ရွေးကောက်ပွဲတွင် အဓမ္မ ဆန္ဒမဲ ပေးခိုင်းခြင်းအပေါ် ချင်းပြည်သူများ မဲမပေးရန် ချင်းပြည်ကောင်စီ ကြေညာ

ရွေးကောက်ပွဲတွင် အဓမ္မ ဆန္ဒမဲ ပေးခိုင်းခြင်းအပေါ် ချင်းပြည်သူများ မဲမပေးရန် ချင်းပြည်ကောင်စီ ကြေညာ
Photo credit - CJ
Photo credit - CJ

ချင်းပြည်သူများအနေဖြင့် စစ်ကော်မရှင်က ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲများကို ပူးပေါင်းဆောင်ရွက်မှု မပြုဘဲ အဓမ္မဆန္ဒမဲပေးရန် စေခိုင်းခြင်းအပေါ် ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ရွေးချယ်ခွင့်ကို ကျင့်သုံးပြီး မဲပေးခြင်း မပြုရန် ချင်းပြည်ကောင်စီက ကြေညာသည်။

ချင်းပြည်ကောင်စီသည် အာဏာသိမ်းစစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲအပေါ် ကန့်ကွက်ကြောင်းကို အောက်တိုဘာလ ၂၉ ရက် ထုတ်ပြန်ရာတွင် ထည့်သွင်းအကြံပြုထားခြင်း ဖြစ်သည်။

စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲ အစီအစဉ်အားလုံးနှင့် ထွက်ပေါ်လာမည့် ရလဒ်များကို လုံးဝဆန့်ကျင် ကန့်ကွက်ကြောင်း၊ ချင်းပြည်အတွင်းရှိ Non-CDM ဝန်ထမ်းများ ရွေးကောက်ပွဲတွင် ပါဝင်ခြင်းသည် စစ်တပ် အုပ်ချုပ်ရေးကို သက်ဆိုးရှည်စေမည့် အထောက်အကူပေးမှုဖြစ်ကြောင်းကို သိရှိနားလည်ထားရန် ထပ်မံ သတိပေး ထုတ်ပြန်သည်၊၊

ချင်းပြည်နယ်တွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲများအပေါ် အတင်းအဓမ္မ ဆန္ဒမဲပေးရန် စေခိုင်းခြင်းအပေါ် ချင်းလူထု အနေဖြင့် မိမိ၏ ကိုယ်ပိုင် လွတ်လပ်ခွင့်နှင့် ရွေးချယ်ခွင့်ကို ကျင့်သုံးကာ ဆန္ဒမဲပေးခြင်း မပြုရန်၊ ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် ချင်းပြည်ကောင်စီက တိုက်တွန်းနှိုးဆော်သည်။

စစ်ကော်မရှင်၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲသည် စစ်တပ်အုပ်ချုပ်ရေးနှင့် စစ်အာဏာရှင်စနစ် ဆက်လက်တည်တံ့ရေးကိုသာ ဦးတည်နေ၍ နိုင်ငံရေးပဋိပက္ခကို ပိုကြန့်ကြာစေမည်ဟု ချင်းပြည်ကောင်စီက ဆိုသည်။

အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် စစ်တပ်ဦးဆောင်ကျင်းပသည့် ရွေးကောက်ပွဲကို အသိအမှတ် မပြုရန်နှင့် မည်သည့် ပံ့ပိုးမှုမျှ မပြုလုပ်ရန်လည်း ချင်းလန်းကောင်စီက တောင်းဆိုသည်။

စစ်ကော်မရှင်သည် နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများကို လိမ်လည်လှည့်ဖြားကာ ရွေးကောက်ပွဲ ဥပဒေများကို ပြင်ဆင်ပြဌာန်ပြီး စစ်ဘေးရှောင် နေရပ်စွန့်ခွာ ပြည်သူများကိုလည်း ကြိုတင်မဲပေးနိုင်ရန် လုပ်ဆောင်နေသည်ဟု သိရသည်။

ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၁ အတွက် စစ်ကော်မရှင်သည် မဲစာရင်း စုစည်းခြင်း၊ Non – CDM ဝန်ထမ်းများနှင့် နိုင်ငံရေးပါတီတချို့ကို အသုံးချကာ မဲစာရင်းများ ကြည့်ရှုရန် လှုံ့ဆော်ခြင်း၊ မဲပေးစက်ဖြင့် ဆန္ဒမဲ ပေးနိုင်ရေးအတွက် ကြိုတင်စမ်းသပ်လေ့ကျင်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

ရွေးကောက်ပွဲ အပိုင်း ၁ တွင် ချင်းပြည်နယ်မှာ ဟားခါးနှင့် တီးတိန်မြို့တို့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

May 21, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသော ZFU/PDF-Zoland က ကချင်လွတ်လပ်ရေးတပ်မတော်...
May 20, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့ကို အာဏာသိမ်းစစ်တပ်နှင့် ZRA – EC ပူးပေါင်းတပ်များ၏...
May 18, 2026
ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ဖလမ်း- ဟားခါး လမ်းပိုင်း...
May 15, 2026
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်ရှိသော ကူကီး...