KIA သိမ်းပိုက်ထားတဲ့ ချီဖွေနဲ့ ပန်ဝါဒေသ ပြန်လည်ရရှိရေး ပူတာအိုဗျူဟာမှူးနဲ့ ဒုတိုင်းမှူးကိုယ်တိုင် စစ်ဆင်ရေးလုပ်နေဟုဆို

KIA သိမ်းပိုက်ထားတဲ့ ချီဖွေနဲ့ ပန်ဝါဒေသ ပြန်လည်ရရှိရေး ပူတာအိုဗျူဟာမှူးနဲ့ ဒုတိုင်းမှူးကိုယ်တိုင် စစ်ဆင်ရေးလုပ်နေဟုဆို

စစ်ကော်မရှင်၊ NDA-K နဲ့ ဦးတန်ဂူးတန်ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ KIA တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ချီဖွေ၊ ပန်ဝါ ဒေသကို ပြန်လည်ရရှိနိုင်ရေး နေ့စဉ် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ပူတာအိုဗျူဟာမှူးနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယတိုင်းမှူးတို့ကိုယ်တိုင် စစ်ဆင်ရေးလုပ်နေတယ်လို့ ကြားသိရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“စစ်ကြောင်းတွေကတော့ အမြဲတမ်းရှိနေတယ်။ ပူတာအိုဗျူဟာမှူးတွေ၊ မြစ်ကြီးနားက ဒုတိုင်းမှူးတွေအထိ သွားရောက်ပြီး စစ်ဆင်ရေးတွေ လုပ်နေတယ်လို့လည်း ကြားသိရတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

ဦးတန်ဂူးတန်ပြည်သူ့စစ်အဖွဲ့နဲ့အတူ စစ်ကော်မရှင်ပူးပေါင်းတပ်ဖွဲ့တွေဟာ ခေါင်းလန်ဖူးဘက်ကနေ လန်ဆယ်အထက်ဘက်ကို ထိုးစစ်ဆင်လာတာကြောင့် KIA ဘက်က ခုခံတိုက်မှုတွေ လုပ်နေပါတယ်။

အဲဒီလို ထိုးစစ်ဆင်တိုက်ခိုက်မှုမှာ ဒရုန်းတွေနဲ့ လက်နက်ကြီးတွေ ပစ်ခတ်မှုတွေရှိပြီး KIA တိုက်ခိုက် သိမ်းပိုက်စိုးမိုးထားတဲ့ နယ်မြေတွေကိုတော့ စစ်ကော်မရှင်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေအနေနဲ့ ပြန်လည် သိမ်းပိုက်နိုင်တာ မရှိသေးဘူးလို့လည်း သိရပါတယ်။

စစ်ကောင်မရှင်ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ တတိယအပတ်လောက်ကတည်းက အထက်ပါ နယ်မြေဒေသတွေကို ပြန်လည်ရရှိရေး မြေပြင်၊ ဝေဟင် ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။

ဒါ့အပြင် ဝိုင်းမော်မြို့၊ လမြန်ကျေးရွာဘက်မှာလည်း လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်မှုတွေရှိနေပြီး ဗန်းမော်နဲ့ ဖားကန့်မြို့နယ်ဘက်မှာလည်း နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

စစ်ကော်မရှင်ဟာ လာမယ့်ဒီဇင်ဘာလနဲ့ ဇန်နဝါရီလမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ နယ်မြေ စိုးမိုး ရရှိနိုင်ဖို့အတွက် နေ့စဉ်ဆိုသလို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

စစ်ကော်မရှင်လက်အောက်ခံ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ နယ်ခြားစောင့်တပ်၊ ကချင်အထူးဒေသ (၁) ရဲ့ ပန်ဝါ၊ ကန့်ပိုက်တီနဲ့ ဖီမော်ဒေသတွေအပါ ချီဖွေခရိုင်တစ်ခုလုံးကို KIA ကနေ မနှစ်က အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်း တိုက်ခိုက်သိမ်းပိုက်ထားတာပါ။

ကချင်အထူးဒေသ(၁) ဒေသဟာ မြေရှားသတ္တုလုပ်ငန်းတွေကို အဓိကလုပ်ကိုင်တဲ့ဒေသဖြစ်သလို လန်ဆယ်ဒေသဟာလည်း ရွှေတူးဖော်တဲ့ ဒေသလည်းဖြစ်ပါတယ်။

February 5, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေနဲ့...
February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...