မြဝတီအာရှလမ်းပေါ် ကုန်တင်ယာဥ်တိမ်းမှောက်၍ ယာဉ်မောင်းသေဆုံး

မြဝတီအာရှလမ်းပေါ် ကုန်တင်ယာဥ်တိမ်းမှောက်၍ ယာဉ်မောင်းသေဆုံး

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင်  ဇွန်လ(၂)ရက် ညနေပိုင်းက ကုန်ပစ္စည်းများတင်ဆောင်လာသည့် ၂၂ ဘီးတွဲ မော်တော်ယာဥ်တစ်စီး လမ်းဘေးချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းအမျိုးသား(၁)ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

ယင်းနေ့ညနေ ၄ နာရီ ခွဲဝန်းကျင်က အာရှလမ်းမကြီးပေါ် ရင်ကွဲတောင်နေရာအနီး၌ ယာဥ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ကိုကျော်ဝဏ္ဏအမည်ရ ယာဉ်မောင်းအမျိုးသားမှာ ကားခေါင်းပိုင်းနှင့် ကုန်ပစ္စည်းများအောက် ပိမိလျက် သေဆုံးခဲ့ခြင်းဖြစ်သည်။

“ကားက ၂၂ ဘီးကားကြီးဆိုတော့ တောင်တက်လမ်းဆို အရှိန်မထိန်းနိုင်တာများတယ်။ ကားရှိန်ကြောင့်ရော၊ ကုန်မမျှတာကြောင့်ပါ ခုလိုဖြစ်သွားတာ စိတ်မကောင်းပါဘူး” ဟု ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဖိမိထားသည့်ကုန်ပစ္စည်း အလေးချိန် များပြားလွန်းသောကြောင့် ယာဥ်အောက်ပိနေသူ ကိုကျော်ဝဏ္ဏကို ကယ်ဆယ်ရေးအဖွဲ့များက ၃ နာရီကျော်ကြာ ကယ်ထုတ်ခဲ့ရသော်လည်း သေဆုံးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။ ဖြစ်စဥ်ဖြစ်ပွားပြီးနောက် သေဆုံးသူ၏ ရုပ်ခန္ဓာအား မြဝတီမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်းလည်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

မိုးဦးကျရာသီ၌ အာရှလမ်းသာမက၊ တောင်ပေါ်တောင်တက်လမ်း ဖြတ်သန်းသွားလာရာတွင် အထူးသဖြင့်ဝန်ပိုသယ်ဆောင်လာသူများအနေဖြင့် သတိထားသွားလာကြရန် ယာဥ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ကုန်တင်ယာဥ်မောင်းများက သတိပေးသည်။

မြဝတီ-ကော့ကရိတ်ကုန်သယ်ဆောင်သွားလာသူ ယာဥ်မောင်းတစ်ဦးက “မိုးရာသီလည်းဖြစ်တာရယ်၊ ကုန်တင်ကားမောင်းရတာ အန္တရာယ်များတယ်။ အာရှလမ်းမကြီး ပြန်ဖွင့်ပြီဆိုပေမယ့် တောင်တက်လမ်းတွေကို မောင်းရတာ စွန့်စားရတယ်လေ။ ခေတ်ကမကောင်းတော့ ကုန်ပစ္စည်းတွေကို လောဘကြီးရတယ်။ ကျနော်တို့လည်း ပိုပြီးသတိထားရမယ်” ဟု ကေအိုင်စီကို ပြောသည်။

ယာဥ်တိမ်းမှောက်မှုဖြစ်ပွားသည့် ရင်ကွဲတောင်လမ်းပိုင်းသည် လမ်းမတ်စောက်ပြီး အကွေ့အကောက်များသဖြင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားလေ့ရှိသည်။ ထို့ကြောင့် အဆိုပါလမ်းပိုင်းကို ဖြတ်သန်းမောင်းနှင်မည့် ကုန်တင်ယာဉ်ကြီးများအနေဖြင့် အရှိန်လျှော့မောင်းနှင်ရန်နှင့် ခရီးမထွက်ခွာမီ ဘရိတ်စနစ်များကို ကြိုတင်စစ်ဆေးထားကြရန် ဒေသခံကယ်ဆယ်ရေးအဖွဲ့များက သတိပေးပြောဆိုခြင်းရှိသည်။

khaosod News (ပုံဟောင်း)
June 24, 2026
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်ထဲရှိ မဲ့ကိုကင်းရွာ ထိုင်းအစိုးရစာသင်ကျောင်းသို့ မြန်မာဘက်ခြမ်း...
ဒူးသထူခရိုင်တွင် လေကြောင်းရန်ကြောင့် ကျေးရွာ (၆) ရွာထက်မနည်း တိမ်းရှောင်နေရ
June 23, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ...
Photo : KIC
June 22, 2026
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများရှိ ကိုယ်တိုင်ရပ်တည်ရေးခက်ခဲသည့်...
June 20, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊...