လေကြောင်း အန္တရာယ်စိုးရိမ်၍ ပုဏ္ဏားကျွန်းက စစ်ဘေးရှောင်အချို့ နေရာရွှေ့ပြောင်း

လေကြောင်း အန္တရာယ်စိုးရိမ်၍ ပုဏ္ဏားကျွန်းက စစ်ဘေးရှောင်အချို့ နေရာရွှေ့ပြောင်း

စစ်ကောင်စီ၏ လေကြောင်း အန္တရာယ်မှာ အထူးစိုးရိမ်စရာဖြစ်လာ၍ ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်အချို့မှာ ယခုရက်ပိုင်းအတွင်း ၎င်းတို့နေထိုင်ရာ စစ်ဘေးရှောင်စခန်းက အခြားနေရာများသို့ ထပ်မံရွှေ့ပြောင်းနေကြကြောင်း သိရသည်။

စစ်ဘေးရှောင်များစွာ ခိုလှုံနေသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာကို အောက်တိုဘာ ၃၁ ရက်က စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့သဖြင့် ၅ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့သည်။

ယင်းဖြစ်စဉ်နောက်ပိုင်း ပန်းနီလာကျေးရွာနှင့် အနီးတဝိုက်တွင် နေထိုင်ကြသည့် စစ်ဘေးရှောင်များမှာ စိုးရိမ်စိတ်များ ဖြစ်နေပြီး နေရာပြောင်းရွှေ့နေခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတို့က ပြောသည်။

“ပြေးတဲ့သူတွေလည်း ပြေးကြတယ်။ မပြေးတဲ့သူတွေလည်း မပြေးကြဘူး။ စိုးရိမ်တဲ့သူတွေတော့ ပြေးကြတာပေါ့။ လေယာဉ်တွေလည်း မကြာမကြာ ဆိုသလို ဝဲပျံနေသေးတယ် ” ဟု ပုဏ္ဏားကျွန်း လူငယ်အစည်းအရုံး (PYA) ဥက္ကဌ ကိုပြည့်ဖြိုးနိုင်က‌ ပြောသည်။

ယခုရက်ပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ်တဝိုက်တွင် စစ်ကောင်စီ ဂျက်တိုက်လေယာဉ်များ၊ ဒရုန်းများအပြင် လေကြောင်းကင်းထောက် ဒရုန်းများလည်း ပျံဝဲနေကြောင်း ဒေသခံများထံမှ သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် ပန်းနီလာ၊ အောင်ဖြူပြင်၊ ယိုးငူ၊ ကြံခင်း၊ ကျင်တလင်းစသည့် ပုဏ္ဏားကျွန်း- ကျောက်တော် ကားလမ်းမတလျှောက်က ကျေးရွာများတွင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောစသည့် မြို့နယ်များက စစ်ဘေးရှောင် သောင်းနှင့်ချီ နေထိုင်ကြသည်။

ယင်းအပြင် ပုဏ္ဏားကျွန်းတွင် တိုက်ပွဲပြန်လည် ပြင်းထန်လာမည်ဆိုသည့် သတင်းများကြောင့် စိုးရိမ်ကြောက်လန့်၍ လက်ရှိနေရာကနေ ကျောက်တော်၊ မြောက်ဦးမြို့နယ် စသည့် နေရာများသို့ ထွက် ပြေးနေခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“ အဲဒီနေရာတွေက စစ်ဘေးရှောင်တွေ အများကြီး စုနေကြတာ။ ပြီးတော့ ပုဏ္ဏားကျွန်းမှာ တိုက်ပွဲတွေလည်း ပြန်ဖြစ်လာမယ်လို့ သတင်းတွေကြားတော့ လူတွေအများကြီး မနေတဲ့ နေရာတွေကို ထွက်ပြေးရတာဖြစ်တယ်။ ကိုယ့်ဆွေမျိုး၊ အသိရှိတဲ့ နေရာတွေကို ရှောင်တိမ်းကြတာ” ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် ကျောက်ဖြူမြို့နယ်တို့ကို အောက်တိုဘာ ၂၉၊ ၃၀၊ ၃၁ ရက်တို့တွင် သုံးရက်ဆက်တိုက် လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့၍ အရပ်သား ၁၂ ဦး သေဆုံးကာ ၃၁ ဦးထိ ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

TNLA နှင့် အပစ်ရပ်ပြီးနောက်တွင် စစ်ကောင်စီသည် ရခိုင်ကို လေကြောင်း၊ ရေကြောင်းအပြင် မြေပြင်ထိုးစစ်ဖြင့် အပြင်းအထန် ထိုးစစ်ဆင်လာနိုင်သလို လက်ရှိတွင် အရပ်သားများကို ပစ်မှတ်ထား၍ တိုက်ခိုက်သတ်ဖြတ်မှုများ ကျူးလွန်ကာ အာရက္ခတပ်တော်ကို ဖိအားနေခြင်းဖြစ်ကြောင်း ရှုမြင်သူတို့လည်း ရှိနေသည်။

“သူတို့ကတော့ ပြည်သူတွေကို သတ်ပြမှာပဲ။ စစ်ကို တိုက်မနိုင်တော့ ပြည်သူကို သတ်ပြီး ဖိအားပေးတာ နည်းဗျူဟာကို ခေတ်အဆက်ဆက် သုံးလာသလို အခုလည်း သုံးနေတုန်းပဲ။ ဒီမိုကရေစီ စံနှုန်းတွေ အလေးသိပ် မထားကြတဲ့ ခေတ်ရောက်လာတော့ ကမ္ဘာမှာ အာဏာရှင်တွေက စိတ်ကြိုက်လူသတ်လို့ ရလာတာက ဝမ်းနည်းစရာပါပဲ ” ဟု ရခိုင်လူငယ် အမျိုးသမီးတစ်ဦးက သုံးသပ်သည်။

စစ်ကောင်စီ၏ ပြင်းထန်လှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတကာကလည်း တစ်စုံတစ်ရာ အရေးယူထိန်းကွပ်နိုင်မှု မရှိခြင်းက စစ်ကောင်စီ၏ ဆိုးသွမ်းမှုကို ပိုအားပေးရာရောက်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက သုံးသပ်ကြသည်။

ထို့အတူ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပြင်းထန်လာခြင်းအပြင် တန်ပြန်ထိုးစစ်များ ပြင်းထန်လာခြင်းကြောင့် အာရက္ခတပ်တော်ထိန်းချုပ် ဒေသများမှ ပြည်သူများအနေဖြင့် စစ်ရေးသတိနှင့် လေကြောင်းအန္တရာယ် ဂရုစိုက်ရန် အောက်တိုဘာလကုန်ပိုင်းတွင် AA က ကြေညာချက်ထုတ် သတိပေးထားသည်။

Most read this week

Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...
December 1, 2025
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀...