ရွေးကောက်ပွဲဖြင့် ရခိုင်ပြည်ကို ပုံစံသစ်တစ်ခု ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း အကဲခတ်သူတို့ ရှုမြင်

ရွေးကောက်ပွဲဖြင့် ရခိုင်ပြည်ကို ပုံစံသစ်တစ်ခု ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း အကဲခတ်သူတို့ ရှုမြင်
Photo credit - Nyo Morn Khaing
Photo credit - Nyo Morn Khaing

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း (၁)ကို မြို့နယ် ၁၀၂ ခုမှာ ဦးစွာကျင်းပရန် စစ်ကောင်စီ ကြေညာထားပြီး ထိုအထဲ ရခိုင်ပြည်က စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ် ၃ ခုလည်း ပါဝင်ပါသည်။

စစ်ကောင်စီ ရွေးကောက်ပွဲကို ဦးဘရှိန်ဦးဆောင်သော ရခိုင်တိုင်းရင်းများပါတီ၊ ဒေါက်တာ အေးမောင် ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ၊ ဦးအေးကြိုင် ဦးဆောင်သည့် ရခိုင်ပြည်နယ် အမျိုးသားအင်အားစု ပါတီ၊ ဦးစိန်လှကျော် ဦးဆောင်သည့် ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် မြိုတိုင်းရင်းသားများ ဖွဲ့ဖြိုးရေးပါတီတို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရထားကြသည်။

ရွေးကောက်ပွဲကော်မရှင်(UEC) ထုတ်ချက်အရ ရခိုင်တွင် ပြည့်သူ့လွှတ်တော် မဲဆန္ဒနယ် ၁၇ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၃၄ နေရာ၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာ သတ်မှတ်ထားသည်။

သို့သော် AA ထံ ဆုံးရှုံးထားရသော ရခိုင်ကမြို့နယ် ၁၀ ခုမှာ ရွေးကောက်ပွဲကို မပြုလုပ်ဟု ကြေညာထားသဖြင့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် ၃ မြို့နယ်မှာသာ ရွေးကောက်ပွဲ အပိုင်း (၁) ကို ကျင်းပရန် စစ်ကောင်စီက စီစဉ်ထားခြင်းလည်းဖြစ်သည်။

"အကယ်၍ ရွေးကောက်ပွဲဖြစ်ခဲ့ရင်တောင် ရခိုင်ပြည်သစ်ဟာ ဘယ်လိုပုံစံမှပေါ်လာမှာ မဟုတ်ဘူး။ သမိုင်းမှာ အဆိုးရွားဆုံး လွှတ်တော်တစ်ခု ဖြစ်လာမယ်လို့ ပြောချင်တယ်။ တက်တဲ့သူတွေကလည်း လူသားတစ်ယောက်ရဲ့ ကျင့်ဝတ်သိက္ခာ ပိုင်းဆိုင်ရာ၊ ကိုယ်ကျင့်တရားတွေ ပျက်ပြယ်နေကြတာ။ ကိုယ့်ရာထူး၊ ကိုယ့်အခွင့်အရေးရရင် ပြီးရောဆိုတဲ့ မျက်နှာနဲ့ လုပ်နေကြတာ။ ဒါပေမဲ့ ပုံပေါ်လာမှာတော့ မဟုတ်ဘူး" ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ရှုမြင်သည်။

လက်ရှိ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်များမှာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများက စစ်ဘေးရှောင်များအား ဆန်ရိက္ခာပေးမှု၊ ရွေးကောက်ပွဲအကြောင်း ရှင်းပြမှုနှင့် အခြား မဲဆွယ်စည်းရုံးရေးများကို အပြိုင်အဆိုင်ပြုလုပ်နေကြသည်။

ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းက RNP ပါတီဥက္ကဋ္ဌ ဦးဘရှိန်က စစ်တွေမြို့ရှိ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြသော စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ထောက်ပံ့ကာ မဲဆွယ်လျက်ရှိသည်။

ယင်းအပြင် AFP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း ရခိုင်ပြည်သူများ ခံစားနေကြရသော ကုန်ဈေးနှုန်းဒဏ်၊ စားဝတ်နေရေးပြဿနာများကို ဖြေရှင်းပေးမည်ဟုဆိုကာ ကတိကဝတ်ပေးပြီး မဲဆွယ်နေသည်။

"မဲဆွယ်စည်းရုံးရေးလုပ်ဆောင်တာကတော့ ထင်ထင်ရှားရှား မတွေ့ရပေမဲ့ ရခိုင်ပြည်ထဲမှာ မြို့အများစုကို AA က သိမ်းထားတော့ ပါတီတွေကလည်း စစ်ကောင်စီ ထိန်းချုပ်ရာ မြို့တွေထဲကနေ ရသလောက် မဲဆွယ်ကြမှာပဲလေ။ ဒါပေမဲ့ ပြည်သူတွေအနေနဲ့ကတော့ အခုလို မငတ်ရုံတမယ်ဖြစ်နေတဲ့ ကာလ၊ အကျပ်အတည်းကာလမှာ ဝမ်းရေးလောက် ဘာမှအလေးမထားနိုင်ကြဘူး။ စိတ်မဝင်စားပါဘူး" ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အခြားတစ်ဘက်မှာ စစ်တွေ၊ ကျောက်ဖြူတွင် နှစ်ဘက်တိုက်ပွဲများဖြစ်ပွားနေသဖြင့် ရွေးကောက်ပွဲ ကာလမှာ တိုက်ပွဲများ ပြင်းထန်လာနိုင်မည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်နေကြသည်။

လက်ရှိ စစ်ကောင်စီသည် ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ စစ်တွေမြို့နယ်မှာ စစ်အင်အားဖြည့်တင်း၊ လုံခြုံရေးတိုးမြှင့်ချထားပြီး ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်ဖြူ၊ မင်းပြားစသည့် ရခိုင်က မြို့နယ်များကို လေကြောင်းတိုက်ခိုက်မှု အရှိန်မြင့်လုပ်ဆောင်လာနေသည်။

"စစ်ကောင်စီကတော့ ရခိုင်က ဆုံးရှုံးနယ်မြေတွေကို ပြန်ထိုးစစ်ဆင်ဖို့ အနေအထားတွေ့ရတယ်။ ဒီအတွက်လည်း သူ(စစ်ကောင်စီ)က နည်းမျိုးစုံနဲ့ ကြိုးပမ်းနေတယ်။ ရခိုင်အစပ်တိုင်းသုံးခုမှာ အင်အား အလွန်အကျွံသုံးပြီး ထိုးဖောက်နေတာတွေ၊ AA ထိန်းချုပ်နယ်မြေတွေကို လေကြောင်းတိုက်ခိုက်မှု ပိုလုပ်ပြီး ထိုးစစ်အကြို စစ်ရေးတိုက်ခိုက်မှုတွေလုပ်နေတယ်။ အေအေကလည်း ဒီထိန်းချုပ်ပြီးနယ် မြေတွေကို ပြန်ပေးဖို့ အစီအစဉ်မရှိတာကြောင့် နှစ်ဖက်တိုက်ပွဲက စစ်ရှိန်မြင့်လာနိုင်တယ်" ဟု ရခိုင်စစ်ရေး လေ့လာစောင့်ကြည့်သူတစ်ဦးက ရှုမြင်ထားသည်။

ယခုအခါ အာရက္ခတပ်တော်သည် ရခိုင်က မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျန်မြို့နယ် သုံးခုကိုလည်း သိမ်းပိုက်နိုင်ရေး ကြိုးပမ်းလျက်ရှိနေသည်။

ရခိုင်မြို့သိမ်းတိုက်ပွဲနှစ်နှစ်နီးပါးကာလအတွင်း ပြည်သူ ၆ သိန်းနီးပါးနေရပ်စွန့်ခွာနေကြပြီး အရပ်သား သေဆုံးသူ ထောင်နှင့်ချီရှိကာ နေအိမ်၊ အဆောက်အအုံအများအပြား ပျက်စီးသွားခဲ့ရသည်။

Most read this week

Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...
December 1, 2025
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀...