ဝါဆိုလ (ဇူလိုင်လ) ဟာ ပုံးအင်းလယ်သမားများအတွက် နွေစပါး ရိတ်သိမ်းရမည့် အချိန်ကာလ ဖြစ်သော်လည်း စိုင်းကျော်လှ တစ်ယောက် လယ်ထဲဆင်းရန် တွန့်ဆုတ်နေသည်။
အကြောင်းမှာ ပုံးအင်းဒေသရှိ လယ်ထဲတွင် ရေဆိုးများ ဝင်ရောက်လာသောကြောင့် လယ်သမားများ အရေပြား ယားယံမှု ဖြစ်ပွားနေခြင်း ဖြစ်သည်။
“ရေနစ်ရင် နစ်သလောက်၊ ခါးအထိရောက်ရင် ခါးအထိ ယားတာ။ ရင်ဘတ်အထိ ရောက်ရင် ရင်ဘတ်အထိ ယားတာ၊ ယားလွန်းလို့ သွေးထွက်တဲ့အထိ ကုတ်ရင်တောင် အယားမပြေဘူး”ဟု ပုံးအင်းလယ်သမား စိုင်းကျော်လှက ပြောသည်။
လွန်ခဲ့သော နှစ်များက ပုံးအင်းဒေသတွင် လယ်သမားများ ထိုကဲ့သို့ ပြဿနာမျိုး မကြုံတွေ့ခဲ့ဖူးပေ။
ယခင် ဘိုးဘွားလက်ထက်တွင် ပုံးအင်းဒေသသည် စပါးစိုက်ခင်းများ ရိတ်သိမ်းပြီးလျှင် လယ်ထဲရှိ ရေများကို သောက်သုံးရေအဖြစ် အသုံးပြုနိုင်သည်အထိ သန့်ရှင်းမှုရှိကြောင်း ပြောစမှတ်ပြုကြသည်။
ပုံးအင်းဒေသတွင် နေထိုင်သူများသည် နမ့်တဘက်ချောင်းကို မှီတင်းပြီး စပါးစိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။
ပုံးအင်းဒေသသည် သျှမ်းပြည်အတွင်း အခြားဒေသကဲ့သို့ စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသည့် ဒေသတစ်ခု မဟုတ်သော်လည်း စစ်ကော်မရှင်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) မှ လုံခြုံရေးနှင့် စစ်အသုံးစရိတ် အကြောင်းပြကာ ဆက်ကြေး(အခွန်အခ)များစွာ ကောက်ယူခြင်း၊ တပ်သားသစ် စုဆောင်းခြင်းတို့ ပြုလုပ်နေခြင်းကြောင့် လူငယ်အများအပြား နေ့စဉ် နေရပ်စွန့်ခွာနေရသည်။
ထို့အပြင် ရေကြီးရေလျှံမှုကဲ့သို့ သဘာဝဘေးဒဏ်ကိုလည်း နှစ်စဉ်နှစ်တိုင်း ခံစားနေရသည့် ဒေသတစ်ခုလည်း ဖြစ်သည်။
ပုံးအင်းဒေသ၏ ထူးခြားချက်မှာ ဇန်နဝါရီလမှ ဇူလိုင်လဆန်းအထိ ကုန်း (၆) လ ဒေသဖြစ်ပြီး ဇူလိုင်လမှ ဒီဇင်ဘာလအထိ ရေ (၆) လ ဒေသဖြစ်သည်။ ထိုဒေသကို “ဒုတိယ အင်းလေး” ဟုလည်း တင်စားခေါ်ဝေါ် ကြသည်။
ပုံးအင်းဒေသသည် တောင်ကြီး၊ ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်တို့ ထိစပ်ရာဒေသတွင် တည်ရှိပြီး လူသိများကြသော နာမည်ကျော် နောင်မွန်သျှမ်းဆန်များ ထွက်ရှိရာ ဒေသဖြစ်သည်။
သို့သော် ယခုနောက်ပိုင်းတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးလာမှု၊ ရေကြီးရေလျှံမှု ပြဿနာများကြောင့် ပုံးအင်းဒေသတွင် ဂေဟစနစ် ယိုယွင်းလာပြီး ရာသီဥတု မမှန်တော့ပေ။
ထို့ကြောင့် ပုံးအင်းလယ်သမားများ၏ စပါးစိုက်ခင်းများ နှစ်စဉ်နှစ်တိုင်း ရေလွှမ်းခံရပြီး အရှုံးပေါ်နေသည်။
“ကျနော်တို့ တောင်သူလယ်သမားတွေတော့ ဆုပ်လည်းစူး စားလည်းရူးပဲ”ဟု စိုင်းကျော်လှက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ စက်တင်ဘာလတွင်လည်း မြန်မာနိုင်ငံထဲ ဝင်ရောက်ခဲ့သည့် ဆိုင်ကလုန်း ရာဂီမုန်တိုင်း အရှိန်ကြောင့် ပုံးအင်းဒေသတွင် မကြုံစဖူး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး လယ်သမားများ၏ စပါးစိုက်ခင်း ဧကပေါင်း ၉၀၀၀ ကျော် ဆုံးရှုံးခဲ့သည်။
ပုံးအင်းဒေသမှာ ဘာကြောင့် ရေထုညစ်ညမ်းလာရသလဲ
သဘာဝပတ်ဝန်းကျင်ရေးရာ ကျွမ်းကျင်ပညာရှင်၊ ကျန်းမာရေးဆရာမနှင့် ပုံးအင်းလယ်သမားများ၏ ပြောပြချက်အရ ပုံးအင်းဒေသတွင် ရေထုညစ်ညမ်းလာရခြင်း အကြောင်းရင်းသည် နမ့်တဘက်ချောင်း အထက်ပိုင်းရှိ ပင်းပက်သံမဏိစက်ရုံမှ စွန့်ပစ်လိုက်သည့် ရေဆိုးများနှင့် တောင်သူလယ်သမားများ၏ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ အလွန်အကျွံ အသုံးပြုခြင်းတို့ကြောင့် ဖြစ်သည်။
သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်နေသည့် သဘာဝပတ်ဝန်းကျင်ရေးရာ ကျွမ်းကျင်ပညာရှင် စိုင်းခေးဆိုင်က “ပင်းပက်စက်ရုံက ထွက်တဲ့ ရေဆိုးရေညစ်ကြောင့် ဖြစ်တယ်ဆိုတာ အမှန်ပါပဲ၊ ဒါပေမယ့် ပင်းပက်တစ်ခုတည်း မဟုတ်ဘူး။ ပိုးသတ်ဆေး၊ ဓါတ်မြေသြဇာ အမျိုးမျိုး၊ သတ္တုသန့်စင်စက်ရုံကနေ ထွက်တဲ့ အညစ်အကြေး အားလုံးရောပြီး ရေညစ်ညမ်းမှုဖြစ်တာ” ဟု သုံးသပ်သည်။
ထို့အပြင် ကြွက်သတ်ဆေး၊ ခြင်ဆေးခွေ အတိုအစ စသည့် စွန့်ပစ်ပစ္စည်းများ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ခြင်းကြောင့် ရေအဆိပ်သင့်နေကြောင်း ၎င်းက ထောက်ပြသည်။
တောင်ကြီးမြို့နယ်အတွင်း တည်ရှိသည့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သည် နမ့်တဘက်ချောင်း အထက်ပိုင်းတွင် တည်ရှိပြီး ပုံးအင်းကျေးရွာအုပ်စု ဆိုင်လဲကျေးရွာနှင့် ၁၇ မိုင်ခန့်သာ ကွာဝေးသည်။
ထိုသံမဏိစက်ရုံမှ ထုတ်လွှတ်လိုက်သော ရေဆိုးများကို နမ့်တဘက်ချောင်းထဲသို့ ဖောက်ချစွန့်ပစ်လျက် ရှိကြောင်း ပအိုဝ်းလူငယ်အစည်းအစည်းအရုံး (PYO) ၏ ၂၀၂၃ အောက်တိုဘာလ ၃၀ ရက်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပုံးအင်းထဲ စီးဝင်သည့် နမ့်တဘက်ချောင်းကို မှီတင်းပြီး စိုက်ပျိုးလုပ်ကိုင် နေထိုင်ကြရသည့် ကျေးရွာပေါင်း ၁၀၀ ကျော် ရှိကြောင်းလည်း PYO အဖွဲ့က ဆိုသည်။
နမ့်တဘက်ချောင်းသည် ကယား (ကရင်နီ) ပြည်အထိ မိုင်ပေါင်း ၃၀ နီးပါး ရှည်လျားထိစပ်နေပြီး သံလွင်မြစ်အတွင်းသို့ စီးဝင်သွားသည်။
ပုံးအင်းဒေသ တောင်သူလယ်သမားများကို ဆေးဝါးကုသပေးနေသည့် ကျန်းမာရေးဆရာမ တစ်ဦးကလည်း အရေပြားယားယံမှု ဖြစ်ရခြင်းသည် အဆိုပါ ရေဆိုးများကြောင့် အဓိက ဖြစ်နိုင်ကြောင်း ပြောသည်။
“ယားနာဖြစ်တာကတော့ ယားလိုက် ပျောက်လိုက်နဲ့ လနဲ့ချီ ကြာတယ်။ ဆေးသောက်လည်း မပျောက်ဘူးဆိုပြီး ဆေးလာထိုးကြတာ၊ အခုဖြစ်တာက ရေဆိုးကြောင့်လို့ ယူဆရတယ်” ဟု ၎င်းကျန်းမာရေးဆရာမက ပြောသည်။
ယမန်နှစ် ၂၀၂၄ ရေကြီးရေလျှံမှု ဖြစ်စဉ်တွင် တောင်ကြီးမြို့နယ်အတွင်းရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) အနီးတဝိုက် ရေလွှမ်းခံရသဖြင့် ရေကြီးမှုနှင့်အတူ စွန့်ပစ်ရေဆိုးများ မျှောပါလာကာ စပါးစိုက်ခင်းအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း စိုင်းကျော်လှက ပြောသည်။
“အဲ့ရေတွေက စပါးခင်းထဲ ရောက်လာပြီဆိုရင် စပါးပင်တွေ မကောင်းတော့ဘူး။ အဲ့နားတဝိုက်ရှိတဲ့ ကျွဲ၊ နွားတွေအတွက်လည်း မကောင်းဘူး။ တစ်ခါတစ်လေ စပါးသွားရိတ်ရင် လူတောင်မှ ကိုက်ကိုက်ခဲခဲတွေ ဖြစ်နေတာ” ဟု စိုင်းကျော်လှက စွန့်ပစ်ရေဆိုးကြောင့် ထိခိုက်မှုကို ရှင်းပြသည်။
စစ်ကော်မရှင် ပြန်အသက်သွင်းလိုက်တဲ့ ပင်းပက် သံမဏိစက်ရုံစီမံကိန်း
တောင်ကြီးမြို့ အရှေ့တောင်ဘက် ၁၀ ကီလိုမီတာ (၇ မိုင်ခန့်) အကွာ ပင်းပက်တောင်ရှိ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး သံသတ္တုသိုက်အနီးတွင် တည်ဆောက်ထားသည့် ပင်းပက်သံမဏိစက်ရုံသည် ကျပ်ငွေ ဘီလျံနှင့်ချီ အရှုံးပေါ်ခဲ့သောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၇ ခုနှစ်အတွင်းက ရပ်ဆိုင်းခဲ့သည်။
သို့သော် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်အတွင်း အဆိုပါသံမဏိစက်ရုံကို စစ်ကော်မရှင် လက်အောက်ခံ စက်မှုဝန်ကြီးဌာနနှင့် ရုရှားအခြေစိုက် VO Tyazhpromexport ကုမ္ပဏီတို့က ပြန်လည်လည်ပတ်ရန် ကြိုးပမ်းလာခဲ့ကြသည်။
စစ်ကော်မရှင်က ပင်းပက်သံမဏိစက်ရုံကို ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ စတင်ပြီး ၂ နှစ်ခွဲအတွင်း ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်သွားမည်ဟု အာဏာသိမ်းပြီးနောက် ၂၀၂၁ သြဂုတ်လ ၂၅ ရက်နေ့က မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြခဲ့သည်။
ထိုသံမဏိစက်ရုံ လည်ပတ်နိုင်ရေးအတွက် အပြီးသတ် စက်တပ်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရုရှားနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များကိုလည်း စစ်ကော်မရှင်က ခေါ်ယူခဲ့သည်။
အဆိုပါ ရုရှားပညာရှင်အဖွဲ့က ပင်းပက်စက်ရုံရှိ Air Separation Unit တွင် တပ်ဆင်ထားရှိသည့် စက်ပစ္စည်း ကိရိယာများကို စစ်ဆေးရန်နှင့် အပြီးသတ်လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေကြောင်းလည်း ၂၀၂၅ မေလ ၁၈ ရက်နေ့တွင် စစ်ကော်မရှင်က ကြေညာထားသည်။
ပင်းပက်သံမဏိစက်ရုံကို ပြန်လည်ပတ်ရန် ကြိုးပမ်းရာတွင် စစ်ကော်မရှင်နှင့်အတူ ပူးပေါင်းဆောင်ရွက်သည့် ရုရှားနိုင်ငံ အခြေစိုက် VO Tyazhpromexport သည် စစ်ကော်မရှင် (မြန်မာစစ်တပ်) အတွက် လက်နက်တင်ပို့ ရောင်းချပေးနေသည့် “Rostec” ၏ လက်ခွဲကုမ္ပဏီတစ်ခု ဖြစ်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ၏ ၂၀၂၃ အောက်တိုဘာလ ၃၀ ရက်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပင်းပက်သံမဏိစက်ရုံ၏ လောင်စာစွမ်းအင်အတွက် သျှမ်းပြည်အလယ်ပိုင်း ကျေးသီးမြို့နယ်မှ ကျောက်မီးသွေးကို ထုတ်ယူသုံးစွဲနေပြီး တစ်ရက်လျှင် ကျောက်မီးသွေး ၁,၅၀၀ တန် သယ်ပို့ရန် စီစဉ်ထားကြောင်း Shan State Frontline Investment Monitor (SSFIM) ၏ ၂၀၂၃ ဖေဖော်ဝါရီလထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုသို့ ကျောက်မီးသွေး ထုတ်လုပ်ရေးအတွက် ငွေရည်ပုလဲ၊ မင်းရွှေလွှာ၊ နမ့်ပန်ဖွံ့ဖြိုးရေးနှင့် ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတို့က အဓိက တူးဖော်ပေးနေခြင်း ဖြစ်ကြောင်း PYO ၏ အဆိုပါ အစီရင်ခံစာတွင် ဖော်ပြသည်။
ပင်းပက်သံမဏိစက်ရုံ စီမံကိန်းကို စစ်ကော်မရှင်တပ်(စစ်တပ်)ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) နှင့် ရုရှား TPE ကုမ္ပဏီတို့အကြား ၂၀၀၄ ခုနှစ် နိုဝင်ဘာလတွင် စာချုပ်ချုပ်ခဲ့ပြီး ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် စတင်တည်ဆောက်ခဲ့ကာ အဆိုပါစီမံကိန်း အပြီးမသတ်နိုင်ဘဲ ၂၀၁၂ ခုနှစ်တွင် နိုင်ငံပိုင်အဖြစ် လွှဲပြောင်းခဲ့သည်။
ပင်းပက်သံမဏိစက်ရုံသည် ပင်းပက်ဒေသရှိ ဧကပေါင်း ၅၁၂၂.၁၆ ပေါ်တွင် တည်ဆောက်ထားပြီး ထိုစက်ရုံတွင် သံရည်ကျို အလုပ်ရုံအပါအဝင် အလုပ်ရုံခွဲ ၂၂ ရုံရှိပြီး ၁၉ ရုံအား ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်တွင် စမ်းသပ်လည်ပတ်နိုင်ခဲ့သည်။
ကျန်အလုပ်ရုံခွဲ ၃ ရုံကို စစ်ဆေးပြုပြင်ပြီးပါက ကုန်ထုတ်လုပ်မှုများ တပြိုင်တည်း ဆောင်ရွက်သွားမည်ဟု စစ်ကော်မရှင်က ၂၀၂၃ ခုနှစ်အတွင်း ပြောဆိုထားသည်။
ပင်းပက်သံမဏိစက်ရုံ အပြည့်အဝ စတင်လည်ပတ်နိုင်ပါက တစ်နှစ်လျှင် သံစိမ်း တန်ချိန် ၂ သိန်း ထုတ်လုပ်ရောင်းချနိုင်မည်ဟု စစ်ကော်မရှင်က ဆိုထားသည်။
ထိုစက်ရုံမှ ထွက်လာသော ကုန်ကြမ်းများကို သယ်ယူပို့ဆောင်ရန် ရွှေညောင်-တောင်ကြီး-နောင်ကား-ပင်းပက် ရထားလမ်းပိုင်းကိုလည်း ၂၀၂၃ ခုနှစ်တွင် အပြီးသတ် ဆောက်လုပ်ခဲ့ပြီး မြင်းခြံရှိ အမှတ် (၁) သံမဏိစက်ရုံသို့ ချိတ်ဆက်ရန် လုပ်ဆောင်နေသည်။
အဆိုပါ ရထားလမ်းပိုင်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် တောင်ကြီးမြို့ ဘူတာရုံ၌ ကျင်းပခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်လည်း တက်ရောက်ခဲ့သည်။
အာဏာမသိမ်းမီကတည်းက အဆိုပါ သံမဏိစက်ရုံအတွက် စိုက်ပျိုးမြေ ဧကပေါင်း ၁၁,၀၀၀ ကျော် သိမ်းယူခဲ့သည့်အနက် ဧက ၅,၀၀၀ ကျော်မှာ ၁ ဧကလျှင် ၅၀၀၀ ကျပ်ဖြင့် ခြိမ်းခြောက်ဝယ်ယူခဲ့သော မြေများဖြစ်ကြောင်း ပအိုဝ်းလူငယ်အစည်းအစည်းအရုံး (PYO) ၏ ၂၀၀၉ ခုနှစ်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ စီမံကိန်း အကောင်အထည်ဖော်သည့် တောင်ကြီးမြို့နယ် ဟိုပုံးလွင်ပြင်ဧရိယာသည် ယခင်တည်းကပင် မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် စိုက်ပျိုးမြေများဖြစ်ပြီး သွားလာရေး အချက်အချာကျသည့် နေရာဖြစ်သည်။
သံမဏိစက်ရုံအတွက် အတင်းအဓမ္မ မြေယာသိမ်းဆည်းလိုက်သောကြောင့် တောင်ယာလုပ်ကိုင်သူများမှာ မြေယာမဲ့၊ အလုပ်လက်မဲ့များဖြစ်ကာ နိုင်ငံရပ်ခြား ထွက်ခွာ အလုပ်လုပ်ကိုင်ရသည့် အခြေအနေများ ဖြစ်လာကြောင်း ပအိုဝ်းလူငယ်အစည်းအစည်းအရုံး (PYO) အဖွဲ့က ဆိုသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း စစ်ကော်မရှင်က လယ်မြေပိုင်ရှင်များကို လျော်ကြေးများ ပြန်လည်ပေးအပ်ခဲ့သော်လည်း မညီမျှမှုများရှိကြောင်း ဒေသခံများက ပြောသည်။
“အခု မြေပြန်ရဖို့ မပြောနဲ့၊ အဲ့နားတဝိုက်ကို မှိုသွားရှာလို့တောင် မရတော့ဘူး” ဟု အမည်မဖော်လိုသည့် တောင်ကြီးမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ပင်းပင်သံမဏိစက်ရုံ လုံခြုံရေးအတွက် စစ်ကော်မရှင်တပ်သားများအပြင် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) လည်း ပါဝင်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၎င်းအမျိုးသားက ပြောသည်။
လက်ရှိ ပင်းပက်သံမဏိစက်ရုံ စီမံကိန်းတွင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)နှင့် ရုရှား TPE ကုမ္ပဏီတို့အပြင် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) ၏ အကျိုးစီးပွားများ ပါဝင်ပတ်သက်မှု ရှိ၊ မရှိ ဆက်လက်စုံစမ်းနေသည်။
ပုံးအင်းတောင်သူများ၏ အသက်မွေးဝမ်းကြောင်းကို ခြိမ်းခြောက်နေ
ထိုသံမဏိစက်ရုံတွင် လက်နက်ခဲယမ်းများ ထုတ်လုပ်၍ နျူကလီးယားအတွက်လည်း စစ်ကော်မရှင်က ကြိုးပမ်းနေသည်ဟု သတင်းများလည်း ထွက်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။
ပင်းပက်သံမဏိစက်ရုံ စီမံကိန်းနှင့် ပတ်သက်၍ ရုရှားက ယူရို ၁၀ ဒသမ ၅ သန်း တန်ဖိုးရှိ နည်းပညာအကူအညီများ ပေးအပ်ရန်ရှိကြောင်း ၂၀၂၃ ဇွန်လက စစ်ကော်မရှင် လက်အောက်ခံ မြန်မာအလင်း သတင်းစာတွင် ဖော်ပြထားသည်။
“ကျနော်တို့ ကြားတာတော့ အဲ့မှာ နျူကလီးယားမှာ အသုံးပြုဖို့ ကုန်ကြမ်းတွေကို ထုတ်နေတယ်လို့ ကြားတယ်။ အခု အဲ့အနီးတဝိုက်ကို ဘယ်သူမှ သွားလို့ မရတော့ဘူး” ဟု စိုင်းကျော်လှက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင် ၏ ရုရှားခရီးစဉ်တွင်လည်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရန် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
ရုရှားဘက်မှလည်း မြန်မာနိုင်ငံတွင် နျူကလီးယား ဓာတ်အားပေးစက်ရုံ အသေးစားတစ်ခု ကူညီတည်ဆောက်ပေးမည် ဖြစ်ကြောင်း အတည်ပြုပြီး စစ်ခေါင်းဆောင်ကလည်း အသေးစား နျူးကလီးယား ဓာတ်ပေါင်းဖိုကို မဂ္ဂါဝပ် ၃၃၀ အထိ ရုရှားအစီအစဉ်နှင့် တည်ဆောက်မည်ဟု ကြေညာထားသည်။
စစ်ကော်မရှင်သည် မြန်မာနိုင်ငံတွင် အသေးစား မော်ဂျူလာ ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်ရန် ရုရှားနိုင်ငံပိုင် နျူကလီးယား အေဂျင်စီ Rosatom နှင့် ပူးပေါင်းဆောင်ရွက်နေပြီး မြန်မာနိုင်ငံ၏ ပထမဆုံး နျူကလီးယား နည်းပညာ သတင်းအချက်အလက် ဌာနကို ရန်ကုန်တွင် ဖွင့်လှစ်ထားကြောင်း သိထားရသည်။
အဆိုပါ ပင်းပက်သံမဏိစက်ရုံ ပြန်လည်ပတ်လာလျှင် ပုံးအင်းဒေသရှိ ထောင်ပေါင်းများစွာသော ရေနက်စပါး စိုက်ပျိုးသူ လယ်သမားများ၏ အသက်မွေးဝမ်းကြောင်းကို ခြိမ်းခြောက်နေလျက်ရှိကြောင်း Shan State Frontline Investment Monitor (SSFIM) ၏ ၂၀၂၃ ဖေဖော်ဝါရီလထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
လွန်ခဲ့သည့် ဆယ်နှစ်တာ ကာလအတွင်း ပင်းပက်စက်ရုံ တည်ဆောက်မှုအနီးရှိ ရှမ်းရိုးမ ဘိလပ်မြေစက်ရုံနှင့် ငွေကမ္ဘာကျော် ခနောက်စိမ်းစက်ရုံတို့အပြင် ပတ္တမြားနဂါး သတ္တုတူးဖော်ရေး ကုမ္ပဏီတို့၏ ခနောက်စိမ်း တူးဖော်မှု တိုးချဲ့လုပ်ကိုင်ခြင်းကြောင့် နမ့်တဘက်ချောင်းတလျှောက်ရှိ ပုံးအင်းဒေသခံများ၏ သောက်ရေနှင့်သုံးရေ အရည်အသွေး ယိုယွင်းလာမှုကို တွေ့ကြုံနေရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် ချောင်းရေများ ညစ်ညမ်းလာခြင်း၊ ငါးအကောင်ရေ လျော့နည်းလာခြင်းနှင့် လယ်သမားများ အရေပြား ယားယံခြင်း ဖြစ်လာကာ ရေနက်စပါးအထွက်နှုန်း ကျဆင်းလာကြောင်း Shan State Frontline Investment Monitor အဖွဲ့က ဆိုသည်။
မကြာမီတွင် ပင်းပက်သံမဏီစက်ရုံကြီးသည် အရှိန်ပြင်းပြင်းနှင့် အပြည့်အဝ လည်ပတ်လာလျှင် ပုံးအင်းဒေသခံများ၏ လူမှုဘဝအပေါ် ကြီးမားသော ရိုက်ခတ်မှု ရှိနိုင်လာသည်။
“မကြာခင် ပင်းပက်စက်ရုံ ပြန်လည်ပတ်နိုင်ရင်တော့ ကျနော်တို့ ပုံးအင်းဒေသက အန္တရာယ်ထဲ ကျရောက်သွားနိုင်တဲ့ အခြေအနေမှာ ရှိတယ်။ အခုနောက်ပိုင်း လယ်သမားတွေလည်း လယ်မလုပ်နိုင်တော့ လယ်ပျက်ယာပျက်တွေ လည်း အရမ်းများလာတယ်။ သဘာဝဘေးအန္တရာယ် ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ပုံးအင်းရဲ့ အဖျားပိုင်းမှာရော အောက်ပိုင်းမှာပါ အန္တရာယ်ရှိနေတယ်” ဟု စိုင်းကျော်လှက ဝမ်းနည်းစိတ်ပျက်စွာ ပြောသည်။
လုံခြုံရေးကြောင့် သတင်းရင်းမြစ်ကို အမည်လွှဲဖြင့် သုံးထားသည်။







