မြဝတီသောင်ရင်းမြစ်တစ်ကြောရှိ ကုန်သိုလှောင်ရုံနေရာအချို့ အယောင်ပြဖျက်ဆီးခံရ၊ ကုန်သွယ်ကမ်းကူး ပုံမှန်ရှိနေ

မြဝတီသောင်ရင်းမြစ်တစ်ကြောရှိ ကုန်သိုလှောင်ရုံနေရာအချို့ အယောင်ပြဖျက်ဆီးခံရ၊ ကုန်သွယ်ကမ်းကူး ပုံမှန်ရှိနေ

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်ရှိ သောင်ရင်းမြစ်ကြောတစ်လျှောက်မှ ကုန်သိုလှောင်ရုံနှင့် ဂိတ်နေရာအချို့ကို တရားမဝင်ကုန်ပစ္စည်း သိုလှောင်ဖြန့်ဖြူးနေသည်ဆိုကာ စစ်အုပ်စုက အယောင်ပြ ဖျက်ဆီးနေသော်လည်း ကုန်သွယ် ကမ်းကူးအလုပ်များမှာ ပုံမှန်ဆက်ရှိနေသည်ဟု နယ်စပ်နေ ကေအိုင်စီ သတင်းအရင်းအမြစ်များက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၉ ရက်နေ့)က ဖျက်ဆီးခဲ့သည့် မြဝတီ အမှတ်(၅)ရပ်ကွက်ရှိ ၃၅ ဂိတ်နေရာအပါအဝင် လက်နက်ကိုင်များ ငွေကြေးကောက်ခံပြီး တရားမဝင် ကုန်သိုလှောင်ဖြန့်ဖြူးနေသည့် ဂိုဒေါင်၊ လှေဂိတ်အစောင့် တဲနေရာနှင့် ကုန်တင် ကုန်ချ လျှောလမ်းများ စသည့်ဖြင့် စုစုပေါင်း ၂၉ နေရာအထိ ရှင်းလင်းပြီးဖြစ်ကြောင်း စစ်အုပ်စု ထိန်းချုပ်ထားသည့် မီဒီယာမှ ကြေညာထားခြင်း ဖြစ်သည်။

ဖျက်ဆီးခံရသည့် နေရာများတွင် ကရင်နယ်ခြားစောင့်တပ်-BGF၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA နှင့် ငြိမ်းချမ်းရေးကောင်စီ-PC တို့ ဖွင့်လှစ်ထားသည့် ဂိတ်များလည်းပါဝင်သည်။ သို့သော် စစ်အုပ်စုနှင့် နှစ်ဖက်နားလည်မှုယူကာ လုပ်ဆောင်ခြင်းဖြစ်သလို တချို့နေရာမှ ကုန်သွယ်၊ကမ်းကူး ပုံမှန်လုပ်၍ရနေသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဖျက်တာပြုတာက ဒီအလုံးဖျက်မယ်၊ ဟိုအလုံးဖျက်မယ်ဆိုပြီး ကြေညာပြီးလုပ်တာ။ သူတို့နှစ်ဖက်နား လည်မှု ယူပြီးလုပ်တာပဲ။ အဲ့နားမှာက BGF တို့ PC တို့ တရားမဝင်ဂိတ်တွေမနည်းမနောဘူး။ ဖျက်တဲ့အချိန်မှာ အထဲကပစ္စည်းတွေအားလုံးရွှေ့ပြီးသား၊ အခုလည်း ကုန်ရော၊ လူရော ကမ်းကူးလို့ရတယ်” ဟု ၎င်းက‌ ကေအိုင်စီသို့ ပြောသည်။

ထို့အတူ စစ်အုပ်စုမှ ယမန်နေ့က မြဝတီမြို့ ရှိ (၃၅) ဂိတ် သို့မဟုတ် အောင်ပါဝါဂိတ်ကိုသွားရောက်စစ်ဆေး၍ ဂိုဒေါင်တစ်လုံးကိုဖျက်ဆီးလိုက်ကြောင်း ပုံနှင့်တကွကြေညာထားသော်လည်း ပုံအတွင်း ဂိုဒေါင်ရှိပစ္စည်းများ မတွေ့ရပေ။

ယင်းကြောင့် စစ်အုပ်စု၏လုပ်ကွက်အပေါ် လူမှုကွန်ရက်မီဒီယာတွင် ဝေဖန်မှုများနေသလို ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းသူဌေးပိုင်ဆိုင်သည့် အဓိကနေရာများ ဖျက်ဆီးမခံရဘဲ ချန်လှပ်ထားသည့် လုပ်ရပ်ကိုလည်း လူထုကထောက်ပြပြောဆိုနေကြသည်။

“သူတို့(စစ်အုပ်စု)ကြေညာထားတဲ့ပုံတွေကိုကြည့်လေ သိသာနေတာပဲ။ အသုံးမလိုတဲ့နေရာတွေကိုဖျက်တယ် ဆိုတာထက် ဘာမှမရှိ အခွံကြီးသပ်သပ်ကျန်တဲ့နေရာတွေကိုဖျက်တာ။” ဟု နောက်ထပ် ကေအိုင်စီ သတင်းအရင်းအမြစ်က ပြောသည်။

တရားမဝင်ကုန်သွယ်ရေးလုပ်သည်ဟုဆိုကာ ဂိုဒေါင်နှင့်ဂိတ်နေရာများ ဖျက်ဆီးခံရသည့်အပေါ် BGF တာဝန်ရှိသူဘက်သို့ ကေအိုင်စီအနေဖြင့် စုံစမ်းမေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရရှိသေးပေ။

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းကစ၍ စစ်အုပ်စုက ၎င်းတို့နှင့်ဆက်ဆံရေးရှိသည့် ကရင်လက်နက်ကိုင်အဖွဲ့ပိုင် ကမ်းကူးနေရာများကို ပိတ်ခိုင်းထားခြင်းဖြစ်ပြီး မြဝတီကုန်သွယ်ရေးဇုန်ပြန်ဖွင့်ရန် အစီအစဥ်ရှိသောကြောင့် ဖြစ်ကြောင်း လက်နက်ကိုင်သတင်းအရင်းအမြစ်၏ပြောဆိုချက်အရ သိရှိထားသည်။

ထိုရက်ပိုင်းကတည်းက ကမ်းကူးဂိတ်များပိတ်ထားသော်လည်း ထိုင်းဘက်နှင့်ညှိနှိုင်းထားသည့် လက်နက်ကိုင် ဂိတ်တချို့တွင် ခိုးကူးခွင့်၍ရနေပြီး ဂိတ်ကူးခ ဘတ်ရာနှင့်ချီ ပေါက်ဈေးပေးရသည်ဟုလည်း ကိုယ်တိုင်ကမ်းကူးလာသူအချို့က ဆိုသည်။

အလားတူ စစ်အုပ်စုနှင့်ကရင်လက်နက်ကိုင်တချို့အစီအစဥ်ဖြင့် ဆိုက်ဘာရာဇဝတ်ခြံဝန်းအဖြစ် နာမည်ကြီးခဲ့ သည့် KK Park မှ အလုပ်သမားအားလုံးထွက်ခွာသွားပြီးနောက် ဝန်းအတွင်းရှိ အဆောက်အဦးများကို စစ်အုပ်စုက ဖြိုချဖျက်ဆီးမှုများ လုပ်ဆောင်နေသည်။ လက်ရှိအချိန်ထိ KK Park မှ အဆောက်အဦး ၁၀၁ လုံးအထိ ဖြိုချပြီးဖြစ်သည်ဟု စစ်တပ်ထိန်းချုပ်သည့် နိုင်ငံပိုင်မီဒီယာက ကြေညာထားသည်။

Photo credit - social media

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...