ရွေးကောက်ပွဲနီးလာချိန် တနင်္သာရီမှာ စစ်ဘေးရှောင် ၉၀၀၀၀ ကျော်အထိ တိုးလာ

ရွေးကောက်ပွဲနီးလာချိန် တနင်္သာရီမှာ စစ်ဘေးရှောင် ၉၀၀၀၀ ကျော်အထိ တိုးလာ
Photo credit - CJ
Photo credit - CJ

ရွေးကောက်ပွဲနီးလာတာနဲ့အမျှ တနင်္သာရီတိုင်းမှာ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၉၃၀၀၀ ကျော်အထိ တိုးလာခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi အဖွဲ့ထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်ကော်မရှင်တပ်က ကျေးရွာတွေ စစ်ကြောင်းထိုး ဝင်ရောက်တာ၊ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ နေအိမ်မီးရှို့ဖျက်ဆီးမှုတွေအပြင် လေကြောင်း ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူတွေ ပိုများလာခဲ့တာပါ။

အထူးသဖြင့် တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ ထိုင်း-မြန်မာနယ်စပ် မောတောင်လမ်းတစ်လျှောက်ကို ပြန်လည်ရယူဖို့အတွက် စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေတာကြောင့် သိန်ခွန်းကျေးရွာအနီးတဝိုက်မှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ် လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ ထိုင်း-မြန်မာနယ်စပ် ထီးခီးဒေသထဲကို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲခဲ့သလို တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ လောင်းလုံး၊ ရေဖြူနဲ့ သရက်ချောင်းမြို့နယ်တို့မှာ နေရပ်စွန့်ခွာထွက်ပြေးရသူ အနည်ဆုံး ၄၅၃၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြိတ်ခရိုင်အတွင်းရှိ မြိတ်၊ ပုလော၊ တနင်္သာရီနဲ့ ကျွန်းစုမြို့နယ်တို့မှာလည်း နေရပ်စွန့်ခွာထွက်ပြေးရသူ ၄၈၀၀၀ ကျော်ရှိခဲ့ပြီး တနင်္သာရီမြို့နယ်တခုတည်းမှာပဲ ပြည်သူ ၂၅၀၀၀ နီးပါး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ FE5 Thanintharyi က ဆိုပါတယ်။

တစ်ဖက်မှာလည်း ပုလောစစ်ရှောင်စခန်းမှာ လာရောက်တိမ်းရှောင်သူ ၃၀၀၀ ဝန်းကျင်သာရှိခဲ့ပြီး ကျန်တဲ့သူတွေဟာ နီးစပ်ရာကျေးရွာတွေနဲ့ တောတောင်တွေမှာပဲ တိမ်းရှောင်နေရတာကြောင့် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ ပုလောစစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း တနင်္သာရီတိုင်းမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ နှစ်ဖက်တိုက်ပွဲတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ရှစ်သောင်းကျော်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

April 8, 2026
မွန်ပြည်နယ် ရေးမြို့နယ်ရှိ စစ်ကော်မရှင်တပ်ရဲ့ ကာကင်းစခန်း နှစ်ခုကို...
April 7, 2026
ပြန်လည်ဖွင့်လှစ်လိုက်တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းတစ်လျှောက်မှာ နေရာယူတပ်စွဲထားတဲ့...
ဓာတ်ပုံ-MOI
April 4, 2026
တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့အထိ ဖွဲ့စည်းထားတဲ့ လွှတ်တော် ရေးရာ...
ဓာတ်ပုံ - MOI
April 3, 2026
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါပြီး တိုက်ပွဲကြောင့် ၂ နှစ်ကျော် ပိတ်ထားခဲ့ရတဲ့...