ရသေ့တောင် မိုးစဲကျွန်းက စစ်ဘေးရှောင်များ အရေပြားရောဂါခံစားနေရ

ရသေ့တောင် မိုးစဲကျွန်းက စစ်ဘေးရှောင်များ အရေပြားရောဂါခံစားနေရ

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀ ကျော်မှာ အရေပြားရောဂါဖြစ်ပွားနေကြောင်း စစ်ဘေးရှောင်များနှင့် လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။ 

အရေပြားယားနာ ရောဂါသည် ယခင်ကတည်းကဖြစ်ခဲ့သော်လည်း ပျောက်ကင်းသွားပြီးနောက် ယခု နိုဝင်ဘာလ လမှစတင်၍ သိသိသာသာ ဖြစ်ပွားလာခြင်း ဖြစ်ကြောင်းသိရသည်။

“ယားနာတွေ အများကြီးဖြစ်နေကြတာ။ ကလေး၊ လူကြီး၊ အကုန်လုံးနီးပါး တစ်ယောက်မကျန် ဖြစ်နေကြတယ်။ စစ်ဘေးစရှောင်တဲ့ အချိန်ကနေ အခုချိန်ထိ ပြန်ကောင်းလိုက်၊ ပြန်ဖြစ်လိုက်ဖြစ်နေတာ၊ ရေမသန့်ရှင်းလို့လား ဘာကြောင့်လဲဆိုတာ နေထိုင်မှုပုံစံတွေကြောင့်လားဆိုတာကို မသိတော့ဘူး” ဟု မိုးစဲကျွန်းက စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။ 

လက်ရှိတွင် ငွေကြေးမတတ်နိုင်သည့် စစ်ဘေးရှောင်များမှာ တိုင်းရင်းဆေးများကို မှီခိုပြီး ကုသနေရကြောင်း သိရသည်။ ယင်းကြောင့် ဆေးဝါးကုသရန် အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များက ပြောဆိုကြသည်။

ယမန်နှစ်ကလည်း ယခုအချိန်တွင် အရေပြားရောဂါဖြစ်ပွားလာခဲ့ပြီး ပြန်လည်သက်သာမှုရှိခဲ့သော်လည်း ယခုတဖန် ပြန်လည်ပြင်းထန်လာခြင်းဖြစ်ဖြစ်ကြောင်း စစ်ဘေးရှောင်များက ပြောသည်။

“စစ်ဘေးရှောင်တွေက စုပုံပြီးနေတာ မဟုတ်ပေမဲ့ တစ်နေရာစီမှာ အနည်းဆုံး အိမ်ထောင်စု ၇၀၊ ၈၀ အဲဒီလိုခွဲပြီး နေကြတာကြောင့် ရောဂါကူးစက်မှုတွေက လျင်မြန်စွာကူးစက်တာတွေနဲ့ လည်းဆိုင်မယ်။ ရေတွေကလည်း မသန့်ရှင်းတဲ့ရေတွေ အနာပေါ်ထပ်ကျတော့ ပိုဆိုးလာတာဖြစ်မယ်။ ပြီးတော့ ဆေးဝါးတွေကလည်း လုံလောက်မှု မရှိတာတွေကြောင့် ဒီရောဂါ တဖန်ပြန်ပြီးဖြစ်လာကြတာ” ဟု ရသေ့တောင်မြို့နယ်အခြေစိုက် မဟာကရုဏာတော် ဖောင်ဒေးရှင်း ဦးဆောင်ဆရာတော်က ပြောသည်။

လက်ရှိ ရသေ့တောင်မြို့နယ် မိုးစဲကျွန်းတွင် စစ်ဘေးရှောင်ထောင်နှင့် ချီရှိနေပြီး စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး အန္တရာယ်အပြင်၊ စားဝတ်နေရေး၊ ငွေကြေးအကျပ်အတည်းများနှင့် ကြုံနေရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ရခိုင်ပြည်အနှံ့က စစ်ဘေးရှောင်များမှာ အရေပြားရောဂါများ ဖြစ်ပွားခဲ့ကြသည်။ 

ရခိုင်ဒေသတွင် တိုက်ပွဲပြင်းထန်နေသည်မှာ နှစ်နှစ်ကျော်ကြာမြင့်လာနေပြီး ရခိုင်က မြို့နယ် ၁၄ ခုနှင့် ပလက်ဝ မြို့နယ်ကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားသည်။ 

ထိုသို့ စစ်ရေးပဋိပက္ခဖြစ်စဉ်များနှင့် အတူ ဒေသခံ ၆ သိန်းခန့်မှာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ နေထိုင်ရေးစသည့် ကဏ္ဍအသီးသီး၌ အခက်အခဲစိန်ခေါ်မှုများဖြင့် ဖြတ်သန်းနေရသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...