အာဏာသိမ်းစစ်တပ်သည် မင်းတပ်မြို့နယ်ကို ဖြတ်လေးဖြတ် ပြုလုပ်ပြီး ထိုးစစ်ဆင်လာသည့်အတွက် မင်းတပ်မြို့နှင့် ၁၀ မိုင်ခန့်အကွာမှာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ကို စစ်တပ်သည် အင်အားတစ်ထောင်ကျော်ဖြင့် ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း၊ မေလ ၃၀ ရက်ကလည်း မင်းတပ်မြို့နယ်၊ ထင်ချောင်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ယင်းကော်မတီက ဇွန်လ ၂ ရက်မှာ ထုတ်ပြန်သည်။
မေလ ၂၉ ရက်က ယောဒေသ၊ ကျောက်ထုမှတဆင့် မင်းတပ်မြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်လာသော စစ်တပ်နှင့် ချင်းပူးပေါင်း တပ်တို့သည် မေလ ၃၀ ရက်ကတည်းက စတင်၍ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒေသခံတချို့က ပြောသည်။
မင်းတပ်အပါအဝင် ချင်းတောင်ပိုင်းမြို့များသည် ဖြတ်လေးဖြတ်ကို ထပ်မံ ရင်ဆိုင်နေရပြီး လူသားချင်းစာနာမှု အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း၊ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေမှုမှာလည်း ရေရှည်ထပ်မံ စစ်ဘေးရှောင်ရမည့် အနေ အထားဖြစ်ကြောင်း ဒေသခံတချို့နှင့် မင်းတပ်စစ်ရှောင်ကော်မတီထံမှ သိရသည်။
“နှစ်ရှည်လများမှာ အကြိမ်ကြိမ်စစ်ဘေးရှောင်ခဲ့ကြရပြီး ယခုအကြိမ်လည်း အချိန်အတော်ကြာ ထပ်ရှောင်ရအုံးမည်၊ ယခုတစ်ကြိမ် ကျွန်တော်တို့ ဘယ်လောက်ထိ တောင့်ခံသွားနိုင်မလဲ ဆိုတာကိုတော့ အကူအညီတွေအပေါ်အများကြီး မူတည်နေပါသည်” ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှု ကော်မတီက ထုတ်ပြန်သည်။
လက်ရှိတွင် မင်းတပ်မြို့နယ်မှာ စစ်ဘေးရှောင်စာရင်းများကို ကောက်ယူနေဆဲဖြစ်ပြီး ခန့်မှန်းခြေ စစ်ဘေးရှောင် ၁၇,၀၀၀ ဝန်းကျင်ခန့် ရှိနိုင်ကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။
အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုး နေသည့် မင်းတပ်၊ ကန်ပက်လက်အပါအဝင် ချင်းတောင်ပိုင်းမြို့များကို နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် ပြုလုပ်နေပြီး အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု ရှိနေသကဲ့သို့ နေအိမ်များ၊ အဆောက်အဦများလည်း ပျက်စီးမှု များပြားသည်ဟု CPU/ CPA နှင့် ဒေသခံတချို့ထံမှ သိရသည်။
အာဏာသိမ်းပြီး ၂၀၂၁ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ မင်းတပ်မြို့နယ်အတွင်း အကြောင်း အမျိုးမျိုး ကြောင့် သေဆုံးခဲ့သော ပြည်သူများ၏ စာရင်းကို ရပ်ကွက်/ကျေးရွာ IDP ကော်မတီများတဆင့် ကောက်ယူပြုစုခဲ့ရာ သေဆုံးသူ ၇၆၆ ဦး တွေ့ရှိရသည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။
အဆိုပါစာရင်းအရ ဆေးဝါးပြတ်လတ်ခြင်းနှင့် နာတာရှည်ရောဂါတို့ကြောင့် ဒေသခံပြည်သူ အများဆုံး သေဆုံးရသည်ကို တွေ့ရှိရပြီး ဆေးဝါးပြတ်လတ်မှု၊ နာတာရှည်ရောဂါနှင့် လေဖြတ်မှုတို့ကြောင့် သေဆုံးသူ ၄၄၄ ဦးအထိ ရှိခဲ့သည်ဟု သိရသည်။
ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အစာအိမ်ရောဂါနှင့် ဖောရောင်ခြင်းတို့ကြောင့် သေဆုံးသူ ဒေသခံပြည်သူ ၁၁၁ ဦး ရှိခဲ့ပြီး ကျန် သေဆုံးမှုများမှာ အခြားရောဂါအမျိုးမျိုးနှင့် စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးနှင့် မိုင်းတို့ကြောင်း ဖြစ်သည်ဟု သိရသည်။
ဧပြီလ ၂၅ ရက်မှစတင်၍ ချင်း- ရခိုင်- မကွေး ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာကျသော လမ်းဆုံကျေးရွာဖြစ်သည့် ကံကြီးကျေးရွာတွင် စစ်တပ်က အထိုင်ချ တပ်စွဲပြီးနောက် ချင်းတောင်ပိုင်းနှင့် ရခိုင်သို့ ဖြတ်လေး ဖြတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်က ချင်းပြည်တောင်ပိုင်းကို ထိုးစစ်ဆင်တိုက်လာသည့်အတွက် နိုင်ငံတကာရောက် ချင်းပြည်သူများအနေဖြင့် ချင်းပြည်အရေးပေါ်ကာကွယ်ရေး ရန်ပုံငွေ ထည့်ဝင်ကြရန် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည် သူ့တပ်မတော် (CPU/ CPA) က မေလလယ်က တိုက်တွန်းထားသည်။
Photo- ယခင်ပုံအဟောင်း







