ပုဏ္ဏားကျွန်းက နေရာသုံးခုကို စစ်ကောင်စီ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်၍ အရပ်သား ၅ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရ

ပုဏ္ဏားကျွန်းက နေရာသုံးခုကို စစ်ကောင်စီ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်၍ အရပ်သား ၅ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရ

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာသုံးရွာကို စစ်ကောင်စီက ယနေ့ နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းဖြင့် တိုက်ခိုက်မှုတို့ကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် ၁၁ နာရီတွင် စစ်တွေအခြေစိုက် ခမရ ၃၄၄ တပ်ရင်းမှ ၁၂၀ မမဖြင့် ပစ်ခတ်ခဲ့၍ ကွမ်းတောင်ကျေးရွာမှ အသက် (၅၅) နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းနောက် နံနက် ၁၁ နာရီခွဲအချိန်တွင် အောင်ဖြူပြင်ကျေးရွာကို အသေခံဒရုန်းဖြင့် ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

တစ်ချိန်ထဲတွင် ယိုးတရုပ်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရှိခဲ့သည်ဟု ပုဏ္ဏားကျွန်းဒေသခံများက ပြောသည်။

ပုဏ္ဏားကျွန်းမြို့ခံ အမျိုးသားတစ်ဦးက “ဒီရက်ပိုင်း ရှမ်းဘက်က အပစ်ရပ်ထားတော့ စကစက ရခိုင်ကို ပိုပြီး မဲနေတယ်။ ပုဏ္ဏားကျွန်းက စစ်တွေနဲ့ နီးတော့ ပိုပြီး သတိထားရမယ်။ သူတို့နဲ့ နီးနီး ကပ်ကပ်ရှိနေတဲ့ အနေအထားဆိုတော့ အချိန်မရွေး လေကြောင်း၊ လက်နက်ကြီးတွေ ပစ်ခတ် နိုင်တယ်ဆိုတာ ပြည်သူအနေနဲ့ သတိချပ်ဖို့ လိုအပ်တယ်။ ဒီလိုအချိန်မှာ လူစုလူဝေး မပြုလုပ်ဖို့လည်း အတတ်နိုင်ဆုံး ရှောင်သင့်တယ်” ဟု ပြောသည်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသွားကြသူများမှာ လက်ရှိ အရေးပေါ်ဆေးဝါး ကုသမှုခံ ယူနေကြောင်း သိရသည်။

အောက်တိုဘာ ၃၁ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်အပါအဝင် ၄ ဦး သေဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့သည်။

လက်ရှိ စစ်တွေ - ပုဏ္ဏားကျွန်းနယ် အစပ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ နှစ်ဖက် စစ်ရေး တင်းမာနေပြီး စစ်ကောင်စီက ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏရှိနေကာ ထိခိုက်သေဆုံးမှုများ ပြားလာသဖြင့် ဒေသခံများကြား စိုးရိမ်ထိတ်လန့်နေကြသည်။

အသက် (၂၄) နှစ်အရွယ် ပုဏ္ဏားကျွန်းဒေသခံ အမျိုးသမီးတစ်ဦးက “ဂျက်တွေ နေ့တိုင်းလိုလို ဝဲတယ်။ လေယာဉ်လာရင် ဘယ်မှာ ပုန်းရမယ်မှန်းလည်း မသိတော့ဘူး။ ကိုယ့်အိမ်မှာ နေလည်း လုံခြုံတယ်လို့ မခံစားရတော့ဘူး” ဟု ပြောသည်။

DMG မှ ပြုစာထားသောစာရင်းအရ ၂၀၂၄ ခုနှစ်၊ ဧပြီလမှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့ထိ ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးကြောင့် အရပ်သား သေဆုံးသူ ၃၃ ဦးနှင့် ဒဏ်ရာရရှိသူ ၆၄ ဦး ထိရှိကြောင်းသိရသည်။

ယခုနောက်ပိုင်း ရခိုင်တွင် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လာနေပြီး အရပ်သားထိခိုက်သေဆုံးမှုမှာလည်း တိုးလာလျက်ရှိသည်။

စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...
လောင်တလိုင်မြို့ တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။ / DMG
September 3, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း၌ စက်တင်ဘာလ ၁ ရက်မှစ၍...
ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...
ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
September 1, 2026
ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်...