှမ်းမြောက်က ဒေသတွေ ပါဝင်ပါတယ်။ ရွေးကောက်ပွဲလို့ ပြောပေမယ့် အရေးပေါ် အခြေအနေအောက်မှာ ဘာမှ နိုင်ငံသားအခွင့်အရေးတွေ မရဘဲနဲ့ ဖြတ်သန်းရမှာပါ။ ကိုယ်စားလှယ်လောင်းရော၊ ပြည်သူရော မထင်ရင် မထင်သလို ဖမ်းဆီးခံရ၊ နောက်ယောင်ခံ လိုက်ခံရတဲ့ အခြေအနေတွေနဲ့ ဖြတ်သန်းရမှာပါ” ဟု ကိုထင်ကျော်အေး က ရွေးကောက်ပွဲကြား မလုံခြုံမှု အခြေအနေကို ရှင်းပြသည်။

ရွေးကောက်ပွဲအကြိုကာလ စစ်ဘေးရှောင်အခက်အခဲနှင့် မဲဆန္ဒရှင် ပြည်သူ လုံခြုံရေးစိုးရိမ်မှုများ

သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ကော်မရှင်တပ်နှင့် ညီနောင်မဟာမိတ်တပ်များအကြား၊ ကရင်နီ(ကယား)ပြည်နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုများအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် သောင်းနှင့်ချီ၍ သျှမ်းပြည်တောင်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ရသည်။

သျှမ်းပြည်ကဲ့သို့သော တိုက်ပွဲဖြစ်ပွားရာ ဒေသများတွင် စစ်ကော်မရှင်သည် ရွေးကောက်ပွဲအတွက် တည်ငြိမ်မှုရှိသည်ဟု ပုံဖော်လိုသောကြောင့် စစ်ဘေးရှောင်များကို မိုင်းမရှင်းလင်းရသေးသော နေရပ်များသို့ အတင်းအကြပ် ပြန်ခိုင်းခြင်း၊ ကုန်စည်ဖြတ်တောက်ခြင်းနှင့် လူဦးရေစာရင်း ကောက်ယူခြင်းများ ပြုလုပ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

“တချို့ IDP စခန်းတွေကနေ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ခိုင်းနေတယ်။ တချို့နေရာဆိုရင် အဲဒီမှာ တိုက်ပွဲဖြစ်နေတုန်းပဲ။ တချို့ရွာတွေကျတော့ တိုက်ပွဲ မဖြစ်တော့ပေမယ့် မြေမြှုပ်မိုင်းတွေ မရှင်းရသေးဘဲ ပြန်ခိုင်းတာ ရှိတယ်။ စစ်တပ်က ရွေးကောက်ပွဲအတွက် တည်ငြိမ်မှုရှိတယ် ဆိုတာမျိုး ပြချင်တော့ စစ်ရှောင်တွေကို နေရပ်ပြန်ခိုင်းတာ၊ နာမည်နဲ့စာရင်း အတင်းအကြပ် ဆင့်ခေါ်တာမျိုးအထိ ဖြစ်တယ်” ဟု စစ်ရှောင်ကူညီသူတစ်ဦးဖြစ်သည့် နန်းလှခင် က ပြောသည်။

အလားတူ ရွေးကောက်ပွဲ ပထမပိုင်းတွင် ပါဝင်သည့် မူဆယ်မြို့၌ မေလဆန်းပိုင်းမှ စတင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းလာသူများကို မဲပေးနိုင်ရန်အတွက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) က အိမ်ထောင်စုစာရင်း အသစ်များ ပြုလုပ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နှစ် ၂၀၂၄ ဖေဖော်ဝါရီလတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကော်မရှင်က အသက်သွင်းခဲ့ပြီးနောက် လူကြီးလူငယ်မရွေး နိုင်ငံခြား သို့မဟုတ် လွတ်မြောက်နယ်မြေဘက် အများအပြား ထွက်ပြေးတိမ်း ရှောင်နေခြင်းကြောင့် ထိုသူများလည်း မဲသွားပေးမည် မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အိမ်ထောင်စုစာရင်းတွေ ကောက်ပြီး မဲဆန္ဒရှင်စာရင်း လုပ်ထားတယ်၊ မဲသွားပေးရင်လည်း မှတ်ပုံတင်စစ်တယ်။ ဒါကြောင့် ရွေးကောက်ပွဲအတွက် ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို သူတို့ဆီမှာ အကုန်လုံး ပေးထားရတာ။ နောက်ပိုင်း ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ လူစာရင်းကို ပြန်စစ်လိုက်ရင် စစ်တပ်ဆီ အကုန်ပေါက်ကြားမှာပဲ။ အဲဒီအချိန်ကျတော့ ပြည်သူတွေက အိမ်မှာနေရင်း အဖမ်းခံရမှာလား၊ စစ်မှုထမ်းဖို့ လာခေါ်မှာလား ဆိုတာ အမြဲတမ်း စိုးရိမ်နေရတာ” ဟု လားရှိုးမြို့တွင် နေထိုင်သည့် ဥပဒေရေးရာ ကျွမ်းကျင်သူ သျှမ်းလူငယ်တစ်ဦးက ပြောဆိုသည်။

နိုဝင်ဘာလ (၂၆) ရက် ညပိုင်းတွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲတွင် လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရန်ဟုဆိုကာ နိုင်ငံရေးပုဒ်မဖြစ်သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသူ (၂၃၆၁) ဦးကို လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း ကြေညာခဲ့သည်။

ထို့အပြင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ထောင်ဒဏ်ကျခံနေရသူ (၇၂၄) ဦးကိုလည်း ခံဝန်ဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ထွက်ပြေးတိမ်းရှောင်နေ၍ ရာဇဝတ်ကျင့်ထုံး ၅၁၂ ဖြင့် တရားစွဲဆိုခံရသူ (၅၅၈၀) ဦးကိုလည်း အမှုများပိတ်သိမ်းလိုက်ကြောင်း စစ်ကော်မရှင်ဘက်မှ ထုတ်ပြန်ခဲ့သည်။

ထိုသို့ နိုင်ငံရေးပုဒ်မဖြင့် တရားစွဲဆို ဖမ်းဆီးထောင်ချခံရသူ (၈၆၀၀) ကျော်ကို ဖြေလျှော့ လွှတ်ပေးခဲ့သော်လည်း လုံခြုံရေးစိုးရိမ်ရသည့် အခြေအနေတွင် မဲရုံသို့ ဆန္ဒမဲသွားထည့်မည့် ပြည်သူအရေအတွက်မှာ များစွာ လျော့ကျမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူများက သုံးသပ်ပြောဆိုသည်။

“အခု ရွေးကောက်ပွဲ လုပ်တဲ့အချိန် မဲသွားထည့်တဲ့သူအနေနဲ့ ဘယ်အချိန်မှာ ဘာလုပ်ခဲ့တာဆိုတာမျိုး ပေါက်ကြားသွားမှာကို စိုးရိမ်ရတယ်။ ဘယ်မဲရုံမှာ ဘယ်ပါတီကို မဲပေးခဲ့တာလဲ ဆိုတာမျိုးအထိ သိနိုင်ရင် ဒါက လုံခြုံရေးခြိမ်းခြောက်မှုတစ်ခုပဲ။ အဲဒါကြောင့် ဆန္ဒမဲ သွားပေးဖို့လည်း ကြောက်နေကြမှာ ဒါမှမဟုတ် ဆန္ဒမဲ သွားမပေးဖို့လည်း ဖြစ်နိုင်တာပဲ” – ဟု လားရှိုးမြို့နေ ဥပဒေကျွမ်းကျင်သူ သျှမ်းလူငယ်က ထောက်ပြပြောဆိုသည်။

ရွေးကောက်ပွဲတစ်ခုတွင် အသုံးပြုမည့် နည်းပညာများသည် ပုဂ္ဂိုလ်ဆိုင်ရာ အချက်အလက်များ အလွန် အရေးကြီးခြင်းကြောင့် လုံခြုံမှုကို အာမခံပေးရန် လိုအပ်သလို ဂုဏ်သိက္ခာရှိရန်လည်း အာမခံနိုင်ရန် လိုအပ်သည်။

စစ်ကော်မရှင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပုဂ္ဂိုလ်ဆိုင်ရာ အချက်အလက်များကို မည်သို့ ထိန်းသိမ်းသည်၊ မည်သို့ အသုံးပြုမည် စသည့် အကြောင်းအရာများကို မည်သူမျှ မသိနိုင်ဘဲ ထောက် လှမ်းရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်သည့် အခြေအနေလည်း ဖြစ်နေသည်။

အီလက်ထရောနစ် မဲပေးစက်နှင့် အခြားနည်းပညာများကို အသုံးပြုကာ စစ်ကော်မရှင်ဘက်မှ ပြည်သူလူထု၏ အချက်အလက်များကို စုဆောင်းပြီး ရေရှည် စုံစမ်းထောက်လှမ်းမှုများအတွက် အသုံးချနိုင်သည့် အန္တရာယ်ရှိကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ တစ်ဦးဖြစ်သည့် ကိုထင်ကျော်အေး က သတိပေးသည်။

“အီလက်ထရောနစ် မဲပေးစက်သုံးတာ၊ အဲ့ဒီ ဒေတာတွေ ဘယ်လို စီမံခန့်ခွဲမလဲ ဆိုတာ မသိရတာ။ PSMS စနစ် ရှိနေတာတွေက လူထုရဲ့ အချက်အလက်တွေကို စစ်အုပ်စုက ချိတ်ဆက် စောင့်ကြည့်ဖို့အတွက် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ရေတို လုံခြုံရေးတင်မကဘဲ ရေရှည် စုံစမ်းထောက်လှမ်းမှုအောက် ရောက်နေနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်” ဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ တစ်ဦးဖြစ်သည့် ကိုထင်ကျော်အေး က သတိပေးသည်။

ပဋိပက္ခ မြင့်တက်လာမည့် စိုးရိမ်မှုနှင့် လူထုအခက်အခဲ

စစ်ကော်မရှင်က ရွေးကောက်ပွဲကို အင်အားသုံး၍ အတင်းအဓမ္မ ကျင်းပမည်ဖြစ်ပြီး လူထုအပေါ် ဖိနှိပ်သည့် ဥပဒေများအပြင် အကြမ်းဖက်မှု နည်းလမ်းများပါ အသုံးပြုလာခြင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင် တပ်အချို့က လက်မခံကြောင်း အသီးသီး ထုတ်ပြန်ကြေညာထားသည်။

ထို့ကြောင့် ရွေးကောက်ပွဲနေ့တွင် ဖြစ်ပွားလာနိုင်သည့် မဲရုံများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ကဲ့သို့ မထင်မှတ်နိုင်သော အခြေအနေများမှာ စိုးရိမ်စရာ ဖြစ်ပြီး စစ်ကော်မရှင်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြား တိုက်ပွဲပိုမို ပြင်းထန်လာနိုင်မည်ကို ပြည်သူများက စိုးရိမ်နေကြသည်။

“ရွေးကောက်ပွဲ လုပ်တဲ့အချိန် ပဋိပက္ခ မဖြစ်ဘူးလို့ ဘယ်သူမှ အာမခံ မပေးနိုင်ဘူး။ ရွေးကောက်ပွဲ ကာလမှာ အင်အားသုံးပြီး တိုက်ခိုက်တာ၊ ဗုံးကြဲတာမျိုး ဖြစ်မလား မဖြစ်ဘူးလားဆိုတာ မပြောနိုင်ဘူး။ အဲဒါကြောင့် မဲသွားပေးတဲ့အချိန်မှာ လုံခြုံရေးက အရမ်းစိုးရိမ်ရတယ်” ဟု လားရှိုးမြို့နေ ဥပဒေကျွမ်းကျင်သူ သျှမ်းလူငယ်က လုံခြုံရေး စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုသည်။

ပြည်သူအများစုက ရွေးကောက်ပွဲတွင် မဲမပေးလိုကြသော်လည်း စစ်ကော်မရှင်၏ ဖိအားပေးမှုများကြောင့် မဲထည့်ရမည့် အခြေအနေများလည်း ကြုံတွေ့လာနိုင်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက ဆိုသည်။

“စစ်အုပ်စုရဲ့ ဖမ်းဆီးမှု၊ အကြမ်းဖက်မှု၊ စောင့်ကြည့်မှုဆိုတဲ့ ဖိအားတွေကလည်း ရှိနေတော့ မထည့်လို့ မရတဲ့ အခြေအနေလည်း ကြုံကောင်း ကြုံရနိုင်ပါတယ်။ တော်လှန်ရေးအဖွဲ့တွေ အနေနဲ့ လူထုရဲ့ ဒီအ ခက်အခဲကို နားလည်ဖို့ လိုပါမယ်။ လူထုရဲ့ လုံခြုံရေးကို ထိခိုက်အောင် လုပ်တဲ့ စစ်အုပ်စုရဲ့ ကျူးလွန်မှု တွေကို မှတ်တမ်းတင်တာ၊ စောင့်ကြည့်တာကို ပိုအာရုံစိုက်ကြဖို့ လိုပါတယ်” ဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ကိုထင်ကျော်အေး က အကြံပြုသည်။

ဒီဇင်ဘာလ (၂၈) ရက်တွင် စစ်ကော်မရှင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲအကြို ကာလအတွင်း မြန်မာနိုင်ငံတွင် ကြီးလေးသော နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း သတင်းပေးပို့ချက်များ တိုးလာနေသည်ဟု ကုလသမဂ္ဂမှ ဖွဲ့စည်းပေးထားသည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က နိုဝင်ဘာလ ၂၆ ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်အတွင်း ယခုနှစ် ၂၀၂၅ ဇူလိုင်လတွင် ပြဋ္ဌာန်းခဲ့သည့် ရွေးကောက်ပွဲနှောင့်ယှက်မှုဥပဒေအရ ရွေးကောက်ပွဲကို ဝေဖန်ခြင်း၊ ရွေးကောက်ပွဲဆန့်ကျင်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ပြုလုပ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များဖြင့် ကလေးများအပါအဝင် လူအများအပြား ဖမ်းဆီးခံရသည်ဆိုသော သတင်းပေးပို့ချက်များကို IIMM က စုဆောင်းထားကြောင်း ရေးသားထားသည်။

ထို့အပြင် ဥပဒေကြောင်းအရ အခြေအမြစ်မရှိဘဲ သို့မဟုတ် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ မပါဘဲ ဖမ်းဆီးထောင်ချသည့် အထောက်အထားများကို စုဆောင်းနေပြီး အချက်အလက်များ လက်ဝယ်ရရှိထားပါက IIMM ယန္တရားသို့ ဆက်သွယ်ရန် တောင်းဆိုထားသည်။

နိုင်ငံတကာ၏ ပယ်ချမှုနှင့် စစ်အာဏာရှင်တည်မြဲရေး ရွေးကောက်ပွဲ

ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တော်လှန်ရေးအဖွဲ့အစည်းများက ဦးတည်ဆောင်ရွက်နေပြီး စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲကို ပြည်သူများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ပံ့ပိုးကူညီခြင်း၊ အသိအမှတ်ပြုခြင်းများ မလုပ်ဆောင်ကြရန် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့က ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ပူးတွဲထုတ်ပြန်ထားသည်။

စစ်ကော်မရှင်၏ တစ်ဖက်သတ် ရွေးကောက်ပွဲ အစီအစဉ်ကို အာဆီယံနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ပယ်ချထားပြီး အာဆီယံက ရွေးကောက်ပွဲမတိုင်မီ အကြမ်းဖက်မှုများ ရပ်တန့်ပြီး အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရန် အောက်တိုဘာလ (၂၆) ရက်တွင် တောင်းဆိုထားသည်။

အာဆီယံ – ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ရန် စစ်ကော်မရှင်၏ ဖိတ်ကြားချက်ကို ပယ်ချခဲ့သည်။

ဥရောပသမဂ္ဂ (EU) – ယုံကြည်စိတ်ချရသော ရလဒ်မထွက်နိုင်၍ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်ရန် အစီအစဉ် မရှိကြောင်း အထူးကိုယ်စားလှယ် Ms. Kajsa Ollongren က ပြောဆိုသည်။

ကုလသမဂ္ဂ (UN) – စစ်အုပ်ချုပ်ရေးကို တရားဝင်စေရန် ရည်ရွယ်သည့် အတုအယောင် ရွေးကောက်ပွဲ ဖြစ်ပြီး တရားမျှတမှုနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း အတွင်းရေးမှူးချုပ် Mr. António Guterres ကလည်း ပြောကြားထားသည်။

အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံသို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ရန် စစ်ကော်မရှင်၏ ဖိတ်ကြားချက်ကို ပယ်ချခဲ့သော်လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုချင်း အနေဖြင့် ၎င်းတို့ဆန္ဒအလျောက် လေ့လာစောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ခွင့် ရှိနေသေးသည်။

စစ်ကော်မရှင် ကျင်းပပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲတွင် ယုံကြည်စိတ်ချရသော ရလဒ် မထွက်နိုင်၍ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်ရန် အစီအစဉ်မရှိကြောင်း ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Kajsa Ollongren က အောက်တိုဘာလ ၁၆ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

စစ်ကော်မရှင်က ကျင်းပရန်စီစဉ်ထားသည့် ရွေးကောက်ပွဲသည် စစ်အုပ်ချုပ်ရေးကို တရားဝင်စေရန် ရည်ရွယ်သည့် အတုအယောင် ရွေးကောက်ပွဲ ဖြစ်ပြီး တရားမျှတမှုနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ပြောကြားထားသည်။

မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲတွင် လိုအပ်သည့် အထောက်အကူ ပစ္စည်းများနှင့် နည်းပညာ များကို ရုရှားနိုင်ငံအပြင် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသည့် တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ ထောက်ပံ့ပေးထားကြောင်း စစ်ကော်မရှင်ဘက်က ထုတ်ဖော်ပြောဆိုထားသည်။

လွတ်လပ်စွာ ရွေးကောက်တင်မြှောက်ခြင်း မလုပ်နိုင်ပါက မည်သည့်ရွေးကောက်ပွဲမဆို ဒီမိုကရေစီနည်းကျ လူထုဆန္ဒမဟုတ်ဘဲ ရွေးကောက်ပွဲစီစဉ်သူများ၏ ဆန္ဒ ဟုသာ လူတိုင်းနားလည်ကြောင်း မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဦးဆောင်ကူညီ ပံ့ပိုးပေးခဲ့သည့် စဝ်ဟန်ယောင်ဟွေ က သုံးသပ်ပြောဆိုသည်။

စစ်ကော်မရှင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီဘက်ကို မဦးတည်ဘဲ စစ်အာဏာရှင် တည်မြဲရေးအတွက်သာ ဖြစ်ကြောင်း၊ လွတ်လပ်မှု မရှိခြင်းကြောင့် ယုံကြည်လက်ခံ အားပေး၍ မရကြောင်းလည်း ၄င်းက ဆက်ပြောသည်။

“ဒီတစ်ခေါက် ရွေးကောက်ပွဲက ဘယ်လိုမှ ဒီမိုကရေစီဘက် သွားမယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒီငါးနှစ်မှာ သူတို့ (စစ်တပ်) တကယ် ဒီမိုကရေစီဘက် သွားချင်တယ်ဆိုရင် လူထုတွေကို ဒီလိုမျိုး သတ်ဖြတ်မှာ မဟုတ်ပါဘူး။ ဆိုတော့ ဒီရွေးကောက်ပွဲကတော့ ဒီမိုကရေစီကိုလည်း မဦးတည်ဘူး၊ လွတ်လည်း မလွတ်လပ်ဘူး။ အာဏာတည်မြဲဖို့ပဲ ဖြစ်နေတယ်ဆိုတော့ ဒါက ကျွန်တော်တို့ ယုံကြည်လို့ မရဘူး၊ လက်ခံလို့ မရဘူး၊ အားပေးလို့ မရဘူးလို့ ကျွန်တော် အဲဒီလိုမျိုး မြင်ပါတယ်” ဟု စဝ်ဟန်ယောင်ဟွေ က မှတ်ချက်ပြုသည်။

စစ်အာဏာရှင်ဟောင်းများ ပြုလုပ်ခဲ့သည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ နောက်ပိုင်းတွင် နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်များ အပြောင်းအလဲ ရှိခဲ့ပြီး တိုင်းရင်းသားများနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ရှိလာခဲ့သည့်တိုင် လာမည့်ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်ပါက မတူကြောင်း စဝ်ဟန်ယောင်ဟွေက ရှင်းပြသည်။

ထိုစဉ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီတို့လည်း ရွေးကောက်ပွဲကို မူအရ သပိတ်မှောက်ခဲ့ပြီး အားမပေးခဲ့ကြောင်း ၎င်းက ဥပမာပြုသည်။

သို့သော် စစ်ကော်မရှင် ကျင်းပပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲအပေါ် ကွဲပြားခြားနားသော နိုင်ငံတကာ တုံ့ပြန်မှုများ ရှိနေသော်လည်း မိတ်ဖက်နိုင်ငံများ၏ ထောက်ခံမှုများ အခိုင်အမာ ရရှိထားကြောင်း စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

စစ်ကော်မရှင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် ပြည်သူ့ဆန္ဒနှင့် ကင်းကွာနေပြီး မြန်မာနိုင်ငံ ပဋိပက္ခများကို ပိုမိုဆိုးရွားစေမည့် အန္တရာယ်ရှိသော ခြေလှမ်းတစ်ခုအဖြစ် သမိုင်းတွင် ကျန်ရစ်မည်ဟု သုံးသပ်သူများက ပြောသည်။

“အခုကတော့ စစ်ပွဲလည်း ဖြစ်နေတယ်၊ တရားဥပဒေ စိုးမိုးမှုလည်း မရှိဘူး။ ရွေးကောက်ပွဲ ပြီးသွားရင်လည်း စစ်တပ်နဲ့ သူ့လက်အောက်ခံ ပြည်သူ့စစ်တွေပဲ ပြန်အုပ်ချုပ်မှာမလို့ တကယ့် အပြောင်းအလဲ ဖြစ်လာပါ့မလား ဆိုတာ မေးစရာဖြစ်တယ်။ ပြည်သူတွေအတွက်တော့ ထူးမခြားနား ဆက်ဖြစ်နေမှာပဲ” ဟု သျှမ်းလူငယ် တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည့် နန်းလိတ် က ပြောဆိုလိုက်သည်။

စိုင်းခွမ်မိန်းနှင့်အတူ စိုင်းဟန်လင်း ပူးပေါင်းရေးသားသည်။

Most read this week

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
ကရင်နီမှာ စစ်ကော်မရှင်တပ်ဟာ ဒရုန်းတွေကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...