နယ်စပ်ဂိတ်များပြန်ဖွင့်သော်လည်း အကန့်အသတ်ဖြင့်သာ ကုန်သွယ်မှု ရှိဟု KIO ပြော

နယ်စပ်ဂိတ်များပြန်ဖွင့်သော်လည်း အကန့်အသတ်ဖြင့်သာ ကုန်သွယ်မှု ရှိဟု KIO ပြော
Photo credit - CJ
Photo credit - CJ

တရုတ်-ကချင်နယ်စပ်ဂိတ်များ ပြန်ဖွင့်သော်လည်း စီးပွားရေး အေးစက်ကာ တရုတ်မှ ကုန်သွယ်မှု အကန့်အသတ်များ ရှိနေဆဲဟု KIA က ပြောသည်။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေများနှင့် ထိစပ်နေသည့် တရုတ် – မြန်မာ နယ်စပ်ဂိတ် များကို တရုတ်ဘက်မှ အောက်တိုဘာ ၂၄ ရက် ည သန်းခေါင် ၁၂ နာရီမှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့သည် ဟု KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က အတည်ပြုပြောသည်။

သို့သော်လည်း လက်ရှိတွင် ကုန်သွယ်ရေးနှင့် လူဝင်လူထွက်မှာ ယခင်ကဲ့ သို့ ပုံမှန်အခြေအနေသို့ ပြန်မရောက် သေးဘဲ အကန့်အသတ်များစွာ ရှိနေသေးကြောင်း ၎င်းက ဆိုသည်။

ပြန်လည်ဖွင့်လှစ်သည့် ဂိတ်များမှာ မန်ဝိန်းကြီး၊ လွယ်ဂျယ်၊ လိုင်ဇာ၊ ကံပိုင်တည်၊ ပန်ဝါ၊ ဖီမော် အပါအဝင် နယ်စပ်တစ်လျှောက်ရှိ ဂိတ်အားလုံးဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောကြားခဲ့သည်။

ဗိုလ်မှူးကြီးနော်ဘူက “ပစ္စည်းတွေလည်း အားလုံးလွတ်လွတ်လပ်လပ် ဝင်ထွက်လို့တော့ မရဘူး။ အဓိက ကတော့ ပြည်သူလူထုရဲ့ စားသောက်ကုန်ပစ္စည်းနဲ့ အိမ်ဆောက်ပစ္စည်းတွေကိုပဲ အခုလောလောဆယ်ကတော့ ခွင့်ပြုတာ တွေ့ရပါတယ်” ဟု ပြောသည်။ 

စက်သုံးဆီများ၊ အီလက်ထရောနစ်နှင့် သက်ဆိုင်သော ပစ္စည်းများ အားလုံးကို တရုတ်ဘက်မှ သွင်းခွင့်မပေးဘဲ ကန့်သတ်ထားသည်။

တရုတ်ဘက်မှ စျေးရောင်းစျေးဝယ်သူများ အဝင်အထွက်ရှိသော်လည်း မြန်မာဘက်မှ လူများ ဝင်ထွက်မှုမှာ မရှိသလောက် နည်းပါးနေဆဲ ဖြစ်သည်။

KIA ထိန်းချုပ်နယ်မြေများမှ ဝင်ထွက်သူများကိုမူ KIO မှ ပေးထားသော အိမ်ထောင်စုလက်မှတ် ကိုင်ဆောင် သူများကို ဦးစားပေးပြီး၊ မြို့တွင်းမှ လာသူများအားလည်း ဘာကိစ္စကြောင့် သွားလာသည်ကို စိစစ်မှုများ ပြုလုပ် ၍ ခွင့်ပြုပေးနေကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူ၏ အဆိုအရ နယ်စပ်ဂိတ်များကို တစ်နှစ်ကျော်ခန့်ကြာမြင့်အောင် ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူးကြီးနော်ဘူက “သူတို့ပိတ်တာ ကျနော်တို့ဖက်ကနေ ပိတ်တာမဟုတ်ဘူး။ သူတို့ပိတ်တာ နယ်စပ်ဒေသ မှာ တိုက်ပွဲတွေ ဖြစ်နေလို့ ပိတ်တယ်လို့တော့ ပြောပါတယ်။ နယ်စပ်ဒေသ သူတို့ တရုတ်နယ်စပ်မှာ လုံခြုံမှု ရှိအောင် ဆိုပြီးမှ အဲဒီ နယ်စပ်ဂိတ်တွေကို ပိတ်တာ ဖြစ်ပါတယ်” ဟု အတည်ပြုခဲ့သည်။

တရုတ်ဘက်မှ မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် ကြိုးပမ်းနေသည်ဟူသော သတင်းများ ထွက်ပေါ်နေသော်လည်း KIA ဘက်မှ ခွင့်ပြုထားခြင်း မရှိသေးကြောင်း ၎င်းက ငြင်းဆိုသည်။

“မြေရှားသတ္တုနဲ့ ပတ်သက်လို့တော့ ကျနော်တို့လည်ဏး ဘာမှ ဖြုတ်တာလည်း မရှိဘူး။ တူးတာလည်း မရှိဘူး။ ဘာမှ မရှိဘူး ကျနော်တို့နဲ့ သဘောတူညီမှု မရှိဘူး။ လက်မှတ်ထိုးထားတာလည်း မရှိပါဘူး” ဟု ဗိုလ်မှူးကြီး နော်ဘူက အခိုင်အမာ ပြောသည်။

ဤသို့ ပြန်ဖွင့်ပေးခြင်းသည် ဒေသခံများအတွက် အားတက်စရာဖြစ်ပြီး အခြေအနေ တဖြည်းဖြည်း တိုးတက် လာမည်ဟု မျှော်လင့်ချက်ရှိနေကြသည်။

ဗိုလ်မှူးကြီးနော်ဘူက “နယ်စပ်ဂိတ် ဖွင့်တာကတော့ ဖြေးဖြေးချင်းတော့ ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ လူတွေ အဝင်အထွက်တွေကအစ စီးပွားရေးတွေက အစပေါ့လေ” ဟု ဆက်ပြောသည်။

သို့သော်၊ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်သည်မှာ ရက်သတ္တပတ်မျှသာ ရှိသေးသော်လည်း ကုန်သွယ်မှုမှာ ယခင်ကဲ့သို့ ကြီးကြီးမားမား မရှိသေးကြောင်း ဒေသခံများက ပြောသည်။

ပုံဟောင်း / Crd
September 4, 2026
ရခိုင်ပြည်အတွင်း စစ်ရေးအရ အထိနာနေသည့် စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ရသေ့တောင်...
September 4, 2026
မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်၊ သီးကုန်းကျေးရွာအတွင်းသို့ စစ်အုပ်စုတပ် စစ်ကြောင်း ရုတ်တရက်...
September 4, 2026
ရခိုင်ပြည်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့၏ ကမ်းခြေတစ်လျှောက်တွင် စစ်အုပ်စုတပ်က...
September 4, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ ရေယာဉ်...