သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာ၍ ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာ၍ ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင် ရေမြင့်တက်လာကာ နေအိမ်နှင့် စိုက်ခင်းထဲသို့ ရေဝင်ရောက်ခဲ့ကြောင်း ဒေသခံများပြောသည်။

ထို့အပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်လေးလုံးလမ်းမကြီးတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ယာဉ်များ သွားလာရန် ခက်ခဲသဖြင့်  ခရီးသွားပြည်သူများသည် ရေကျသည့်အထိ စောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။

“မိုးတွေရက်ဆက်ရွာရင် တောင်ကြီးက အမှိုက်တွေအကုန် အေးသာယာ၊ ညောင်ရွှေဘက် စီးဆင်းလာတယ်။ ရေစီးသန်တော့ လူတွေပါ ရေစီးနဲ့ မျှောပါမသွားအောင် ဂရုစိုက်နေရတဘ်။ တချို့အိမ်တွေဆို အုတ်တံတိုင်းတွေပါပြိုကျကုန်တယ်။ တောင်လေးလုံး ရေကြီးလို့ ဆိုင်ကယ်တောင် မမောင်းရဲခဲ့ဘူး။”ဟု တောင်င်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ အင်းလေးဒေသတွင်လည်း မိုးရက်ဆက်ရွာသွန်းမှုကြောင့် စပါးခင်း၊ ပြောင်းခင်း၊ ငရုပ်ခင်းနှင့် ခရမ်းချဉ်ခင်းများ ရေနစ်မြုပ်ပျက်စီးခဲ့ပြီး ရေမြင့်တက်လာသဖြင့် ဒေသခံအချို့နေရာ ရွှေ့ပြောင်းနေထိုင်ရကြောင်း  အင်းလေးဒေသခံများက ပြောသည်။

ဆက်လက်ပြီး ဟိုပုံးမြို့နယ်တွင်လည်း မိုးရက်ဆက်ရွာသွန်းမှုကြောင့် နေအိမ်များအတွင်းရေဝင်ရောက်ကာ စိုက်ပျိုးထားသည့်  ပြောင်းခင်းများနှင့် ငရုတ်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။

“အရင်က မဲနယ်တောင်ဘက်မှာပဲ ရေကြီးမြေပြိုတာ အခုက ဟိုပုံးမြို့ပေါ် ရပ်ကွက်အထိပါ ရေတွေဝင်လာတာ၊ တချို့အိမ်ဆိုရင် အုတ်တံတိုင်းတွေပြိုကုန်တာ လမ်းတစ်လျှောက်လုံးလည်း ရေတွေပဲ စိုက်ထားတဲ့ ပြောင်းတို့ ငရုတ်ခင်းတို့ဆို ရစရာမရှိတော့ဘူး။ ရင်းထားသမျှအကုန် ရှုံးပြီဒီနှစ်တော့ ၊မိုးရာသီရေကြီးတယ်။ နွေဆိုရင် ပူလွန်းလို့ အပင်သေတယ်။ လုပ်စားရတာ မလွယ်ဘူး။”ဟု ဟိုပုံးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုသို့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာခြင်းသည် သဘာဝသယံဇာတများကို စနစ်တကျ စီမံခန့်ခွဲမှု အားနည်းခြင်းနှင့် အလွန်အကျွံထုတ်ယူအသုံးပြုမှုများကြောင့်  ဖြစ်နိုင်ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ 

ပြီးခဲ့သည့် မေလ တတိယပတ်တွင်လည်း ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် ပြောင်း၊ခရမ်းချဉ် နှင့် ဂေါ်ဖီထုတ်စိုက်ခင်းများရေနစ်မြုပ်သွားခဲ့ပြီး တောင်သူများအရှုံးပေါ်ခဲ့ရသည်။

ယခုလက်ရှိသျှမ်းတောင်တွင် ရေကြီးရေလျှံမှုကြားမှ  ကုန်စိမ်းသီးနှံများဖြစ်သည့် အာလူးတစ်ပိဿ ငွေကျပ် တစ်ထောင်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၄၀၀)နှင့် ဂေါ်ဖီထုတ်တစ်ထုတ်လျှင် ကျပ် (၃၀၀)အထိ ဈေးကျဆင်းနေပြီး တောင်သူများအရှုံးဖြင့် ရင်ဆိုင်နေရသည်။

Most read this week

မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd
September 4, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မိုင်းရှူး လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်...
ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...