မင်းလက်ပံ တိုက်ပွဲကြောင့် ဒေသခံများ ထိုင်းဘက်စစ်ရှောင်နေရ၊ လူရာချီ မြန်မာဘက်ခြမ်း၌ ပိတ်မိ

မင်းလက်ပံ တိုက်ပွဲကြောင့် ဒေသခံများ ထိုင်းဘက်စစ်ရှောင်နေရ၊ လူရာချီ မြန်မာဘက်ခြမ်း၌ ပိတ်မိ
Photo credit - Thai News
Photo credit - Thai News

မြဝတီမြို့တောင်ဘက်၊ လေးကေကော်အနီး မင်းလက်ပံကျေးရွာတွင် စစ်အုပ်စုနှင့် KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲကြောင့် မင်းလက်ပံအပါအဝင် အနီးအနားဒေသခံများသည် ထိုင်းဘက်သို့ စစ်ရှောင်နေရပြီး လူပေါင်းရာနှင့်ချီ၍လည်း မြန်မာဘက်တွင် ပိတ်မိကျန်နေကြကြောင်း စစ်ရှောင်များ၏ပြောပြချက်အရ သိရသည်။

နယ်စပ်သောင်ရင်းမြစ်အနီးရှိ မင်းလက်ပံသို့ နိုဝင်ဘာ ၂၁ ရက်နေ့မှစ၍ အင်အား ၃၀၀ ဖြင့် စစ်ကြောင်း ထိုးလာသော စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

ထို့ကြောင့် အနီးအနားရှိ အင်ကြင်းမြိုင်ကျေးရွာအပါအဝင် ဒေသခံများသည် ထိုင်းနိုင်ငံ၊ မဲ့ကိုကင်းကျေးရွာဘက်သို့ စစ်ရှောင်နေကြရသည်။ မင်းလက်ပံ၊ ရသေ့ဂူ၊ လေးကေကော်ဘက်မှ စစ်ဘေးရှောင် ၂၀၀ ရာထက်မနည်းသည်လည်း မြန်မာဘက်ခြမ်းတွင် ပိတ်မိကျန်နေပြီး သောင်ရင်းမြစ်ကမ်းနားတွင် တိမ်းရှောင်နေကြရသည်ဟု စစ်ရှောင်တစ်ဦးက ပြောသည်။

“မင်းလက်ပံဘက်က လူတွေတော်တော်များများလည်း ပိတ်ကျန်နေခဲ့သေးတယ်။ လောလောဆယ် ကမ်းနားမှာတဲထိုးနေကြတယ်။ လေယာဥ်တော့မလာပေမယ့် ရွှေညောင်ပင်ဘက်ကနေ စစ်တပ်က လက်နက်ကြီးနဲ့လှမ်းပစ်နေတာ ခုလေးတင်။ ကျနော်ကတော့ ဒီဘက်မဲ့ကိုကင်းရွာရောက်ပြီ။ ဒီမှာလည်း စစ်ရှောင်တွေအပြည့်ပဲ။” ဟု ၎င်းက ပြောသည်။

စစ်အုပ်စု ပစ်ခတ်လိုက်သည့် လက်နက်ကြီးမှာ မင်းလက်ပံရွာအတွင်းသာမက ယမန်နေ့(နိုဝင်ဘာ ၂၂)ရက်နေ့က မဲ့ကိုကင်းကျေးရွာအထိ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်(၅) လုံးထိခိုက် ပျက်စီးခဲ့သေးကြောင်း နယ်စပ်သတင်းအရင်းအမြစ်နှင့် ထိုင်းမီဒီယာများက ဖော်ပြသည်။

ယနေ့အထိ ဆက်လက်မတည်မငြိမ်ဖြစ်နေသည့် နယ်မြေအခြေအနေအကြား အသစ် စစ်ဘေးရှောင်များနှင့် မူလစစ်ဘေးရှောင်များအတွက် အခြေခံစားနပ်ရိက္ခာအကူအညီများ လိုအပ်လျက်ရှိသည်ဟု သိရသည်။

“စစ်ရှောင်အတွက်ဆို မဲ့ကိုကင်းရွာလူကြီးကတဆင့် ကမ်းနဖူးကနေပို့ပေးလို့ရတယ်။ စစ်ရှောင်တွေက အလုပ်လည်းမရှိ ထွက်ခွင့်လည်းမပေး၊ ငတ်တာတော့ငတ်နေတယ် ဘာမှကိုစားဖို့မရှိကြဘူး။ ကျမတို့လည်း ဒီအတိုင်းပဲ ကူညီထောက်ပံ့မယ့်သူလည်းမရှိ အလှူရှင်တွေခေါ်လာပေးကြပါဦး၊ ဒုက္ခတွေရောက်နေပြီ” ဟု မဲ့ကိုကင်းတွင် ရောက်နေသည့် စစ်ရှောင်အမျိုးသမီးက ပြောသည်။

ပြီးခဲ့သည့်စက်တင်ဘာလဆန်းပိုင်းက ကော့ကရိတ်-မြဝတီ အာရှလမ်းကိုထိုးဖောက်၍ လေးကေ ကော်ဒေသသို့ ထိုးစစ်ဆင်နေသော စစ်အုပ်စုနှင့် KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့၍ ဒေသခံများသည် တကျော့ပြန်စစ်ရှောင်နေကြရသည်။

ယမန်နေ့က စစ်အုပ်စုပူးပေါင်းတပ်နှင့် KNLA ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲတွင်မူ စစ်အုပ်စုအထိနာပြီး မင်းလက်ပံမှ ထီးမယ်ဝါးခီးသို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု တော်လှန်ရေးတပ်သတင်းအရင်းအမြစ်က ပြောသည်။ သို့သော် ရသေ့ဂူဘက်အပါအဝင် အင်ကြင်းမြိုင်နှင့်မင်းလက်ပံအကြားနေရာများတွင် တပ်စွဲထားဆဲဖြစ်ကြောင်း ဆိုသည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...