ထိုင်းနိုင်ငံရှိ ကုမ္မဏီများမှ ပြုလုပ်သော အလုပ်ခေါ်ယူမှုအစီအစဉ်အပေါ် ယခုအခါ ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းမှ မြန်မာဒုက္ခသည်များက စိတ်ဝင်စားမှု နည်းလာနေသည်ဟု စခန်းတာဝန်ရှိသူများထံမှ သိရသည်။
ထိုင်းနိုင်ငံရှိ ကုမ္ပဏီ ၁၀ ခုက လာမည့် နိုဝင်ဘာလ ၁၁ ရက်တွင် နယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည် များကို အလုပ်လုပ်ရန်အတွက် ထပ်မံခေါ်ယူရန် စီစဉ်နေသော်လည်း စိတ်ဝင်စားသူအရေအတွက် နည်းပါးလျက်ရှိသည်ဟု စခန်း ဥက္ကဌဖြစ်သူ စောဆန်းဒေးက ယခုလို ပြောသည်။
“လက်ရှိမှာတော့ လာရောက်စာရင်းပေးသွင်းတာမျိုး နည်းနေတယ်။ ဘာလို့ဆို ၁၁ ရက်နေ့ကျရင်တော့ ကုမ္ပဏီ (၁၀) ခုက လာရောက်ခေါ်ယူမှာဖြစ်တယ်။ စာရင်းလာပေးသူ ဘယ် လောက်ရှိမလဲတော့ မသိသေးဘူး။ ပြီးခဲ့တဲ့လတုန်းက ကုမ္ပဏီ (၇)ခု (၈)ခုက လက်ရောက်ခေါ်ယူတုန်းကလည်း ကုမ္ပဏီက လူဦးရေ (၅၀)လောက်လိုချင်တာ (၂၅)ယောက်လောက်ပဲရတယ်။ တချို့ကျတော့ လူဦးရေ (၈၀) လောက်လိုချင်တာ (၃၀)လောက်ပဲ ရတယ်။ ဒါကြောင့် အတော်စိတ်မကောင်းဖြစ်ရတယ်။”ဟု ၎င်းက ပြောသည်။
ယခု ထပ်မံလာရောက်ခေါ်ယူမည့် ကုမ္မဏီ ၁၀ ခု၏ အလုပ်အကိုင်အမျိုးအစားများမှာ စက်သုံးဆီဆိုင်၊ စျေးဆိုင်၊ ကြက်မွေးမြူရေးလုပ်ငန်း၊ အုတ်ဖုတ်လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ပါဝင်နေသည်ဟု သိရသည်။
ယခုလဆန်းပိုင်းက (လားမယိုင်း) ဥယျာဉ်ခြံ၌ သွားရောက်အလုပ်လုပ်ခဲ့သည့် မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည် အချို့က ၎င်းတို့ကြုံတွေ့ရသည့် အခက်အခဲများကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေခဲ့ပြီးနောက် စခန်းရှိ ဒုက္ခ သည်များ အပြင်ထွက်အလုပ်လုပ်ရန် စိတ်အားထက်သန်မှုနည်းလာခြင်းဖြစ်သည်ဟု ဆိုသည်။
ဒုက္ခသည်တစ်ဦးက “လားမယိုင်းခြံမှာက တစ်ရက်မှ ဘတ်၃၀ ဆိုတော့ ကိုယ်စားဖို့တောင် မလောက်ဘူး။ လစာနည်းတာကြောင့် စိတ်ဓာတ်ကျတဲ့သူများတယ်။ ဒါကြောင့် လစာနှုန်းထားကို သေချာမေးပြီးမှ သွားဖို့ လိုတယ်။ ဆိုရှယ်မီဒီယာပေါ်က မှန်မှန်မဟုတ်တာလည်း ရှိပေမဲ့ စိတ်ဓာတ်ကျသူတွေ ရှိလာတယ်” လို့ ပြောပါတယ်။”ဟု ပြောသည်။
လက်ရှိ ကုမ္ပဏီက အခွင့်အရေးပေးနေချိန်တွင် မိသားစုရှေ့ရေးကို စဉ်းစားပြီး သွားရောက် လုပ်ကိုင်လို သူများအနေဖြင့် လာရောက်စာရင်းပေးနိုင်သလို မည်သည့်ကုမ္ပဏီက မိမိနှင့် ကိုက်ညီမှုရှိမရှိကို သေချာစွာ လေ့လာသင့်သည်ဟုလည်း မယ်လစခန်းဥက္ကဋ္ဌက စောဆန်းဒေးက အကြံပြုသည်။
“ဘယ်ကုမ္ပဏီကလာလာ ကိုယ့်နဲ့ အဆင်ပြေမပြေ သေသေချာချာ လာရောက် လေ့လာဖို့ အားလုံးကို ပြောချင်တယ်။ နောက်ပိုင်း စားနပ်ရိက္ခာ ဖြတ်တောက်ပြီဆို အခွင့်အလမ်းဆုံးရှုံးသွားလိမ့်မယ်”ဟု မယ်လစခန်း ဥက္ကဋ္ဌက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၅) ရက်နေ့တွင် လားမယိုင်းဥယျာဉ်ခြံ၌ သွားရောက် လုပ်ကိုင်နေကြသည့် ဒုက္ခသည်များအနက် ၂၃ ဦးသည် အမျိုးမျိုးသော အကြောင်းအရင်းများကြောင့် အလုပ် ဆက်မလုပ်နိုင်တော့၍ စခန်းကို ပြန်လည်ရောက်ရှိလာကြသည်။
လက်ရှိ ဒုက္ခသည်များကို လာရောက်ခေါ်ယူသည့် ကုမ္ပဏီများသည် အလွန်ဝေးသော ခရိုင်များတွင် တည်ရှိခြင်းကြောင့် နောက်ပိုင်းတွင် တာ့ခ်ခရိုင်နှင့် အနီးအနားတွင် လုပ်ဆောင်ပေးနိုင်ရန် ကရင်ဒုက္ခသည်များ ကော်မတီ-KRC နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR တို့က ဒုက္ခသည်များအတွက် တောင်းဆိုပေးသွားမည်ဟု တာဝန်ရှိသူများက ဆိုသည်။
Photo credit - CJ







