AA ထိန်းချုပ်ဒေသက ကလေးငယ်များကို ကာကွယ်ဆေး ထိုးနှံပေး

AA ထိန်းချုပ်ဒေသက ကလေးငယ်များကို ကာကွယ်ဆေး ထိုးနှံပေး

အာရက္ခတပ်တော်(AA) ထိန်းချုပ်ရာ မြောက်ဦး၊ ကျောက်တော် စသည့် မြို့နယ်များတွင် အသက် ၂ နှစ်အောက် ကလေးငယ်များအား အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကာကွယ်ဆေးများ စတင် ထိုးနှံပေးနေပြီဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးများထဲတွင် ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင် ရောဂါကာကွယ်ဆေး (MMR)၊ ဂျပန် ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး(JE)၊ မေးခိုင်ကာကွယ်ဆေး(DPT)၊ ပိုလီယိုရောဂါ ကာကွယ်ဆေး (OPV)၊ မွေးရာပါ ဂလူးကို့စ် ဓာတ်တစ်မျိုး ချို့တဲ့သည့် ရောဂါ ကာကွယ်ဆေး (G6PD) စသည့် ဆေးများအား ထိုးပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုဆေးများကို အသက် ၃ လမှ ၂ နှစ်ကြား ကလေးငယ်များအား ထိုးပေးခြင်းဖြစ်သည်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက “ကာကွယ်ဆေးတွေကို အောက်တိုဘာ လကုန်ပိုင်းကတည်းက စပြီး ထိုးဖို့ လုပ်နေတာ။ ဒီလထဲတော့ တချို့မြို့နယ်တွေမှာ စပြီး ထိုးပေးနေပြီ” ဟု ပြောသည်။

ကလေးငယ်များမှာ ပုံမှန်အားဖြင့် ပြင်းထန်တီဘီ၊ အသည်းရောင် အသားဝါ ၅ မျိုးစပ်၊ ပိုလီယို၊ ဝမ်းပျက်ဝမ်းလျှော၊ ဝက်သက် စသည့် ရောဂါများ အပြင် ရောဂါ ၁၂ မျိုးအတွက် ကာကွယ်ဆေးများကို အသက် ၂ လမှ ၁၀ နှစ် အထိ သတ်မှတ်ထားသော အရွယ်အလိုက် ထိုးနှံပေးရသည်။

“ကျမတို့ ရွာမှာတော့ ကြေညာထားတာ ရှိတယ်။ ကာကွယ်ဆေး လာထိုးတော့မယ်လို့ စာရင်း ကောက်ယူခဲ့တာလည်း ရှိတယ်။ တချို့ရွာတွေမှတော့ ထိုးနေကြပါပြီ” ဟု မြောက်ဦးမြို့နယ်က အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်မြို့သိမ်းတိုက်ပွဲများ စတင်လာသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ရခိုင်ဒေသကို ကုန်းလမ်း၊ ရေလမ်း ဖြတ်တောက်ကာ ကုန်ပစ္စည်းသယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားသဖြင့် ဆေးဝါးပြတ်လပ်မှုနှင့် အတူ ကလေးငယ်များမှာ ကာကွယ်ဆေးထိုးခွင့် မရဖြစ်နေရသည်။

ယင်းသို့ ကာကွယ်ဆေး ပုံမှန်ထိုးနှံခွင့် မရသောကြောင့် မိဘများမှာ သူတို့၏ ကလေးငယ်များ ကျန်းမာရေး၊ ဖွံ့ဖြိုးမှုနှင့် ပတ်သက်၍ စိုးရိမ်နေကြရသည်။

ကျောက်တော်မြို့နယ်မှ အသက် ၂၈ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “ကလေးတွေကို ကာကွယ် ဆေးထိုးရမယ့် အချိန်မှာ မထိုးရတော့ ကောင်းကောင်းဖွံ့ဖြိုးနိုင်ပါ့မလား၊ အနာရောဂါ ကင်းပါ့မလားဆိုပြီး စိတ်ပူရတယ်။ ကာကွယ်ဆေးက သားသမီးအကြီးတွေတုန်းက ထိုးရပေမယ့် အငယ်ကျတော့ ထိုးရမယ့်အရွယ်မှာ ပုံမှန် မထိုးရတဲ့အတွက် ပိုပြီး စိုးရိမ်တယ်” ဟု ပြောသည်။

ယခင်က အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ကလေးသူငယ်များအတွက် ကာကွယ်ဆေးကို အခမဲ့ ရနိုင်သော်လည်း လက်ရှိတွင် ကျန်းမာရေး အခွင့်အရေးများ ဆုံးရှုံးနေကြရသည်။

ယင်းအပြင် တိုက်ပွဲပြင်းထန်မှုများနှင့်အတူ စစ်ကောင်စီက ရခိုင်ဒေသကို လမ်းခရီးပိတ်ဆို့မှုအပြင် ကုန်စည် စီးဆင်းခွင့်၊ ဆေးဝါးသယ်ဆောင်ခွင့်များကို လုံးဝကန့်သတ်ထားမှုကြောင့် ဆေးဝါးပြတ်လပ်မှုများလည်း ရှိနေခြင်း ဖြစ်သည်။

ရခိုင်တွင် ကလေးငယ်များ ကာကွယ်ဆေး အပြည့်အဝ ထိုးခွင့်ဆုံးရှုံးနေသည်မှာ ၂ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်ပြီး လက်ရှိတွင် အာရက္ခတပ်တော်၏ ပြည်သူ့ကျန်းမာရေးဌာနမှ ပြန်လည် အကောင်အထည်ဖော်လာခြင်းလည်း ဖြစ်သည်။

Most read this week

Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...
December 1, 2025
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀...