ဗန်းမော်တစ်ဖက်ကမ်းက ရွှေတူးဖော်နေတဲ့ နေရာကို စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်ခဲ့ပြီး ၃၀ နီးပါး ဒဏ်ရာရ၊ ၁ ဦးသေဆုံး

ဗန်းမော်တစ်ဖက်ကမ်းက ရွှေတူးဖော်နေတဲ့ နေရာကို စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်ခဲ့ပြီး ၃၀ နီးပါး ဒဏ်ရာရ၊ ၁ ဦးသေဆုံး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ ရွှေတူးဖော်တဲ့နေရာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၃၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိပြီးတော့ သေဆုံးသူရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့လောက်က စစ်ကော်မရှင်တပ်ဟာ ဂျက်ဖိုက်တာ နှစ်စင်းနဲ့ သွားရောက် တိုက်ခိုက်ခဲ့ပြီး အထက်ပါ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့နေရာမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့တွေ တပ်တည်ထားတာ မရှိဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“နေ့လယ် ၁၁ နာရီ ဝန်းကျင်လောက်မှာ ဂျက်ဖိုက်တာ နှစ်စီးနဲ့ လာပြီးမှ ဗုံးလာကြဲတာပေါ့နော်။ ဗုံးကတော့ ဘယ်နှစ်လုံးလည်း မသိဘူး။ အဲဒီနေရာမှာတော့ KIA ပူးပေါင်းတပ်တွေကတော့ တပ်တည်တဲ့ နေရာလည်းမဟုတ်ဘူး။ သူတို့က အဓိက ကတော့ ရွှေတူးဖော်တာကို ပစ်တဲ့သဘောမျိုး ရှိပါတယ်"လို့ ပြောပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူလူထု ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၁ ဦးသေဆုံးတယ်လို့ ကြားသိရတဲ့အကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ထပ်မံပြောပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာ တွေ့ရှိချက်အရတော့ အရပ်သားနဲ့ ရွှေလုပ်သား အယောက် ၃၀ ဝန်းကျင် ဒဏ်ရာရရှိပြီး ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း ရွှေကူမြို့နယ်က KIA ထိန်းချုပ်ရာနယ်မြေဘက် စစ်ကော်မရှင်တပ်ဟာ လေယာဉ်ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်သင်တန်း‌တက်ရောက်နေသူ ၁၇ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပြင် စက်တင်ဘာလ ၂၂ ရက်နေ့၊ နေ့လယ် ၂ နာရီကျော်အချိန်မှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားတဲ့ ဆော့လော်မြို့နယ်၊ လန်ဆယ် (Lang Se) ရွှေမှော်ဒေသဘက် လေယာဉ်နဲ့ ၂ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီးတော့ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆံဒုံးမြို့အတွင်း စက်တင်ဘာလ ၂၉ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားတာ မရှိဘဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၁၁ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရှိခဲ့တာပါ။

June 13, 2026
တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တိမ်ခိုးတွေနဲ့ရစ်ပတ်နေတဲ့ ယူနန်တောင်တန်းကြီးတွေကြားမှာ...
June 12, 2026
စစ်အုပ်စုရဲ့ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မသင်တန်းပို့ခံရတဲ့ သူအရေအတွက်ဟာ ကချင်ပြည်နယ်မှာ ၄၆၉ ယောက်...
June 11, 2026
မြန်မာမှာ ကက်သလစ် သာသနာပိုင်နယ်မြေ ၁၇ ခု ရှိတဲ့အနက် နယ်မြေ ၅ ခုက ဘုန်းတော်ကြီးတွေဟာ...
June 10, 2026
ဇွန် ၉ ရက်ဟာ ကချင်ဒေသမှာ တစ်ကျော့ပြန်စစ်ပွဲဖြစ်ခဲ့တာ ၁၅ နှစ်တိတိပြည့်တဲ့နေ့ပါ။...