ရခိုင်က မြို့နယ် ၃ ခုကို စစ်ကောင်စီ တစ်ပြိုင်တည်း ဗုံးကြဲ၊ အရပ်သား ၇ ဦး သေဆုံးပြီး ၁၂ ဦးထက်မနည်း ဒဏ်ရာရ

ရခိုင်က မြို့နယ် ၃ ခုကို စစ်ကောင်စီ တစ်ပြိုင်တည်း ဗုံးကြဲ၊ အရပ်သား ၇ ဦး သေဆုံးပြီး ၁၂ ဦးထက်မနည်း ဒဏ်ရာရ

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ကျောက်ဖြူမြို့နယ်တို့ကို အောက်တိုဘာ ၃၀ တစ်ရက်တည်းတွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၆ ဦး သေဆုံးပြီး ၁၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၃၀ ရက်၊ နံနက် ၉ နာရီကျော်တွင် ရသေ့တောင်မြို့နယ်၊ အောက်ဇီးကိုင်းကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲမှုတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

အလားတူ ပုဏ္ဏားကျွန်းမြို့ကို နေ့လည် ၃ နာရီခန့်က စစ်ကောင်စီက ဗုံး ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက် ခဲ့သဖြင့် အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းနေ့တွင်ပင် ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကုန်ဘွေကျေးရွာကို ညနေ ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ဒေသခံ ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီသည် ရခိုင်က မြို့နယ်များကို လေကြောင်း၊ လက်နက်ကြီးအပြင် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှု ရက်ဆက်ပြုလုပ်လာသဖြင့် ဒေသခံများ စိုးရိမ် ထိတ်လန့်နေကြကြောင်း သိရသည်။

“ဒီရက်ပိုင်း ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတော့ စိတ်မလုံခြုံသလို ခံစားရတယ်။ ဈေးသွားရင်တောင် အသံကျယ်ကျယ်တွေ ကြားရင် အထိတ်တလန့် ဖြစ်တယ်။ စစ်ကောင်စီမှာက အကုန်လုံးကို ပစ်မှတ်ထားနေတော့ စိုးရိမ်မှုတွေတော့ ရှိတာပေါ့ ” ဟု မြောက်ဦးဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အောက်တိုဘာ ၂၉ ရက်ကလည်း ပေါက်တောမြို့နယ်၊ တောင်ညိုကျေးရွာကို နေဗီက စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည် တိုက်ပွဲမရှိသည့် အရပ်သားနေထိုင်ရာ အဆောက်အဦးများကို စစ်ရေးပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုကို အရှိန်မြင့်လုပ်ဆောင်လာနေသဖြင့် အရပ်သား သေဆုံးဒဏ်ရာရရှိမှုမှာလည်း နေ့စဉ်နှင့်အမျှ တိုးလာနေသည်။

ရခိုင်တွင် အောက်တိုဘာလအတွင်း စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ဒေသခံ ၆ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၇ ဦးထက် မနည်းရှိကြောင်း DMG မှ ကောက်ယူထားသည့် စာရင်းအရ သိရသည်။

ယင်းအပြင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုမှာ နေ့စဉ်ရက်ဆက်ရှိနေသဖြင့် ဒေသခံများအနေဖြင့် စစ်ရေးသတိရှိရန်နှင့် လေကြောင်းအန္တရာယ်အထူးသတိထားရန် သတိပေးမှုများလည်း ရှိနေသည်။

“ရခိုင်ဖက်ကိုလည်း စစ်ကောင်စီက မကြာခင်ထိုးစစ်ဆင်နိုင်တယ်လို့ ယူဆရတယ်။ အခုနောက်ပိုင်းလည်း လေကြောင်းတိုက်ခိုက်မှုတွေ ရခိုင်ဖက်ကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာကို တွေ့ရတယ်။ နောက်ပြီး တိုက်ပွဲဖြစ်နေတဲ့ စစ်တွေနဲ့ အစပ်နေရာတွေကို စစ်ရေးတိုက်ခိုက်မှုတွေကို အရှိန်မြင့်လုပ်ဆောင်လာနိုင်တဲ့အတွက် ပြည်သူတွေ စစ်ရေးသတိရှိရှိနဲ့ နေထိုင်ကြဖို့ လိုအပ်တယ်” ဟု စစ်ရေးစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။

လက်ရှိ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်တွင် စစ်ရေးတင်းမာနေပြီး လက်နက်ကြီး၊ ဒရုန်းများဖြင့် အပြန်အလှန်ပစ်ခတ်မှုများ နေ့စဉ်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်မြို့သိမ်းတိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးငယ်တို့ဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ်သား သေဆုံးသူ ၉၇၀ ဦး၊ ဒဏ်ရာရသူ ၂,၀၅၄ ဦးရှိကြောင်း ULA ၏ လူသားချင်စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က အောက်တိုဘာ ၂၅ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...