“လက်နက်ကိုင်နည်းနဲ့ တိုက်လာတာက များနေပြီး၊ ဒါပေမယ့် မအောင်မြင်ဘူး”

“လက်နက်ကိုင်နည်းနဲ့ တိုက်လာတာက များနေပြီး၊ ဒါပေမယ့် မအောင်မြင်ဘူး”

ကရင်အမျိုသားဒီမိုက ရက်တစ်ပါတီ ဥက္ကဌ မန်းအောင်ပြည်စိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

အာဏာသိမ်း စစ်အုပ်စုက ပြုလုပ်မည့် ရွေးကောက်ပွဲကို ဝင်ပြိုင်ရန် ပြင်ဆင်နေသည့် ကရင်ပြည်နယ်အတွင်း ပါတီနိုင်ငံရေး အတွေ့အကြုံ ကြွယ်ဝသည့် ကရင်အမျိုးသားပါတီ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးနေမှု၊ ပါတီ၏ နိုင်ငံရေး ခံယူချက် စသည်တို့နှင့် ပတ်သက်၍ ပါတီဥက္ကဌ မန်းအောက်ပြည်စိုးနှင့် ဆက်သွယ်မေးမြန်းထားသည် များကို ပြန်လည်ဖော်ပြ လိုက်ပါသည်။

မေး။ ။ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP) အနေနဲ့ မဲဆွဲ စည်းရုံးရေးတွေ စနေပြီးလား။ အခြေ အနေကို ကနဦး ပြောပြပေးပါ။

ဖြေ။ ။ စည်းရုံးရေးအခြေအနေက စည်းရုံးလှုံ့ဆော်ရေး ဆိုင်းဘုတ်တွေထောင်တယ်။ လက်ကမ်းစာစောင်၊ ပြက္ခဒိန် တွေဝေတယ်။ စည်းရုံးဟောပြောတာက နောက်လ ဒီဇင်ဘာလောက်စမှာပေါ့။ လျှောက်လွှာတွေ ဘာတွေ တင်ရသေးတယ်။ နေရာတွေ တင်ပြရသေးတယ်ဆိုတော့ စည်းရုံးဟောပြောတာ မလုပ်ရသေးဘူး။ အွန်လိုင်းပေါ်မှာလည်း ဝင်ရောက်ရွေးချယ်မယ့် ကိုယ်စားလှယ်တွေအကြောင်းကိုတော့ စပြီး တင်ပြီး။

KNDPက မဲဆန္ဒနယ်အနေနဲ့ သံတောင်နဲ့ ကြာအင်းဆိပ်ကြီးကမဝင်ဘူး အဲဒီနှစ်နယ်က ဘာကြောင့်မဝင်လည်း ဆိုတော့ လူလဲရှာလို့မရဘူး။ သံတောင်က အဆက်အသွယ်မရှိဘူး။ သံတောင်ကတော့ဟိုတုန်းက KPP ပြည်မ ပါတီနဲ့ဘဲ ဝင်တယ်။ ကြာအင်းဆိပ်ကြီးလည်းအလားတူဘဲ ဝင်ပြိုင်တဲ့လူ ခက်ခဲနေလို့ဘဲ။

မေး။ ။ ရွေးကောက်ပွဲကနေတစ်ဆင့် ဘယ်လို အပြောင်းအလဲ ဖြစ်သွားနိုင်မယ်လို့ မျှော်မှန်းထားလဲ။

ဖြေ။ ။ တို့တိုင်းရင်းသားတွေလိုချင်တာက တန်းတူညီမျှရေး၊ လွတ်လပ်ရေး ကိုယ်ပိုင်ဌာန်းခွင့်ပြုရေးနဲ့ ဒီမို ကရေစီအရေးတွေ ပေါ့။ ဒီအရေးတွေကို လုပ်ဖို့ကတော့ လက်နက်ကိုင်နည်းနဲ့ တိုက်လာတာက များနေပြီး။ ဒါပေမယ့် မအောင်မြင်ဘူး။ အခုဒီရွေးကောက်ပွဲဆိုရင်တော့ အပြည့်အဝ မရရှိတဲ့တိုင်အောင် သင့်တင့် လျောက်ပတဲ့ အနေအထားတစ်ခုတော့ရမယ်လို့ မျှော်မှန်းချက်နဲ့ ရွေးကောက်ပွဲဝင်လိုက်တာဘဲ။ ပါတီ ထောင်ပြီး ဆိုကတည်းက ရွေးကောက်ပွဲ မဝင်လို့မရဘူး။ ဝင်ရမှာဘဲ ဒါကြောင့် ရွေးကောက်ပွဲ ဝင်လိုက်ရခြင်း ဖြစ်ပါတယ်။

မေး။ ။ အခု အာဏာသိမ်းစစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲဆိုပြီး တချို့ ပြောဆိုနေတဲ့အပေါ်မှာ ဘယ်လိုပြောချင်လဲ။

ဖြေ။ ။ ရွေးကောက်ပွဲက စတောင်မစရသေးဘူး။ သူတို့က မဲကို မဲပေးစက်နဲ့ ပေးမယ်ဆိုတော့လာပြီး ပြတယ်၊ ပြပြီးတော့ တစ်ခါ မဲစာရင်းတွေကပ်တယ်။ အတုအယောင်ဆိုတာက လက်ရှိအချိန်ထိတော့ ဘယ်လိုမှပြောလို့ မရသေးဘူး။ တကယ်တမ်းကျင်းပပြီးလို့ အဖြေထွက်လာတဲ့အချိန်ကျရင်တော့ တစ်ခုခုမဟုတ်တာ ရှိရင်တော့လဲ ပြောစရာရှိတာပေါ့။

မေး။ ။ ရွေးကောက်ပွဲအတွက် ပြည်သူတွေစိတ်ပါဝင်စားမှု အခြေအနေကရော ဘယ်လိုရှိလဲ။

ဖြေ။ ။ ဒါက ရွေးကောက်ပွဲ ဥပဒေပေါ်မှာလဲမူတည်တယ်။ ရွေးကောက်ပွဲက ပေးချင်လဲရတယ်၊ မပေးချင်လဲ ရတယ်။ ဆိုတဲ့အခါကျတော့ အခုလို ဒုက္ခသုတ်ခတွေ ရောက်နေတဲ့အချိန်မှာ တချို့ကလဲ နားမထောင်ချင်ဘူး။ လုပ်ချင်လုပ် သူတို့နဲမဆိုင်ဘူး။ တချို့ကတော့ ပေးစရာရှိရင်တော့ ပေးရမယ်ဆိုပြီး အဲလိုတွေရှိတယ်။ တို့စိတ်ထင်က လူထုစိတ်ဝင်စားမှုက တစ်ဝက်စီလောက်ဘဲ ရှိမယ်။

မေး။ ။ ဒီရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲဆိုပြီး ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်ဖို့ ပြောဆို နေတဲ့အပေါ် ဘာပြောချင်လဲ။

ဖြေ။ ။ ပူးပေါင်းပါဝင်မှုမလုပ်ဖို့ကတော့ နှစ်ဖွဲ့ရဲ့အနေအထားကို တို့ကတော့ နားထောင်သုံးသပ်ကြည့်တာဘဲ။ ပူးပေါင်းရင် ဘာဖြစ်မယ်ညာဖြစ်မယ်ဆိုပြီး ပြောတာတွေရှိတယ်။ တို့ကတော့ ပါတီက ထောင်ထားပြီးသား ဆိုတော့ ရွေးကောက်ပွဲမဝင်ရင် အလိုအလျောက်ပျက်သွားမယ်ဆိုတာက တစ်ပိုင်း။ နောက်တစ်ခါ ဒီမိုကရေစီကို ရယူချင်တယ်ဆိုရင် ဒီရွေးကောက်ပွဲနည်းနဲ့ တိုက်တာက တစ်ထောင့်တစ်နေရာမှာ တစ်ခုခုများ နည်းနည်း အဖြေ ထွက်မလားပေါ့၊ မျှော်လင့်ချက်နဲ့ပေါ့ ဒါက ဝင်လိုက်တာဘဲ။

မေး။ ။ ဒီရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်နိုင်လား ဘယ်လိုထင်လဲ။

ဖြေ။ ။ အဲဒါက ကြိုလဲမပြောချင်ဘူး။ ပြောလို့လဲမရဘူး။ အခုအနေထားအထိကတော့ ကောင်းကောင်းမွန်မွန် စီမံထားတဲ့အတိုင်း သွားနေတယ်။ တကယ်တမ်းရွေးကောက်ပွဲ ပြီးတဲ့အခါကျရင်တော့ သင့်တင့်လျောက်ပတဲ့ အဖြေတစ်ခု ထွက်လာမယ်လို့ ပြောနိုင်တယ်။ လောလောဆယ် ရွေးကောက်ပွဲပြုလုပ်ဖို့ရှိတဲ့ ဖားအံမြို့နယ် မှာတော့ အိုခေတယ်။ ပြီးတော့ ကရင်ပြည်နယ်အတိုင်းအတာနဲ့ ရွေးကောက်ပွဲပြုလုပ်မယ့် နေရာတွေမှာက အိုခေတယ်။ ချမှတ်ထားတဲ့လမ်းစဉ်အတိုင်း သွားနေတယ်လို့ ပြောလို့ရတယ်။ တစ်ခြားတိုင်းဒေသတွေကတော့ လက်လှမ်းမမှီတော့ မသိဘူးပေါ့။

မေး။ ။ အခုပြုလုပ်မယ့် ရွေးကောက်ပွဲကနေတစ်ဆင့် ဘာတွေမျှော်လင့်ထားလဲ။

ဖြေ။ ။ ပြည်သူတွေအပေါ်မှာမူတည်တယ်။ ပြည်သူတွေ အားပေးထောက်ခံရင် ရွေးကောက်ပွဲ သင့်တင့် လျောက်ပတ် အနိုင်ရနိုင်တယ်။ တို့ကတော့ များများစားစား မမျှော်လင့်ပါဘူး။ ပါတီသေးဘဲ ဖြစ်တဲ့အခါကျ တော့ တတ်နိုင်သလောက်တော့ ကြိုးစားဝင်တယ်။ ကြိုးစားသလောက်ဘဲ ရမယ်အကျိုးအမြတ် ထွက်လာမယ် ဆိုလို့ရှိရင် ကျေနပ်ပါတယ်။ အဲလောက်ဘဲ မျှော်လင့်ပါတယ်။

မေး။ ။ ကရင်ပြည်နယ်မှာ အင်အားကြီး ကရင်ပါတီတစ်ခုဖြစ်ခဲ့တဲ့ ဖလုံစဝေါ်ပါတီကလဲ နေရာအစုံ ပြန်ပါလာ တယ်ဆိုတော့ KNDP အနေနဲ့ အင်အား နည်းသွားနိုင်သလား ဘယ်လိုမြင်လဲ။

ဖြေ။ ။ အဲဒါတွေကတော့ ပြောရင်ရှည်တယ်။ အရင်တုန်းက ကရင်ပါတီတစ်ပါတီဘဲ ဖြစ်ဖို့ ညှိနှိုင်း ကြိုးစား ဆောင်ရွက်ကြဖို့က ကြိုးစားလာခဲ့တယ်။ အရင်တုန်းက ကရင်ပါတီ ၆ ပါတီအထိ ရှိခဲ့တယ်။ အခုက ကရင်ပြည် နယ်မှာ ကရင်ပါတီ နှစ်ပါတီရှိတယ်။ ပြည်မက တစ်ပါတီဆိုတော့ သုံးပါတီဘဲကျန်တယ်။ ဒီနှစ်ပါတီကျန်တာ ကလဲ တစ်ပါတီဖြစ်ဖို့ ဒါမှမဟုတ် ညှိနှိုင်းဝင်ဖို့က ကြိုးစားခဲ့ပါတယ်။ ကြိုးစားပေမယ့်လည်း မအောင်မြင်ဘူး။ မအောင်မြင်တဲ့အကြောင်းကတော့ ပြောရင်ရှည်တော့ မပြောတော့ဘူး။

အခုအနေထားမျိုးမှာ ကရင်နှစ်ပါတီဝင်တဲ့အတွက် မဲက ကွဲသွားနိုင်တယ် ဆိုတာကလဲ သိတယ်။ သိပေမယ့် လည်း ဘယ်လိုမှ ညှိနှိုင်းပေါင်းစပ်လို့ ပြောဆိုလို့ မရတဲ့အပေါ်မှာ သူလဲဝင်ကိုယ်လဲဝင် သဘောမျိုးတော့ သွားတာပေါ့လေ။ ဘယ်သူ့ကိုမှ အပြစ်မပြောလိုပါဘူး။ ကရင်ပြည်နယ်မှာ တစ်ခြား ပါတီတွေလည်း ဝင်ပြိုင် တာဘဲ သူတို့လဲ မဲကွဲနိုင်တာဘဲ။ အဲဒီခံယူချက်နဲ့ဘဲ ရွေးကောက်ပွဲကို ဝင်လိုက်ခြင်းဖြစ်ပါတယ်။

မေး။ ။ ပါတီရုံးတွေက ဘယ်လောက်ဖွင့်ထားလဲ လွတ်လပ်လပ်လပ် ဖွင့်လို့ရဲလား။

ဖြေ။ ။ ပါတီရုံးတွေက မဖွင့်တာမဟုတ်ဘူး။ ဖွင့်တယ်။ ဒါပေမယ့် ထင်ထင်ပေါ်ပေါ် မလုပ်ဘူး။ လိုအပ်ရင် ဆိုင်းဘုတ်တင်တယ်။ မလိုရင်တော့ မတင်ဘူးပေါ့၊ ဒါကတော့ ရွေးကောက်ပွဲကော်မရှင်ကိုလည်း အသိပေး ထားတယ်။ ရုံးကတော့ မဲဆန္ဒနယ်တိုင်းမှာ ရှိတယ်။ မလိုအပ်ရင်တော့ ဆိုင်းဘုတ် မဖွင့်ဘူးပေါ့။ အရင်တုန်းကလို ထင်ထင် ပေါ်ပေါ် မပြထားဘူး။ လုံခြုံရေးကြောင့်လို့ ပြောလို့ရတယ်။

မေး။ ။ အရင်၂၀၂၀ရွေးကောက်ပွဲတုန်းက ကေအဲန်ယူက ကရင်ပါတီတွေကို မဲပေးဖို့ ကရင်ပြည်သူတွေကို တိုက်တွန်း ပြောဆိုတာရှိတယ်။ ဒါပေမယ့် လက်ရှိနိုင်ငံရေး အခြေအနေကြောင့် အခုချိန်မှာ စစ်အုပ်စုဦးဆောင် ကျင်းပတဲ့ ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်ခြင်းမပြုဖို့ ပူးပေါင်းပါဝင်တဲ့လူတွေကို အရေးယူမယ်ဆိုပြီး ပြောဆို ထားတဲ့အပေါ်မှာ ဘာပြောချင်ပါသလဲ။

ဖြေ။ ။ အရင်ရွေးကောက်ပွဲတုန်းက ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေက ကရင်ပါတီတွေကို ဝန်းရံပေးတာ အထိုက်အလျောက် မှန်ပါတယ်။ ဒီတစ်ခေါက်က ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ ကိုယ်တိုင်က သဘောထား ချင်းမတူညီကြတော့ဘူး။ ကေအဲန်ယူကတော့ ပြတ်ပြတ်သားသားဘဲ ရွေးကောက်ပွဲကို ဆန့်ကျင် တယ်။ မထောက်ခံဘူး။ ပါတီကိုလဲ အရေးယူမယ်ဘာမယ် အခြေအနေအထိ ပြောလာတယ် ပေါ့နော်။ ကျန်တဲ့ DKBA တို့ PC တို့ BGFတို့ ကတော့ ရွေးကောက်ပွဲကို မဆန့်ကျင်ဘူး။ ထောက်ခံတယ်။ အပိုင်းမျိုး ဖြစ်နေတယ်၊ ဆိုတဲ့အပေါ်မှာ ဘယ်လိုမှပြောလို့မတတ်ဘူး။

ကိုယ့်ခံယူချက် ကိုယ့်သဘောထားက တည်တံ့ဖို့လိုတယ်။ ကျနော်တို့ခံယူချက်က ပါတီဘာလို့ ထောင်လဲ၊ ပါတီ ထောင်တယ်ဆိုတာက ကိုယ့်တိုင်းရင်းသားတွေ လွှတ်တော်မှာ ပြောရေးဆိုခွင့်ရအောင် နေရာရဖို့ ဝန်ကြီးဖြစ်ဖို့ ထက် ပြောရေးဆိုခွင့်ရအောင် ဆိုတဲ့ဟာက အဓိကအရေးကြီးတယ်။ ဒီအပေါ်မှာထောက်ခံတယ်၊ မထောက်ခံဘူး ဆိုတာက တို့တွေကိုတော့ မထောက်ခံရင်နေပါစေ၊ အနှောင့်ယှက်တော့မပေးပါနဲ့ အဲလိုသဘောမျိုးတော့ ပြောထား ဆိုထားတယ်။

မေ။ ။ ရွေးကောက်ပွဲမှာ နေရာတစ်ခုရရင် ငြိမ်းချမ်းရေးအတွက် ဘယ်တွေလုပ်ဆောင်ပေးဖို့ သံဓိဌာါန်ချ ထားလဲ။

ဖြေ။ လွှတ်တော်မှာနေရာရာရမှ ကရင်ပြည်နယ်မှာဝန်ကြီးချုပ်နေရာရမှ ငြိမ်းချမ်းရေးဆောင်ရွက်ပေးမယ် မဟုတ်ဘူး။ တို့ကငြိမ်းချမ်းရေးကို လုပ်နေတာဘဲ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အစိုးရဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေး အထောက်အကူပြုဆွေးနွေးပွဲတွေ ကရင်အဖွဲ့အစည်း KUPC တို့ ပြုလုပ်တဲ့ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွေ၊ ဘုန်းတော်ကြီးတွေ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆုတောင်းပွဲတွေ တို့အမြဲတမ်းပါဝင်နေတယ်။

အခုတို့ရဲ့ကြွေးကြော်သံမှာလဲ “ပဋိပက္ခတွေချုပ်ငြိမ်းဖို့ တန်းတူညီမျှဖွံ့ဖြိုးဖို့ KNDPကိုမဲပေးပါ” ဆိုပြီး ထည့်ထား တာရှိတယ်။ ဆိုလိုတာက ငြိမ်းချမ်းရေး ရရှိစေချင်တာဘဲ။ ငြိမ်းချမ်းရေးရဖို့က လွှတ်တော်ထဲမှာ မဟုတ်ဘူး လွှတ်တော်ထဲ မရောက်ခင်ကတည်းက နည်းပေါင်းစုံ ကြိုးစားနေတယ်။ လွှတ်တော်ထဲ ရောက်ခဲ့ ရင်တော့ ငြိမ်းချမ်းရေးက ပိုပြီးထပ်ပြီး ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ထားတာဘဲ။

မေး။ ။ နောက်ဆုံး ဘာဖြည့်စွက် ပြောချင်ပါသလဲ။

ဖြေ။ ။ အခုပြောတာတွေက တကယ့်အမှန်ဘဲ ပါတီထောင်တာက ကိုယ့်တိုင်းရင်းသားတွေပြောရေး ဆိုခွင့် ရအောင် ပါတီထောင်တာဘဲ။ အာဏာလိုချင်လို့ ဆိုတာလည်း တစ်ပိုင်းတော့ပါတယ်။ ပြောရေးဆိုခွင့် ရအောင် ပေါ့။ ပါတီထောင်မှတော့ ရွေးကောက်ပွဲက ဝင်ရမှာဖြစ်တယ်။ ပါတီမထောင်ဘဲနဲ့ လက်နက်ကိုင်ပြီးတော့ ဒီမိုကရေစီအရေး တိုက်မလား။ အဲဒါကြတော့လဲ နဂိုကတည်းက အချိတ်အဆက် အဆက်အစပ် မရှိတဲ့ အခါကြတော့ တို့ကတော့ ဒီဘက်နည်းလမ်းနဲ့ကျင့်သုံးနေတယ်၊ နားလည်အောင် အဲဒါတစ်ခုကို ပြောချင်ပါတယ်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...