တိုက်ပွဲများကြောင့် ကျောက်ဖြူဒေသခံ ၂,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်

တိုက်ပွဲများကြောင့် ကျောက်ဖြူဒေသခံ ၂,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်
Photo credit - Triple-T
Photo credit - Triple-T

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား လတ်တလောတိုက်ပွဲ ပြင်းထန်လာမှုတို့ကြောင့် ကျေးရွာ ၁၇ ရွာမှ ဒေသခံ ၂,၀၈၄ ဦးမှာ အရေးပေါ် စစ်ဘေးတိမ်းရှောင်နေကြရကြောင်း စစ်ဘေးရှောင်အရေးကူညီပေးနေသည့် Triple -T အဖွဲ့မှ သိရသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ အစောပိုင်းမှ စ၍ သိုင်းချောင်း၊ ဂေါ်တူနှင့် ရေနံတောင်ကျေးရွာသို့ ထိုးဖောက်လာသဖြင့် အနီးအနားရှိ ချောင်းဖျား၊ ချောင်းဝ၊ ချောင်းမြောင်စသည့် ကျေးရွာပေါင်း ၁၇ ရွာမှ ဒေသခံများမှာ ဆင်ဘုတ်၊ စပါးထားနှင့် မင်းရပ်တိုက်နယ်ကျေးရွာဘက်သို့ စစ်ဘေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

Triple -T တည်ထောင်သူ ကိုဗစ်တာက "ပြောင်းရွှေ့လာရပြီဆိုရင် လက်ရှိ ရာသီဥတု အခြေအနေကြောင့်လည်း လယ်ကွင်းပြင်တွေမှာ ဒီတိုင်းအိပ်ဖို့လည်း မဖြစ်နိုင်တော့ အရေးပေါ် လိုအပ်ချက်တွေရှိတယ်။ သာသနိက အဆောက်အဦး၊ စာသင်ကျောင်းတို့ တခြားသော အဆောက်အအုံတွေထဲမှာ လူတွေကို စုပြုံထားဖို့ဆိုတာကလည်း လက်ရှိ ရခိုင်မှာ ဖြစ်နေတဲ့ အနေအထားအရ စစ်ရှောင်တွေ၊ သာမန်ပြည်သူတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲနေတော့ မဖြစ်နိုင်ဘူး" ဟု ပြောသည်။

လက်ရှိ စစ်ဘေးတိမ်းရှောင်လာကြသူများမှာ နေထိုင်ရေး၊ စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် ဆေးဝါး အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိနေကြောင်း Triple -T အဖွဲ့မှ သိရသည်။

ယင်းအပြင် စစ်ဘေးတိမ်းရှောင်လာသူများထဲတွင် မွေးကင်းစ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များလည်းပါဝင်သဖြင့် နို့မှုန့်၊ အနှီးစသည့် ကလေးအသုံးအဆောင်ပစ္စည်းများ၊ ဆေးဝါးနှင့် ဖြည့်စွက်အစား အစာများ လိုအပ်နေပြီး အမျိုးသမီးများအတွက်လည်း လစဉ်သုံးပစ္စည်းများ လိုအပ်ချက်ရှိနေကြောင်း သိရသည်။

"စစ်ရှောင်တွေထဲ နာမကျန်းတွေလည်း ပါတဲ့အတွက် ဆေးဝါးက ပိတ်ဆို့ခံထားရတော့ လိုအပ်ချက် ရှိနေတယ်။ နောက်တစ်ခုက ဆန်ကတော့ ရှိပြီ။ ချောင်းထဲ ဆင်းပြီး ငါးရှာဖားရှာလုပ်နိုင်ရင်တောင် ဒါတွေကို ချက်မယ့် ပြုတ်မယ့် အိုးတို့ မီးသွေး၊ ထင်းတို့လည်း လိုအပ်သလို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာကြရတော့ အခြေခံလိုအပ်ချက်တွေ တော်တော်များတယ်" ဟု ကိုဗစ်တာက ဆက်ပြောသည်။

စစ်ဘေးရှောင်များနှင့်ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုမရှိသည့်အပြင် ဒေသတွင်းလူမှုအဖွဲ့အစည်းများ အကူအညီမှာလည်း နည်းပါးသဖြင့် စစ်ဘေးရှောင်များမှာ အခက်အခဲ များစွာရင်ဆိုင်နေကြရသည်။

ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ကောင်စီ၏ ရေပြင် လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းစသည့် ဝေဟင်တိုက်ခိုက်မှုများ ပိုလုပ်လာသဖြင့် ဒေသခံများမှာ အသက်အန္တရာယ်လုံခြုံမှု ကင်းမဲ့နေကြရသည်။

ကျောက်ဖြူဒေသခံ အမျိုးသမီးတစ်ဦးက "တိုက်ပွဲဖြစ်တဲ့ နေရာတင်မကပဲ အရပ်သားနေတဲ့ နေရာတွေကို ဗုံးကြဲတယ်။ နေဗီနဲ့ မီတဲ့ နေရာတွေကိုပါ ပစ်ခတ်တာတွေလုပ်တော့ လူတွေ မနေရဲကြတော့ဘူး။ အေအေရှိတဲ့ နေရာရယ်လို့ မဟုတ်ဘူး။ အကုန်လုံးကို ရမ်းပြီး ပစ်နေတာ" ဟု ပြောသည်။

လက်ရှိ ကျောက်ဖြူမြို့နယ်တွင် ရေနံတောင်၊ မင်းပြင်နှင့် ချောင်းဖျားကျေးရွာအနီးတို့တွင် တိုက်ပွဲများ ရှိနေပြီး စစ်ကောင်စီက မြေပြင်အင်အားအလုံးအရင်းအပြင် လေကြောင်းပစ်ကူများကို အသုံးပြုကာ ထိုးဖောက်နေသည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ ဖေဖော်ဝါရီလကုန်ပိုင်းမှ စ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲများကြောင့် လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ ၂၃,၇၁၀ ဦးအထိ ရှိကြောင်း Triple -T အဖွဲ့၏ အချက်အလက်များအရ သိရသည်။

အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသ တစ်နေရာကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဉ်။
March 20, 2026
၂၀၂၄ ခုနှစ်အတွင်းမှ စတင်ကာ တိုက်ပွဲဖြစ်ပွားမှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည့်...
March 19, 2026
စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့၏ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့်...
March 18, 2026
တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီသည် အသေခံ ဒရုန်းများဖြင့်...
ကျောက်ပန္ဒူ- စေတီပြင် မေယုတောင်ကျော်လမ်းတစ်နေရာကို ၂၀၂၆၊ မတ်လအတွင်း တွေ့ရစဥ်။
March 17, 2026
မောင်တောမြို့နယ်တောင်ပိုင်းနှင့် ရသေ့တောင်မြို့နယ် မယူကမ်းဒေသတို့ကို ဆက်သွယ်ထားသည့် ကျောက်ပန္ဒူ...