စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ကရင်ချောင်းရွာ၌ စစ်အုပ်စုတပ်စွဲထားမှုကြောင့် ဒေသခံများ နေအိမ်မပြန်ရဲ

စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ကရင်ချောင်းရွာ၌ စစ်အုပ်စုတပ်စွဲထားမှုကြောင့် ဒေသခံများ နေအိမ်မပြန်ရဲ
Photo credit - CJ
Photo credit - CJ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကရင်ချောင်းရွာ၌ ယခု အောက်တိုဘာ နောက်ဆုံးအပတ်အတွင်း စစ်အုပ်စုအင်အားဖြည့်တပ် စွဲထားခြင်းကြောင့် ကရင်ချောင်းအပါအဝင် ကျေးရွာ (၃) ရွာထက်မနည်း စစ်ရှောင်နေရသော ဒေသခံများသည် လက်ရှိအချိန်ထိ နေအိမ်မပြန်ရဲကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၀) ရက်နေ့က စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း ရွာသစ်ကျေးရွာရှိ စစ်အုပ်စုကို တော်လှန်ရေးအင်အားစုများ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်အုပ်စုက ထိုနယ်မြေတစ်ကြောတွင် လေကြောင်းနှင့် လက်နက်ကြီးဖြင့်ပါ ပစ်ခတ်လျက်ရှိသည့်အပြင် စစ်ကြောင်းထိုးဝင်မှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် ပိန္နဲပင်၊ ကရင်ချောင်းရွာများဘက်သို့ စစ်ကြောင်းဝင်လာပြီးနောက် ကရင်ချောင်းတွင် တပ်စွဲထားသဖြင့် ဒေသခံများ နေအိမ်မပြန်ရဲဘဲ တောတောင်များအတွင်း ထွက်ပြေး တိမ်းရှောင်နေရသည်ဟု အခြေအနေကို သိရှိသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ပြေးရတဲ့သူတွေက အိမ်တောင် ပြန်မကြည့်ရဲဘူး။ အရင်ရက်က တိုက်ပွဲဖြစ်တော့ မြစ်ကိုကူးပြီးလာတဲ့ အင်အားပါ ထပ်တိုးထားတယ်။ ပြီးတော့ ကရင်ချောင်းနားမှာပဲ သူတို့ ပြန်ထိုင်တာ။ အဲ့နားက ရွာတွေ တောတောင်ထဲ ပြေးကြတယ်။ မြို့ကို ပြေးဖို့ဆို စစ်တောင်းမြစ် ဖြတ်ရသေးတယ်လေ။ အဲဒီလမ်းမှာ စကစ ပိတ်ထားတော့ မြို့ကို ပြေးလို့ မရလို့” ဟု အဆိုပါ အမျိုးသားက ပြောသည်။

တိုက်ပွဲစဖြစ်သည့် ရက်မှ အောက်တိုဘာ ၂၈ ရက်နေ့အထိ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတစ်လျှောက် လေကြောင်းတိုက်ခိုက်မှု (၃) ကြိမ်ရှိခဲ့ကြောင်းလည်း နယ်မြေတွင်း စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

စစ်ရေးလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် (၂) စစ်ဆင်ရေးနယ်မြေ တပ်ရင်းက အောက်တိုဘာ (၂၁) ရက်နေ့တွင် ထုတ်ပြန်ချက်အရ ရွာသစ်ရွာတိုက်ပွဲ၌ စစ်အုပ်စု တပ်ရင်းမှူးအပါအဝင် (၁၅) ဦး သေဆုံးပြီး စစ်သုံ့ပန်း (၂) ဦးနှင့် လက်နက်ခဲယမ်းများကိုလည်း ရရှိခဲ့ကြောင်း ဖော်ပြသည်။

ထိုနောက်ပိုင်း စစ်အုပ်စုက လေကြောင်းအပြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကမ်းနားတစ်လျှောက် ရွာ (၅) ရွာထက်မနည်းရှိ ဒေသခံအများအပြား စစ်ရှောင်ခဲ့ရသည်ဟု တော်လှန်ရေးနှင့် ဒေသခံသတင်းအရင်းအမြစ်က ဆိုသည်။

တော်လှန်ရေးအင်အားစုများဘက်ကလည်း စစ်ကြောင်းထိုးဝင်မှုနှင့် ထိတွေ့တိုက်ပွဲများ တကျော့ ပြန်ဖြစ်ပွားလာခြင်းကြောင့် သတိထားသွားလာကြရန် စစ်တောင်းမြစ်ကမ်းရှိ ကျေးရွာများကို သတိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် (၂) နယ်မြေတွင်ရှိပြီး ပဲခူးရိုးမနှင့် ဆက်စပ်နေသည့် စစ်တောင်းမြစ်ဝှမ်းဒေသတွင် NUG ၏ ကာကွယ်ရေးဌာနလက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များအပြင် ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၃) KNLA တပ်ဖွဲ့များလည်း စစ်ရေးပူးပေါင်း လှုပ်ရှားသည်။

CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...
Photo : SHRF
May 20, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်သည့် ရှမ်း-တရုတ်နယ်စပ်၊...
May 19, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း ကွမ်းသီးခြောက် ဝယ်လိုအားနှင့်...
May 18, 2026
စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ...