ကျောက်ဖြူတွင် ဒေသခံများစစ်ရှောင်စဉ် ကျန်နေခဲ့သည့် လက်ဦးတင်စပါးများအား အကြမ်းဖက်စစ်သားများက ဝင်ရောက်ရိတ်သိမ်းနေဟုဆို

ကျောက်ဖြူတွင် ဒေသခံများစစ်ရှောင်စဉ် ကျန်နေခဲ့သည့် လက်ဦးတင်စပါးများအား အကြမ်းဖက်စစ်သားများက ဝင်ရောက်ရိတ်သိမ်းနေဟုဆို

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ဒေသခံများ စစ်ဘေးရှောင်နေစဉ် ကျန်နေခဲ့သည့် လက်ဦးတင်စပါး(ဒေသအခေါ် ကောက်ယင်စပါး)များအား အကြမ်းဖက်စစ်သားများက ဝင်ရောက် ရိတ်သိမ်းနေသည်ဟု ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်သားများသည် ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်ရှိ ဂေါ်တူတောင်တန်းဖက်နှင့် ချောင်းဝဖက်တို့ရှိ ဒေသခံများ စစ်ဘေးရှောင်စဉ် ကျန်နေခဲ့သည့် ကျွဲ၊ နွားတိရစ္ဆာန်များမှအစ ယူပြီး စားသောက် နေသလို မှည့်ဝင်းနေသည့် လက်ဦးတင်စပါးများကိုပါ ရိတ်သိမ်းယူလာနေသည်ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

“တချို့ရွာတွေဆို ရွာသားတွေမရှိတော့ စစ်တပ်က ပစ္စည်းတွေယူတာတွေအပြင် စပါးတွေကိုပါ ရိတ်သွားမျိုး ရှိတယ်” ဟု နိရဉ္စရာကို ပြောသည်။

ရိတ်သိမ်းထားသည့် အဆိုပါစပါးများကို ထော်လာဂျီများဖြင့်သယ်ဆောင်နေသည်ကိုတွေ့ရပြီး ရိက္ခာအတွက်လား၊ ရောင်းချရန်အတွက်လားဆိုသည်ကို မသိရသေးဟုလည်း ပြောသည်။

အဆိုပါစပါးများသည် သွင်းအားစုများ ဈေးအဆမတန်မြင့်မားနေသည့်ကြားမှ ဒေသခံများ ခက်ခက်ခဲခဲ စိုက်ပျိုးထားရသည့် စပါးများဖြစ်ပြီး လက်ရှိ ကျောက်ဖြူမြို့နယ်တွင်ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ကြရသည့်ဒေသခံများသည် မိမိတို့စပါးများကို မိမိတို့ကိုယ်တိုင် ရိတ်သိမ်းနိုင်ခြင်းမရှိ ဖြစ်နေရသည်ဟု သိရသည်။

ယင်းသို့ ဒေသခံများစစ်ဘေးရှောင်နေကြ၍ ရိတ်သိမ်းနိုင်ခြင်းမရှိဖြစ်နေချိန်တွင် အကြမ်းဖက်စစ်သားများက ဝင်ရောက် ရိတ်သိမ်းနေကြခြင်း ဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

ကျောက်ဖြူတနယ်လုံးနီးပါးရှိ ဒေသခံများသည် လက်ရှိတိုက်ပွဲများကြောင့် အသက်လုထွက်ပြေးလာရသဖြင့် စိုက်ပျိုးထားသည့် လက်ဦးတင်စပါးများ မှည့်ဝင်းပြီး ရိတ်သိမ်းချိန်တန်သော်လည်း စွန့်ပစ်ထားခဲ့ရသည့်အပြင် နေစရာစားစရာပါ အလွန်အကျပ်အတည်းနှင့်ကြုံတွေ့နေရသည်ဟု ကျောက်ဖြူစစ်ရှောင် အမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

“တော်တော်လေးကို ဒုက္ခရောက်နေတာပါ။ တိုက်ပွဲတွေက ကိုယ့်ရွာနားကို နီးကပ်လာတော့ စစ်ကောင်စီက လက်နက်ပစ်တယ်။ ဒရုန်းပစ်လို့ အသက်လုထွက်ပြေးလာရတယ်။ နေစရာ၊ ပြေးစရာ မြေမရှိဘူး။ လမ်း ဘေးမှာဖြစ်သလို နေကြရတယ်။ လူတိုင်းဒုက္ခရောက်နေတာ။ ဒီကြားထဲ မရှိမဲ့ရှိမဲ့ တပိုင်တနိုင်စိုက်ထားရတဲ့ စပါးခင်းတွေက ဒီအတိုင်း။ တော်တော်လေး စိတ်ထိခိုက်ရတယ်” ဟု ပြောသည်။

ကျောက်ဖြူ-မင်းပြင်ကားလမ်းတစ်လျှောက်ရှိ ကျောက်ပြောက်၊ မင်းပြင်၊ ချောင်းဝ၊ ရေနံတောင်၊ ဝါးနက်ချွိန်၊ ငအုပ်၊ ဝမျှောင်၊ ကျောက်က‌လေး၊ ဂေါ်တူရွာသစ်၊ ရွာဟောင်း၊ ကုလာဘာ စသည့်ကျေးရွာများမှ ရွာသားများမှာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

ကျောက်ဖြူ- မင်းပြင်၊ ကျောက်ဖြူ-ရမ်းဗြဲ၊ ကျောက်ဖြူ- မအီ၊ ဇင်ချောင်းတစ်လျှောက်မှ ရွာများ၊ ဂုံးချွိန် တိုက်နယ်မှ ကျေးရွာများ၊ သစ်ပုတ်တောင်တိုက်နယ်မှ ရွာများ တနယ်လုံးနီးပါး စစ်ရှောင်နေရခြင်းဖြစ်သည်။

ကျောက်ဖြူမြို့နယ်တွင် လက်ရှိတိုက်ပွဲများနှင့်လက်နက်မျိုးစုံပစ်ခတ်ခံရမှုကြောင့် ကျောက်ဖြူတနယ်လုံးနီးပါး စစ်ရှောင်နေရပြီး စစ်ရှောင်ဦးရေ သိန်းနှင့်ချီ ရှိလာနေကြောင်း သိရသည်။

အိုးအိမ်ပိုင်ဆိုင်မှုစွန့်ခွာရသည်သာမက ခိုလှုံနေထိုင်ရန်အတွက် တဲဆောက်ရန်လည်း အခက်ခဲရှိနေကြသည်ဟု ကျောက်ဖြူဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

“ကျောက်ဖြူမြို့နယ်က တခြားမြို့နဲ့မတူဘူး။ တခြားမြို့နယ်မှာ တမြို့နယ်မှာဖြစ်ရင် တမြို့နယ်ကိုတိမ်းရှောင်လို့ ရသေးတယ်။ အခုက အဲဒီလိုပြေးစရာမြို့နယ်ကို မရှိတာ။ စစ်မဖြစ်တဲ့ရွာတွေကလည်း စစ်ရှောင်တွေ များလာတော့ နေစရာနေရာမရှိ။ ပါလာတဲ့ ကျွဲ၊ နွားတွေထားစရာ ကျောင်းဖို့ နေရာမရှိ။ အခုက တခြားမြို့နယ်ထက် ဒုက္ခရောက်နေတာ” ဟု ပြောသည်။

လက်ရှိတွင် ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်များမှာ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ထွက်ပြေးလာရသည့်အတွက် စားဝတ်နေရေးအပြင် အမိုးအကာမလုံလောက်မှု၊ ဆောင်းရာသီရောက်ခါစ ဖြစ်သည့်အတွက် အနွေးထည်၊ စောင်များလည်း လိုအပ်နေကြောင်း သိရသည်။

ကျောက်ဖြူတွင် လက်ရှိတွင်လည်း တိုက်ပွဲဧရိယာကျယ်ပြန့်လာသည့်အတွက် သိုင်းချောင်း၊ ဇိုင်ချောင်းစသည့် ကျေးရွာဖက်မှ စစ်ဘေးရှောင်များလည်း ထပ်မံထွက်ပြေးနေရကြောင်း သိရသည်။

ယခင်က အမှတ်(၃၂)ရဲတပ်ရင်းအနီးရှိ ပြိုင်းစေ့ကေ၊ မင်းတက်တောင်၊ နှမ်းဖဲတောင်၊ လိပ်ခမော်ဖက်တို့တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်တပ်၏စစ်ကြောင်းများက လက်နက်အင်အား၊ လူအင်အားများဖြင့် အာရက္ခတပ်တော်(AA)ကိုထိုးစစ်ဆင်ရာမှ ဂေါ်တူတောင်ကျေးရွာ၊ ကုလာဘာ၊ သိုင်းချောင်းအထိ တိုက်ပွဲနယ်မြေဧရိယာကျယ်ပြန့်လာကြောင်း သိရသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...