နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိ

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိ

သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။

မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် အမျိုးသမီးနှင့် ကလေးငယ် အပါအဝင် အရပ်သား (၆၀) ကျော် သေဆုံးခဲ့ပြီး (၁၀၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း လူမှုကူညီရေး ပရဟိတအသင်းများထံမှ သိရသည်။

ထိုပေါက်ကွဲမှုကို TNLA ဘက်မှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် သိုလှောင်ထားသော “ယမ်းပျော့”များ မတော်တဆ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို အသေးစိတ် စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု မြန်မာ၊ တရုတ် နှစ်ဘာသာဖြင့် နေ့တွင်းချင်း သတင်းထုတ်ပြန်ခဲ့သော်လည်း လူထုအကြား ဝေဖန်မှု မြင့်တက်ခဲ့သည်။

“ဒီပေါက်ကွဲမှုကြောင့် TNLA ဘက်က သေချာစစ်ဆေးပြီး အရေးယူမှုတွေ လုပ်သွားမယ်၊ နောက်ပြီး မတော်တဆဖြစ်လို့ ပေါက်ကွဲတယ်လို့ ရေးထားတာ။ ဥပဒေရှုထောင့်က ပြန်ကြည့်ရင် တကယ်ကော ဖြစ်နိုင်မလားပေါ့။ ပေါက်ကွဲနိုင်တဲ့ ပစ္စည်းတွေကို လူနေတဲ့ ရွာထဲမှာ လာထားလို့ ပထမအချက် သူတို့မှားတယ်။ ဒီဟာက မတော်တဆ ဖြစ်တာ မဟုတ်ဘူးဆိုတာကို ပြတာ၊ ပေါက်ကွဲတတ်တဲ့ ပစ္စည်းကို လူနေရပ်ကွက်ထဲ တမင် လာထားတာ” ဟု နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာပေါက်ကွဲမှုတွင် သေဆုံးသူ (၄၃) ဦးနှင့် ထိခိုက်ဒဏ်ရာရသူ (၁၁၂) ဦး ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ ဇွန်လ ၁ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သော်လည်း ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ စာရင်းအရ သေဆုံးသူ (၆၀) ကျော်နှင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူ (၆၀၀) ကျော်ရှိကြောင်း သိရသည်။

“ယမ်းသိုလှောင်ရုံမှာ အလုပ်လုပ်တဲ့လူထဲက သေဆုံးတဲ့ လူစာရင်းကို TNLA ဘက်က မထုတ်ပြန်ဘူး။ အဲ့ဒါကြောင့် အရေအတွက် အတိအကျကို ဘယ်သူမှ မသိဘူးဖြစ်နေတယ်။ ဆေးရုံမှာ ဆုံးတာနဲ့ Dead Body တွေ့ထားတာ ပေါင်းလိုက်ရင် ၅၀ ကျော်ရှိတယ်။ အဲ့စက်ရုံမှာ အလုပ်လုပ်တဲ့ လူကတော့ ခန္ဓာကိုယ် မတွေ့တော့ဘူး၊ အစအန ပျောက်သွားတာပေါ့”ဟု အခင်းဖြစ်နေရာတွင် ကူညီလုပ်ကိုင်နေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပေါက်ကွဲတတ်သည့် ယမ်းကဲ့သို့ ပစ္စည်းများ လူနေရပ်ကွက်အတွင်း သိုလှောင်ထားခြင်းကို TNLA ဘက်မှ ရပ်ကွက်နေ ပြည်သူများထံ အသိပေး အကြောင်းကြားခြင်း မရှိခဲ့သည့်အပြင် ပေါက်ကွဲမှု ဖြစ်ပွားစဉ်က ရုပ်သံများကို စစ်ဆေးကြည့်ရှုပါက ယမ်းအိတ်များပေါ်တွင် “ပေါက်ကွဲတတ်သည့် ပစ္စည်း”ဖြစ်ကြောင်း သတိပေးစာ ရေးသားထားခြင်းလည်း မရှိကြောင်း နမ့်ခမ်းဒေသခံများက ပြောဆိုသည်။

“ပေါက်ကွဲမှု ဖြစ်တာကို ပြန်ကြည့်ရင် လိမ္မော်ရောင် ပိုက်ချောင်းတွေ လွင့်ထွက်လာတာ ရှိတယ်။ အဲ့ပိုက်ချောင်းထဲမှာ ယမ်းတွေ ရှိတယ်၊ အဲ့ဒါကို ကြည့်ရင်လည်း လိုဂိုတံဆိပ်လို ပုံစံပဲ တွေ့ရတယ်။ အဲ့ပေါ်မှာ ပေါက်ကွဲတတ်တဲ့ လက်နက်ပစ္စည်းပါလို့ သတိပေးစာ ရေးထားသလား ဆိုတော့လည်း အဲ့လိုမရှိပြန်ဘူး။ နမ့်ခမ်းပြည်သူတွေက လူသေစေတတ်တဲ့ ပေါက်ကွဲပစ္စည်းတွေ ရပ်ကွက်ထဲ ရွာထဲ ရှိနေတယ်ဆိုတာကို မသိခဲ့ရဘူး” ဟု နမ့်ခမ်းဒေသခံ အဆိုပါ အမျိုးသားက ဆက်ပြောသည်။

ထို့အပြင် ပေါက်ကွဲတတ်သည့် ပစ္စည်းများကို ထိန်းသိမ်းရန် စံချိန်စံနှုန်းများ ရှိထားသော်လည်း နမ့်ခမ်းပေါက်ကွဲမှု ဖြစ်စဉ်မှာ လူနေရပ်ကွက်အတွင်း ယမ်းဂိုဒေါင် ရှိနေခြင်း၊ ပြင်းအား မည်မျှရှိကြောင်း ယမ်းအိတ်ပေါ်တွင် သတိပေးစာ မကပ်ထားခြင်း၊ ရပ်ရွာထဲတွင် သတိပေးဆိုင်းဘုတ် မရှိခြင်းတို့ကြောင့် ဥပဒေရှုထောင့်အရ လူသေဆုံးမှု ဖြစ်စေရန် တမင်ရည်ရွယ်သည့် လုပ်ရပ် ဖြစ်နေကြောင်း ဥပဒေကျွမ်းကျင်သူတစ်ဦးက သုံးသပ်သည်။

“ပေါက်ကွဲမှုဖြစ်တဲ့ အချိန်ကိုပဲ ကြည့်ပြီး မတော်တဆပါလို့ ပြောလို့ မရဘူး။ အဲ့ယမ်းတွေကို စသယ်လာကတည်းက ဂိုဒေါင်ထဲမှာ လာသိမ်းတာ၊ ထုပ်ပိုးထားတဲ့ အိတ်တွေ ပုံးတွေပေါ်မှာ ပေါက်ကွဲတတ်တယ်လို့ သတိပေးစာ မကပ်ထားတာ၊ ပေါက်ကွဲတတ်တဲ့ ဘယ်ပစ္စည်းမဆို တနေ့ကျရင် ပေါက်ကွဲနိုင်တယ် ဆိုတာကို သိရက်သားနဲ့ လူနေရပ်ကွက်ထဲ ယမ်းဂိုဒေါင် လာဆောက်တာတွေက တမင်ရည်ရွယ်တဲ့ လူသတ်မှုမြောက်တယ်။ မတော်တဆ ဖြစ်လာတာ မဟုတ်ဘူး ဆိုတာကို ပြောချင်တာ”ဟု သျှမ်းပြည်မြောက်ပိုင်းမှ အဆိုပါ ဥပဒေကျွမ်းကျင်သူက ပြောဆိုသည်။

နမ့်ခမ်းမြို့နှင့် ၂ မိုင်ခန့်သာ ကွာဝေးသည့် ကောင်းတပ်ရွာရှိ ယမ်းသိုလှောင်ရုံတွင် တရုတ်နိုင်ငံသား ပညာရှင်များလည်း လာရောက်လုပ်ကိုင်ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိဘဲ တရုတ်နိုင်ငံသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသာ တရုတ်ဘက်မှ ထုတ်ပြန်သည်။

အခြားတစ်ဖက်တွင် နမ့်ခမ်း ပေါက်ကွဲမှုအတွင်း ကယ်ဆယ်ရေးလုပ်ငန်းထဲ ရရှိခဲ့သည့် ရုပ်အလောင်းများထဲ တရုတ်နိုင်ငံသား အမျိုးသား ရုပ်အလောင်း (၃) လောင်း ပါဝင်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကို ကိုးကား၍ ဘီဘီစီ မြန်မာပိုင်းသတင်းတွင် ဇွန်လ ၁ ရက်နေ့က ဖော်ပြသည်။

TNLA ထိန်းချုပ် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး တရုတ်အစိုးရအနေဖြင့် အနီးကပ် စောင့်ကြည့်ကာ မတော်တဆမှု စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်များနှင့် နောက်ဆက်တွဲ ကိစ္စရပ်များ ကိုင်တွယ်ဖြေရှင်းရာတွင် လိုအပ်သည့် အကူအညီများ ပေးအပ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ လင်ကျန်းက ဇွန်လ ၂ ရက်တွင် ပြောကြားခဲ့သည်။

“ဒါတွေကို ကျော်ပြီး ကြည့်ရမှာက ပေါက်ကွဲအားပြင်းတဲ့ ယမ်းတွေ ဘယ်က လာသလဲ။ မျက်မြင်သက်သေတွေနဲ့ သတင်းအရ ပြောရရင် တရုတ်ဘက်က လာတဲ့ ယမ်းတွေလို့ ပြောထားတယ်။ တရုတ်က ကမ္ဘာ့အင်အားကြီး နိုင်ငံအနေနဲ့ သျှမ်းပြည်ထဲက လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုကို ယမ်းတွေ ရောင်းပေးတယ်ဆိုတာက လက်နက်ခဲယမ်းတွေကို ကုန်သွယ်မှုအရကော ဥပဒေအရကော ဘာတစ်ခုမှ လွှမ်းခြုံမှု မရှိဘူးလား” ဟု အဆိုပါ ဥပဒေကျွမ်းကျင်သူက မေးခွန်းထုတ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သတ်မှတ်ထားသည့် UN Arms Embargo လက်နက်ပိတ်ပင်ခြင်း ကန့်သတ်ချက်ထဲ၌ ပုဒ်မ ၃၉ သို့မဟုတ် ၂၅ တွင် ပေါက်ကွဲတတ်သည့် လက်နက်ပစ္စည်း ရောင်းဝယ်မှုနှင့် ပတ်သက်၍ ကန့်သတ်ထားပြီး ယမ်းကဲ့သို့ ပေါက်ကွဲတတ်သည့် ပစ္စည်းများလည်း ကန့်သတ်စာရင်းထဲ ပါဝင်ကြောင်း ၎င်းက ရှင်းပြသည်။

အလားတူ ကုလသမဂ္ဂ၏ လက်နက်ရောင်းဝယ်မှုဆိုင်ရာ စာချုပ် (Armed Trade Treaty – ATT) တွင်လည်း စစ်လက်နက်ပစ္စည်း ရောင်းဝယ်ရာတွင် လိုက်နာရမည့် သတ်မှတ်ချက်များ ရှိထားပြီး တရုတ်နိုင်ငံလည်း အဆိုပါစာချုပ်ကို လက်ခံထားခြင်းကြောင့် ရောင်းလိုက်သည့် ပေါက်ကွဲပစ္စည်းများ မည်သို့ သိုလှောင်ထားမည် ဆိုသည်ကို စစ်ဆေးရန် တာဝန်ရှိကြောင်း ထောက်ပြသည်။

“အခုလို ပေါက်ကွဲမှု ဖြစ်လာတာက တရုတ်အနေနဲ့လည်း တာဝန်ရှိတယ်။ ပေါက်ကွဲတတ်တဲ့ပစ္စည်း လူသေစေနိုင်တဲ့ လက်နက်ပစ္စည်းတွေကို ရောင်းလိုက်တာက မရောင်းခင်ကတည်းက သေချာစစ်ဆေးရမယ်၊ ရောင်းပြီးရင်လည်း နောက်ကြောင်းပြန်လိုက်နေရမယ်။ အခုဖြစ်သွားတာက လူနေရပ်ကွက်ထဲ ပြီးတော့ ပြည်သူကလည်း မသိရဘူး၊ ယမ်းအိတ်မှာလည်း ပေါက်ကွဲတတ်တယ်ဆိုတာ သတိမပေးထားဘူးဆိုတော့ တရုတ်လည်း တာဝန်ယူရမယ်၊ အမှားတစ်ခုကို အတူကျူးလွန်မိတယ်လို့ ပြောချင်တယ်” ဟု ဥပဒေကျွမ်းကျင်သူတစ်ဦးက ဆက်ပြောသည်။

ယမ်းပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၏ ကျန်ရစ်မိသားစုများကို TNLA မှ လူသားချင်း စာနာထောက်ထားမှု အကူအညီအဖြစ် ကွယ်လွန်သူတစ်ဦးလျှင် ငွေကျပ်သိန်း (၁၀၀)နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ဇွန်လ (၆) ရက်တွင် ကွယ်လွန်သူများကို ရည်စူး၍ ရက်လည်ဆွမ်းသွပ် တရားနာ ပြုလုပ်ခဲ့ရာ TNLA ခေါင်းဆောင်များကိုယ်တိုင် တက်ရောက်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူများနှင့် ထိခိုက်နစ်နာခဲ့ရသည့် မိသားစုများအပေါ် ထပ်တူဝမ်းနည်းကြောင်း၊ ပြည်သူများ၏ လူမှုဘဝ ပုံမှန်ပြန်လည်ပတ်နိုင်ရန် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးမည်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

လက်ရှိတွင် ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ (၇၀) ကျော်မှာ နမ့်ခမ်းနှင့် မူဆယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်ပြီး ပျက်စီးသွားသော အိုးအိမ်များ ပြန်လည်တည်ဆောက်ရေးအတွက် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

June 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တန်စန်းကျေးရွာ အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့်...
June 9, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့်...
June 8, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA...
June 6, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း...