ကျောက်ဖြူတိုက်ပွဲတွင် အထိနာနေသည့် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာ

ကျောက်ဖြူတိုက်ပွဲတွင် အထိနာနေသည့် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာ
Photo credit - MOI
Photo credit - MOI

တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းကို ပိုအသုံးပြုတိုက်ခိုက်လာခြင်းနှင့်အတူ အရပ်သားထိခိုက်သေဆုံးသူဦးရေမှာလည်း တိုးလာလျက်ရှိသည်။

ယမန်နေ့ နိုဝင်ဘာ ၁၇ ရက်တွင် စစ်ကောင်စီက တောင်ငူ၊ မင်းရပ်၊ သံချောင်းနှင့် အလယ်ရွာသစ်တို့ကို ညအချိန် လေကြောင်းတိုက်ခိုက်ခဲ့သည့်အပြင် ရေပြင်ကပါ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ အရပ်သား ၈ ဦး ထိခိုက်သေဆုံးခဲ့သည်။

ထိုဖြစ်စဉ်အတွင်း တောင်သူကျေးရွာမှ ဒေသခံ ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရကာ ၅ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

"မနေ့က နေ့လည်ဘက်မှာရော၊ ညဘက်မှာပါ လေကြောင်းတိုက်ခိုက်ခဲ့တယ်။ ညဘက်တိုက်ခိုက်ခဲ့တာမှာ အမျိုးသမီးနှစ်ယောက် သေတယ်လို့တော့ ကြားတယ်။ တခြားလည်း ဒဏ်ရာရသူတွေ ရှိတယ်လို့ သိရတယ်။ ဗုံးကတော့ တစ်ရက်တည်းနဲ့ကို လေး၊ ငါး၊ ခြောက်ခေါက် ကြဲသွားတာ" ဟု ကျောက်ဖြူဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းအပြင် ယမန်နေ့ နေ့လည် ၁၂ နာရီခွဲ အချိန်တွင် ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေရွာကို ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲချခဲ့ပြီး လိပ်တင်ကျေးရွာ စာသင်ကျောင်းကိုလည်း ပေါင် ၅၀၀ ဗုံး အပါအဝင် အသေခံရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း လူအထိအခိုက်မရှိသော်လည်း အနီးအနားတွင် မွေးမြူထားသော ဝက်နှစ်ကောင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာ လကုန်ပိုင်းက စ၍ လေယာဉ်နှင့် ဒရုန်းအသုံးပြု၍ တိုက်ပွဲနှင့် မသက်ဆိုင်သော ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှုများ သိသိသာသာ ပြုလုပ်လာနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်က ဇင်ချောင်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးဒဏ်ရာရရှိခဲ့ရပြီး ထိုကျေးရွာမှာ တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ၁၀ မိုင်ကျော်ဝေးသဖြင့် စစ်ကောင်စီ လုပ်ရပ်မှာ အရပ်သားများအား ရည်ရွယ်ချက်ချက်ရှိရှိ တိုက်ခိုက်မှုဟု ဒေသခံများက ပြောသည်။

"စစ်သင်္ဘောတွေနဲ့ မြေပြင်စခန်းတွေကနေ လက်နက်ကြီး ပစ်တယ်ဆိုတာက တောင်တွေ၊ ဘာတွေ ကွယ်နေရင် နည်းနည်းစိတ်ချရသေးတယ်။ လေယာဉ်တို့ ဒရုန်းတို့ဆိုတာက အပေါ်စီးကနေ ပစ်မှတ်ကို တည့်တည့်ကျနိုင်တာမျိုးဆိုတော့ ပိုအန္တရာယ်များတယ်။ လူတွေက အဲဒီလေကြောင်းကို ပိုကြောက်ကြတာ" ဟု ကျောက်ဖြူဒေသခံ လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

DMG က ပြုစုထားသေ စာရင်းအချက်အလက်များအရ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်မှ နိုဝင်ဘာ ၁၇ ရက်ထိ ကျောက်ဖြူမြို့နယ်က ကျေးရွာ ၁၀ ရွာထက်မနည်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး အရပ်သား ၂၀ ဦးထက်မနည်း သေဆုံးကာ ၃၈ ဦးထက်မနည်း ဒဏ်ရာရှိခဲ့သည်။

ကျောက်ဖြူတိုက်ပွဲ စတင်ခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်မှ နိုဝင်ဘာ ၁၇ ရက်ထိ စစ်ကောင်စီ လက်ချက်ကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၉၀ ခန့်ရှိပြီး ယင်းထဲ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့သူ ၅၀ ထက်မနည်းရှိသည်။

"ဒီကောင်တွေ (စစ်ကောင်စီ) က အရပ်သားတွေကိုပါ ရည်ရွယ်ချက်ရှိရှိနဲ့ အငြိုးအတေးတွေ ထားနေတာဆိုတော့ လူဦးရေများတဲ့ ရွာအကြီးကြီးတွေအနေနဲ့ သတိပိုထားသင့်တယ်။ ခုလိုအချိန်မျိုးမှာ ပွဲလမ်းသဘင်မျိုးတွေကိုလည်း မလုပ်လေ ကောင်းလေပဲ။ ဘာလုပ်လုပ် သတိရှိကြစေချင်တယ်" ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ကျောက်ဖြူမြို့နယ်တွင် ရေနံတောင်၊ မင်းပြင်နှင့် ချောင်းဖျားကျေးရွာအနီးတို့တွင် တိုက်ပွဲများ ရှိနေပြီး ယင်းကျေးရွာအနီးနေရာများကို နိုဝင်ဘာအစောပိုင်းက စ၍ စစ်ကောင်စီဘက်က ထိုးဖောက် ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက်လာမှုအပါအဝင် လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ်ကြောင့် လက်ရှိတွင် ချောင်းဖျား၊ ချောင်းဝ၊ ချောင်းမြောင် စသည့်ကျေးရွာများနှင့် ဆင်ဘုတ်၊ စပါးထား၊ မင်း ရပ်၊ ဇင်ချောင်းတိုက်နယ်တို့မှ ကျေးရွာပေါင်း ၂၀ ထက်မနည်းမှာ စစ်ဘေးတိမ်းရှောင်နေကြရသည်။

ကျောက်ဖြူတွင် စစ်ကောင်စီက အရပ်သားနေထိုင်ရာ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာနေ၍ ဒေသခံများအနေဖြင့် လေကြောင်းရန် ပိုမိုသတိထားကြရန် အာရက္ခတပ်တော်က အသိပေးထားသည်။

Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...
December 1, 2025
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀...