စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ဒေသအပါအဝင် တနိုင်ငံလုံးအတိုင်းတာနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှု၊ ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင်ရှားပါးမှုတွေက တစ်နေ့ထက် တစ်နေ့ပိုဆိုးရွားလာပါတယ်။
ဒီပြသာနာရဲ့အကျိုးဆက်ကြောင့် ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမှုဆိုရင် ခိုးဆိုးလုယက်မှုတစ်ပတ် ၃ ကြိမ်ဝန်းကျင်ထိရှိနေပြီး အဓိက ရွှေဆွဲကြိုး၊ လက်ဝတ်ရတနာ ၊ ပိုက်ဆံအိတ်၊ ဆိုင်ကယ်စတဲ့အရာတွေဟာ နေခင်းအချိန်မှုပင်လျှင် အမြဲလိုလို လုယက်ခံနေရတာ ဖြစ်တယ်လို့ ပြည်သူတွေက ပြောပါတယ်။
ပြစ်မှူကျူးလွန်သူတွေက အားကောင်းမောင်းသန် အရွယ်ကောင်းတွေဖြစ်တဲ့ ဆယ်ကျော်သက် အရွယ်ကနေ ၃၀ ဝန်းကျင်အရွယ် လူငယ်တွေ အများဆုံးဖြစ်ပြီးတော့ အုပ်စုလိုက် ဓား၊ တုတ်၊ သေနတ်တွေ ကိုင်ဆောင်ပြီး လုယက်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် လုယက်ခံရတဲ့သူတွေအနေနဲ့လည်း ထိခိုက်ဒဏ်ရခဲ့တဲ့သူတွေရှိသလို တချို့ကတော့ အသက်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။
KNGကနေပြီးတော့ လက်လှမ်းမှီသလောက် လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ အရပ်သားပြည်သူတွေဆီက ကောက်ယူရရှိခဲ့တဲ့ အချက်အလက်တွေအရဆိုရင် မြစ်ကြီးနားမြို့မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ခိုးဆိုးလုယက်မှု ၈ ကြိမ်၊ဖေဖော်ဝါရီလ ၁၄ ကြိမ်၊ မတ်လ ၁၀ ကြိမ်နဲ့ ဧပြီလ ၁၂ ကြိမ်၊မေလ ၆ ၊ ဇွန် ၅ ကြိမ်၊ ဇူလှိုင်လ ၄ ကြိမ်နဲ့ ဩဂုတ်လမှာတော့ ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူနှစ်ဦးရှိခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေးအခြေအနေ ဆိုးယုတ်လာတာနဲ့အမျှ ခိုးဆိုးလုယက်မှုတွေ များပြားလာတဲ့ မြစ်ကြီးနားမြို့မှာ တန်ဖိုးကြီး ရွှေ၊ ငွေ၊ လက်ဝတ်ရတနာတွေဆင်မြန်းပြီးသွားလာတာက အသက်လုံခြုံရေးအတွက် တကယ်စိုးရိမ်ဖွယ် ဖြစ်နေပြီလား။ ဒီအကြောင်းအရာတွေနဲ့ ပက်သက်ပြီး မြစ်ကြီးနားဒေသခံ ပြည်သူတွေရဲ့အမြင်တွေကို KNG က မေးမြန်းထားပါတယ်။
မြစ်ကြီးနားဒေသခံ မိဘပြည်သူ အမျိုးသမီးတစ်ဦး
“အရမ်းစိုးရိမ်ရတယ်။ အရမ်းလည်းလုကြတယ်တဲ့။ ကျွန်မတို့တော့ (စိန်ရွှေရတနာ ဆွဲကြိုး)ဘာမှ မရှိလို့မကိုင်ပေမယ့် ကိုင်တဲ့သူတွေက အရမ်းလုခံရတယ်။ အဲလိုဓားပြတိုက်မှု၊ လုယက်မှု၊ ခိုးမှု အရမ်းဖြစ်နေတယ်။ အရမ်းလုံခြုံမှု မရှိဘူးလေ မြစ်ကြီးနားမြို့ကနိုင်ငံရေးမကောင်းလေလေ သူခိုးဓားပြ များလေလေ လုယက်မှုတွေ များလာတဲ့အတွက် သွားရလာရ ပိုခက်ခဲလာတယ်။ ကိုယ့်အသက်အတွက် သတိထားရမှာဆိုပေမယ့်လည်း တချို့ကတော့ မကြောက်မရွံ့ မြင်နေကြားနေရင်တောင်မှ(ဆွဲကြိုး၊ လက်ဝတ်ရတနာ)ကိုင်နေကြတယ်။
မြစ်ကြီးနားဒေသခံ လူငယ်အမျိုးသမီးတစ်ဦး
“ဆွဲကြိုးတွေဆွဲပြီးမှ အပြင်သွားမယ်ဆိုရင် ပထမဆုံး စဥ်းစားမိတာက ကိုယ့်ကိုဘယ်သူ ဆွဲကြိုးလာဖြုတ်မလဲပေါ့နော်။ ခုကဆိုင်ကယ်နဲ့ သွားတယ်ဆိုရင် ဆိုင်ကယ်တွေဆောင့်ကန်ပြီး လုတာတွေရှိတယ်။ ဆိုတော့ နောက်မှန်လည်း ခနန ကြည့်နေရတယ်။ ပြီးရင် ဘေးနားက ဘယ်သူကလာကပ်လိုက်နေလဲ အဲလိုမျိုးတွေတော့ စိုးရိမ်နေရတယ်။ ဖုန်းတွေဘာတွေဆိုရင်လည်း အတူတူပါဘဲ ပိုက်ဆံအိတ်ထဲမှာ ထည့်ထားပြီဆိုရင် ပိုက်ဆံအိတ်တွေ လုသွားတာမျိုးတွေ ရှိတဲ့အချိန်ကြတော့ အပြင်ထွက်တာနဲ့တော့ အကုန်လုံးကတော့ စိုးရိမ်ရတဲ့ အခြေအနေပါဘဲ ဒီအခြေအနေအရဆိုရင်တော့”
မြစ်ကြီးနားမြို့ခံ ကျောင်းဆရာမတစ်ဦး
“ကျွန်မတို့ ပလနဘက်ဆို ဆွဲကြိုးတွေ မဆွဲသွားရဲဘူး။ တပ်ကုန်းဘက်ဆိုရင်လည်း အရမ်းလုလို့။ မြို့ဘက် ကားနဲ့ဆိုရင်တော့ နည်းနည်း သက်သာတာပေါ့။ ဆွဲကြိုးကြီးရင် ကြီးသလို ရှုံးဆုံးရမှာက ပိုများတာပေါ့။ ကိုယ်မှာ ပိုက်ဆံအများကြီးပါလို့ရှိရင် စိုးရိမ်တာပေါ့။ နောက်ကနေ ကိုယ်က တစ်ယောက်တည်းဆိုရင် ဖမ်းထားပြီး လုတာမျိုးတွေ ၊ အခုက အိတ်လုတာတွေ ဆိုင်ကယ်လုတာတွေလည်း မကြာခန ဖြစ်နေတဲ့အတွက် ဆိုင်ကယ်အသစ် စီးရမှာကို စိတ်ပူတယ်။ စိုးရိမ်တာက လူပြတ်တဲ့နေရာတွေ ပိုဆိုးတာပေါ့။ မြို့ဘက်ဆိုရင်တော့ စိုးရိမ်ရပေမယ့် သိပ်တော့ မဟုတ်ဘူးပေါ့”။
မြစ်ကြီးနားမြို့ အိမ်ထောင်သည် အမျိုးသားတစ်ဦး
“ကျွန်တော့် အမြင်အရဆိုရင် လမ်းမှာ ဆိုင်ကယ်လုတာတွေ နောက်ကရိုက်တာတွေက အခု ဖေ့စဘုတ်ပေါ်မှာတောင် တစ်ပတ်ကို သုံးလေးကြိမ်လောက် ဖြစ်နေတာ။ ဒါကြောင့် ရွှေဆွဲကြိုးလိုဟာမျိုးကိုတော့ အခုအချိန်မှာ မကိုင်တာ ပိုကောင်းတယ်။ လိုင်းပေါ်တွေမှာ ဖတ်မိတာတွေအရတော့ ကိုယ့်မှာ ဘာမှမပါဘဲ သွားလာတာက ပိုကောင်းတာပေါ့ လွတ်လွတ်လပ်လပ်။ ဘယ်လိုပြောရမလဲ လူမိုက်လို့ပြောရမလား လုယက်ဓားပြတိုက်တဲ့ကလေးတွေက ပိုများလာတာပေါ့”
မြစ်ကြီးနားဒေသခံ လူငယ်အမျိုးသားတစ်ဦး
“အခုမြစ်ကြီးနား အခြေအနေက ဒီနောက်ပိုင်း ပိုဆိုးလာတယ်။ လူသတ်မှုတွေ လုယက်မှုတွေ ပိုဖြစ်လာတယ်။ အဲဒီ ရွှေငွေ၊ရတနာတွေ မဟုတ်ရင်တောင် ဆိုင်သွားလို့ လမ်းဘေးနားမှာ ဆိုင်ကယ်ထိုးတာရင်တောင် စိတ်ကမငြိမ်မသက်ဖြစ်တယ်။ ဘယ်လိုပြောရမလဲ မုန့်ဆိုင်ဘဲသွားရင်တောင် နောက်ဘက်ကို ပြန်လှည့်ကြည့်နေရတာမျိုး။ ပြီးတော့ အခုနောက်ပိုင်းက နေ့ခင်းကြောင်တောင်ဆိုရင်တောင် လူပြတ်တဲ့နေရာမျိုးကို ဘယ်သူမှ သိပ်မသွားရဲတော့ဘူး။ အရင်တုန်းကတော့ ၇နာရီ ၈နာရီနောက်ပိုင်းမှ လူစည်တာ ဆိုပေမယ့် အခုနောက်ပိုင်းကတော့ ၇နာရီ ၈နာရီလောက်ဆို မြစ်ကြီးနား လမ်းမတွေမှာတောင် လူဘယ်သူမှ မရှိကြတော့ဘူး။ ကျွန်တော်တို့ဆိုရင်လည်း အရင်တုန်းက တစ်ညလုံးလျှောက်လည်ပေမယ့်လည်း အခုက ဘယ်နေရာဘဲ ရောက်နေနေ ၈နာရီလောက်ဆို အိမ်ရောက်အောင် ပြန်လာရပြီ”







