ပါခွီး — ချင်းပြည်နယ် ၊မင်းတပ်မြို့နယ်အတွင်း စစ်ဘေးရှောင်များ လစဥ် ပျှမ်းမျှ ၁၆ ဦးခန့်သေဆုံးနေကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲ့မှုကော်မတီ၏ စာရင်းများအရ သိရသည်။
မင်းတပ်မြို့နယ်တွင် စစ်တပ်က အာဏာသိမ်းအပြီး ၂၀၂၁ခုနှစ် ဇန်နဝါရီလမှစ၌ ၂၀၂၄ခုနှစ် ဒီဇင်ဘာလအထိ ၄၈ လအတွင်း စစ်ဘေးရှောင် ၇၆၆ ဦးသေဆုံးခဲ့ရာ လစဥ်ပျှမ်းမျှ ၁၆ ဦးခန့် သေဆုံးခဲ့ခြင်းဖြစ်သည်။
“သေဆုံးသူအများစုက သက်ကြီးပိုင်းတွေပါ၊ အဓိကဆေးဝါးပြတ်လပ်တာနဲ့ နာတာရှည် ရောဂါတွေကြောင့်ဖြစ်ပါတယ်” ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲ့မှုကော်မတီ တာဝန်ရှိသူတဦးက မဇ္ဈိမ ကို ပြောသည်။
မင်တပ်မြို့နယ် တိုက်နယ် ကိုးခုအတွင်းရှိ ကျေးရွာပေါင်း ၁၂၇ ရွာမှ သေဆုံးခဲ့သည့် စစ်ဘေးရှောင် ၇၆၆ ဦးအနက် ဆေးဝါးပြတ်လပ်ပြီး နာတာရှည်ရောဂါများနှင့် သေဆုံးသူ ၄၄၄ ဦး (၅၈ ရာခိုင်နှုန်းခန့်) နှင့် အများဆုံးဖြစ်ပြီး ဖျားနာ၊ ချောင်းဆိုး ၊ အစာအိမ် ၊ ကိုယ်ဖောကိုယ်ရောင်ရောဂါများဖြင့် ၁၁၁ ဦးဖြင့် ဒုတိယအများဆုံးသေဆုံးခဲ့သည့်ဟု စာရင်းများအရသိရသည်။
မင်းတပ်မြို့နယ်အတွင်း စစ်အုပ်စုတပ်က ထောင်ဂဏန်းရှိသောအင်အားဖြင့် စစ်ကြောင်းထိုးလာရာ မင်းတပ်မြို့နှင့် ၁၀မိုင်အကွာတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး ယင်းစစ်ကြောင်းက ထင်ချောင်းကျေးရွာကို မေလ ၃၀ရက်နေ့တွင် မီးရှို့ခဲ့သည်ဟု စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲ့မှုကော်မတီက ဇွန်လ၂ရက်နေ့တွင် ထုတ်ပြန်ထားသည်။
လတ်တလောကောက်ခံရရှိထားသည့် စာရင်းများအရ စစ်ဘေးရှောင် ၁၇,၀၀၀ ခန့်ရှိပြီး ထပ်မံ တိုးလာနိုင်ကြောင်း စစ်ဘေးရှောင်စီမံခန့်ခွဲရေးတာဝန်ရှိသူက ဆိုသည်။
“တောတောင်ထဲ စစ်ဘေးရှောင်တဲ့သူတွေကို ဖမ်းဆီးသတ်ဖြတ်တယ်ဆိုတယ် သတင်းတက်လာနေပါတယ်၊ စစ်ကြောင်းနဲ့ နီးတဲ့စစ်ဘေးရှောင်တွေ ပိုလုံခြုံတဲ့နေရာတွေကို ရွှေ့ပြောင်းနေရတယ်၊ တိုက်ပွဲတွေပြင်းထန်လာတာနဲ့အမျှ လေကြောင်းတိုက်ခိုက်မှုတွေ တိုးလာနေပြီး စစ်ဘေးရှောင်အရေအတွက် ထပ်တိုးလာနိုင်ခြေရှိပါတယ်” ဟု ၎င်းက ဆိုသည်။
မိုးများသော တောင်ပေါ်ဒေသရှိ စစ်ဘေးရှောင်များအတွက် လတ်တလောအားဖြင့် အမိုးအကာ(မိုးကာစများ)၊ စားနပ်ရိက္ခာ ၊ ကလေးနှင့် သက်ကြီးများအတွက် အဟာရဖြည့်စွက်အစာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေသည်ဟု စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲ့မှုကော်မတီ တာဝန်ရှိသူကပြောသည်။
တကျော့ပြန်တိုက်ပွဲများဖြစ်ပွားနေသည့် မင်းတပ်မြို့နယ်သည် စစ်အုပ်စုတပ်၏ ဖြတ်လေးဖြတ် လုပ်ဆောင်မှုနှင့် ရင်ဆိုင်နေရ ပြီး စစ်ဘေးရှောင်များ မည်မျှတောင့်ခံနိုင်မည်ဆိုသည်မှာ ပေးအပ်လာသည့် အကူအညီများပေါ်တွင် အများကြီး မူတည်နေသဖြင့် မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှုကော်မတီထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
မင်းတပ်မြို့နယ်ကို ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်များက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၂၁ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယခု စစ်အုပ်စုတပ်က မကွေးတိုင်း ၊ကျောက်ထုမှ စစ်အင်အားများဖြည့်တင်းလျက် ထိုးစစ်ဆင်လာရာ တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။







