“၁၀၂၇ စစ်ဆင်ရေး”အောက်က အမျိုးသမီးများ၏ အိပ်မက်ဆိုး

“၁၀၂၇ စစ်ဆင်ရေး”အောက်က အမျိုးသမီးများ၏ အိပ်မက်ဆိုး

“အဲ့နေ့က ကျမတို့ ကျည်ထိပြီး သေပြီထင်ခဲ့တာ။ အိမ်ရှေ့မှာ လက်နက်ကြီး တစ်လုံးကျတယ်။ ပြီးတော့ မိုးကလည်းရွာ။ လက်နက်ကြီးသံကြား သမီးက တစ်ဖက်၊ ၇ လအရွယ် သားငယ်လေးက တစ်ဖက်နဲ့ အရဲစွန့်ပြီး ထွက်ပြေးရတာ”ဟု *နန်းလောဝ်ခမ်းတစ်ယောက် စစ်ဘေးရှောင်ခဲ့ရသည့် အကြောင်းအား ပြန်ပြောနေသည်။

*နန်းလောဝ်ခမ်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ထိုအဖြစ်အပျက်သည် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း စစ်ကော်မရှင်တပ်၏ သျှမ်းပြည်မြောက်ပိုင်း တန်ပြန်ထိုးစစ်တွင် ဖြစ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာလ ၂၇ ရက်မှ စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး”သည် သျှမ်းပြည်မြောက်ပိုင်း မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ပြည်ထောင်စု လမ်းမကြီး တကြောတွင် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သော ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA )၊ ရက္ခိုင့်တပ်တော် (AA) တို့နှင့် စစ်ကော်မရှင်တပ်ကြား တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားခဲ့သည်။

ထိုထဲတွင် နန်းလောဝ်ခမ်းတို့ နေထိုင်သည့် ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာသည်လည်း လွန်ခဲ့သော ၂၀၂၃ အောက်တိုဘာလတွင် တစ်ကြိမ်၊ ၂၀၂၄ နိုဝင်ဘာလတွင် တစ်ကြိမ်နှင့် ၂၀၂၅ ဇူလိုင်လတွင် နောက်တစ်ကြိမ် စစ်ရေးပဋိပက္ခ ကြုံခဲ့ရပြီး ရွာလုံးကျွတ် ထွက်ပြေးခဲ့ရသည်။

ထို့ကြောင့် *နန်းလောဝ်ခမ်းတို့ မိသားစုသည် “၁၀၂၇ စစ်ဆင်ရေး”အတွင်း စစ်ဘေးတိမ်းရှောင်ခဲ့ရသည်မှာ သုံးကြိမ်တိုင်တိုင် ရှိခဲ့သည်။

“ကျမတို့ မိသားစု လက်နက်ကြီး၊ လက်နက်သံကြားကနေ ထွက်ပြေးရတာ ၃ ကြိမ်ရှိပြီ။ တိုက်ပွဲဖြစ်ရင် ရွာကနေ လွတ်တဲ့နေရာ ခဏရှောင်၊ တိုက်ပွဲသံ လက်နက်သံငြိမ်ရင် ရွာပြန်ပေါ့။ တစ်ခါရှောင်ရင် လနဲ့ချီ ရှောင်ရတာ” ဟု နန်းလောဝ်ခမ်းက စစ်ရေးပဋိပက္ခကြား ရှောင်ရပြေးရသော အကြောင်းကို ဝမ်းနည်းသည့် လေသံဖြင့် ပြောသည်။

နန်းလောဝ်ခမ်းတစ်ယောက် ပထမအကြိမ် စစ်ဘေးရှောင်ရချိန်တွင် ၈ လခန့် အရွယ်ရှိ သူမ၏ သမီးကြီးကို ချီပိုးပြီး ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသကဲ့သို့ တတိယအကြိမ် ထပ်မံတိမ်းရှောင်ရသည့် အခါတွင်လည်း ဒုတိယသားငယ်ကို မွေးဖွားပြီး ၇ လသားအရွယ်နှင့် ထွက်ပြေးခဲ့ရသဖြင့် အလွန်ပင် စိုးရိမ်ပူပန်ခဲ့ရကြောင်း ဆိုရှာသည်။

ထိုသို့ စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေချိန်တွင် နန်းလောဝ်ခမ်းတို့ မိသားစုသည် ကျောက်မဲမြို့နယ် နောင်ပြစ် ကျေးရွာနှင့် ၂၂ မိုင်ခန့် ဝေးကွာသော ကျေးရွာတစ်ရွာရှိ အသိမိတ်ဆွေ နေအိမ်တွင် သွားရောက် ခိုလှုံခဲ့ရသည်။

ထို့အပြင် လက်နက်ကြီးသံ ကြားပြီဆိုတိုင်း သမီးကိုချီပြီးသားကို ကျောပိုးကာ လေးလုံးထိုး ထော်လာဂျီအပေါ် အဝတ်အစားနှင့် ရိက္ခာများ တင်ကာ မိုးရေထဲ စိုစိုရွှဲရွှဲ ပြေးလွှားခဲ့ရသည့်အချိန်၊ တတိယအကြိမ် ထွက်ပြေးခဲ့ရချိန်တွင်လည်း လသားအရွယ် သားငယ်မှာ အပြင်းအထန် ဖျားနာမှုကြောင့် ညအချိန် မိုးရေထဲ ပြေးလွှားပြီး ဆေးဆိုင်ရှာခဲ့ရသည့် အချိန် – ထိုအချိန်များ အားလုံးသည် နန်းလောဝ်ခမ်းအတွက် တစ်သက်မမေ့နိုင်စရာပင်။

“မိုးလည်းရွာ ညလည်းဖြစ် အဖျားအရမ်းတက်တဲ့ သားငယ်အတွက် ဆေးဆိုင်ရှာရ၊ ဆရာဝန်ရှာရတာ တော်တော်လေး ခက်ခဲတယ်။ ကိုယ့်အိမ် ကိုယ့်ရွာဆိုရင် ဒီလိုဖြစ်မှာ မဟုတ်ဘူးဆိုပြီး စိတ်မကောင်းဖြစ်၊ ငိုလည်းငိုမိတယ်” ဟု မိခင်တစ်ယောက်၏ ပူဆွေးသောကကို နန်းလောဝ်ခမ်းက ပြောလေသည်။

ယခုနှစ် ၂၀၂၅ အောက်တိုဘာ ၁ရက်တွင် စစ်ကော်မရှင် က ကျောက်မဲမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။



“၁၀၂၇ စစ်ဆင်ရေး” စစ်ဘေးရှောင်များသည် သီးသန့် စစ်ဘေးရှောင်စခန်းမရှိသကဲ့သို့ စစ်ဘေးရှောင်တိုင်း အသိမိတ်ဆွေအိမ်နှင့် ဘုန်းကြီးကျောင်းသို့ ခေတ္တနားခိုရသောကြောင့် တိုက်ပွဲ လက်နက်ကြီးပစ်သံ ငြိမ်သွားတိုင်း မိမိနေရပ်သို့ အရဲစွန့်ပြန်ကြသည်။



ထို့ကြောင့် နန်းလောဝ်ခမ်းတို့ မိသားစုလည်း တိုက်ပွဲ လက်နက်သံမရှိသည့်အတွက် နေရပ်ပြန်သွားခြင်းဖြစ်သည်။

သို့သော် နေရပ်ကို ပြန်လာနိုင်ချိန်တွင် လက်နက်ကြီးကြောင့် ပျက်စီးယိုယွင်းနေသော နေအိမ်ကိုသာ မြင်ရပြီး ထိုအိမ်ထဲတွင် နွေးထွေးလုံခြုံမှု မရှိဘဲ ကြောက်စိတ်ဖြင့်သာ ပြန်နေနေရသည်။

“ရွာကိုပြန်ရောက်တော့ ရွာပျက်တခုလိုပဲ။ အိမ်တွေကလည်း လက်နက်ကြီးဒဏ် ကျည်ဒဏ်တွေနဲ့ ပျက်စီးနေတာ၊ တချို့အိမ်ဆို မီးလောင်လို့ ပြန်နေလို့တောင် မရတော့ဘူး”ဟု နန်းလောဝ်ခမ်းက သူမြင်တွေ့ခဲ့သော ကျေးရွာအတွင်း အဖြစ်အပျက်များကို ပြန်ပြောနေသည်။

ကျေးရွာသို့ ရောက်ရောက်ချင်းပင် သူခိုးလက်ချက်ကြောင့် ဗရပွ ပြန့်ကျဲနေသည့် အဝတ်အစားများ၊ ပစ္စည်းများ၊ လက်နက်ကြီးကြောင့် ပေါက်ပြဲပျက်စီးနေသည့် အိမ်တို့ကို ကလေးတစ်ဖက်ချီရင်း ရပ်ကြည့်စဉ် ထိန်းချုပ်ထားတဲ့ မျက်ရည်များလည်း အလိုလို စီးကျလာကြောင်း သူမက စိတ်ပျက်အားငယ်စွာ ဆိုပြန်သည်။

“အခုထိ ကျမတို့ အိမ်အပေါ်ထပ်ဆိုရင် လက်နက်ကြီးထိထားတာ၊ မိုးကာနဲ့ပဲ အုပ်ပြီး နေနေရတယ်။ မိုးရွာရင် မိုးယိုလို့ အားလုံးစိုတယ်”ဟု နန်းလောဝ်ခမ်းက လက်နက်ကြီးကြောင့် ပျက်စီးခဲ့သည့် အိမ်အခြေအနေကို ပြောပြသည်။

အလားတူပဲ TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာကို အောက်တိုဘာလ ၄ ရက်တွင် စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် ကလေးငယ် ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ်အမြောက်အများ ပျက်စီးဆုံးရှုံးခဲ့သည်။

အဆိုပါ လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ်ပျက်စီးသည့်ထဲတွင် အသက် ၇၀ အရွယ်ရှိ *ဖွားစောတို့ နေအိမ်လည်း အပါအဝင် ဖြစ်သည်။

“အခုဆိုရင် နေစရာအိမ်လည်း မရှိဘူး၊ အိုးခွက်ပန်းကန်လည်း မရှိဘူး။ ဘာတစ်ခုမှ မရဘူး၊ သူများအိမ်မှာ အိပ်စားနေရတာ”ဟု* ဖွားစော က ဗုံးဒဏ်ကြောင့် ပြိုကျသွားသည့် နေအိမ် အဆောက်အဦကို ကြည့်ကာ တုန်ရီနေသော လေသံဖြင့် ပြောနေသည်။

နှစ်ပေါင်း ၇၀ ကျော်ကြာ နေလာသည့်အိမ် ပျက်စီးသွားသည်ကို မြင်ရသည်မှာ ဝမ်းနည်းကြောင်း၊ လက်ရှိ အိမ်ပြန်ဆောက်ရန် ငွေရေးကြေးရေးကအစ မရှိတော့ကြောင်း ဖွားစောက စိတ်မကောင်းစွာဖြင့် ပြောသည်။

နေရပ်ပြန် အမျိုးသမီးနှင့် မြေမြှုပ်မိုင်းအန္တရာယ်

သျှမ်းပြည်မြောက်ပိုင်းရှိ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်လျှောက်နှင့် ပိုးလမ်းမစီမံကိန်း BRI ဖြတ်သန်းသွားမည့် ဒေသတစ်လျှောက် ဖြစ်ပွားခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းအတွင်း စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်တပ်သည် သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသည့် သိန္နီမြို့ အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ခြေလျင်တပ်မဟာ၊ လောက်ကိုင်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ တပ်ရင်းအဆင့် တပ်စခန်းပေါင်း များစွာနှင့် မြို့ပေါင်း ၁၀ မြို့ကျော်ကို လက်လွှတ်ခဲ့ရပြီး ရာထောင်ချီသည့် စစ်သားများနှင့် လက်နက်ခဲယမ်းများစွာ ဆုံးရှုံးသည်အထိ အထိနာခဲ့သည်။

သို့သော် တရုတ်နိုင်ငံက ကြားဝင်စေ့စပ် ဖိအားပေးသဖြင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် စစ်ကော်မရှင်တပ်တို့သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ဟိုင်ဂင်ဟိုတယ်တွင် ဆွေးနွေးပွဲ ၅ ကြိမ် ပြုလုပ်ခဲ့ပြီး ယာယီအပစ်အခတ် ရပ်စဲခဲ့ကြသည်။

ညီနောင်မဟာမိတ်နှင့် စစ်ကော်မရှင်အကြား အဆိုပါ ယာယီအပစ်ရပ်စဲမှုသည် ရေရှည်မခံဘဲ ယမန်နှစ် ၂၀၂၄ ဇွန်လ ၂၅ ရက်တွင် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအဖြစ် ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့တို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီး လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကျရှုံးကာ မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူးမြို့နယ်သို့ပါ စစ်မီး ကူးစက်လာသည့်အထိ တိုက်ပွဲအရှိန် ပြန်လည်မြင့်တက်လာခဲ့သည်။

အခြားတစ်ဘက်တွင် တရုတ်နိုင်ငံ၏ ကြားဝင်စွက်ဖက်မှုဖြင့် ယခုနှစ် ၂၀၂၅ ဧပြီလထဲတွင် စစ်ကော်မရှင်တပ်က လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA လက်ထဲမှ ပြန်လည်ရယူခဲ့ပြီး လေကြောင်းပစ်ကူ၊ မြေပြင်စစ်ကြောင်း အင်အားအများအပြားဖြင့် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ကို ၁၁လအကြာ ထိုးစစ်ဆင်မှုကြောင့် ၂၀၂၅ ဇူလိုင် ၁၅ ရက်တွင် နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

အလားတူပင် ကျောက်မဲမြို့ကိုလည်း ၂၀၂၅ အောက်တိုဘာ ၁ ရက်နေ့တွင်လည်းကောင်း၊ သီပေါမြို့ထဲသို့ အောက်တိုဘာ ၁၆ ရက်နေ့တွင်လည်းကောင်း စစ်ကော်မရှင်တပ်က အသီးသီး ပြန်လည်ဝင်ရောက် နေရာယူခဲ့သည်။

ထို့နောက်တွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များလည်း မြေမြှုပ်မိုင်းနှင့် စစ်အကြွင်းအကျန်လက်နက်များ ရှိနေသည့်ကြားထဲမှ စိုးရိမ်ထိတ်လန့်မှုဖြင့် နေရပ်ပြန်လာခဲ့ကြသည်။

ထိုသို့ နေရပ်ပြန်လာပြီး ရက်သတ္တပတ်အကြာ၌ ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာတွင် နေထိုင်သည့် အသက် ၄၀ ကျော်အရွယ် နန်းဟွမ် တစ်ယောက် မုံညှင်းစိုက်ပျိုးရန် အိမ်ခြံဝန်းထဲ ပျိုးဘောင်ပြုလုပ်နေစဉ် မြေမြှုပ်မိုင်း နင်းမိပြီး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသည်။

“မိုင်းနင်းမိတာ သူတို့အိမ် ခြံစည်းရိုးနားမှာပါ။ သူက မုံညှင်းစိုက်ဖို့ ပျိုးဘောင်လုပ်နေတုန်း နင်းမိတာပဲ။ အသံတော်တော်ကျယ်တယ်၊ အဲ့နေ့က ကျမတို့လည်း တော်တော်လန့်သွားတာပေါ့။ အခုတော့ ခြေတစ်ဖက် ဖြတ်လိုက်ရပြီ” ဟု နန်းဟွမ်၏ အိမ်နီးချင်း အမျိုးသမီးတစ်ဦးက ပြန်ပြောင်းပြောပြသည်။

မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသည့် နန်းဟွမ်သည် ဆေးကုသစရိတ် လိုအပ်နေသည့်အပြင် တစ်ဘက်မှာလည်း အလုပ်အကိုင် မလုပ်နိုင်တော့သဖြင့် စားဝတ်နေရေးအတွက် ခက်ခဲနေသည်။

“သူတို့အိမ်က လက်နက်ကြီးကျလို့ မီးလောင်တဲ့ထဲ ပါတယ်။ အခု နေစရာလည်း ခက်ခဲသလို ဆေးကုဖို့လည်း ခက်ခဲနေတယ်။ သူက ခြေထောက်တစ်ဖက် ဖြတ်လိုက်ရတော့ အလုပ်လည်း မလုပ်နိုင်တော့လို့ လောလောဆယ် အကူအညီလိုတယ်။ ကျမတို့တောင် ပြန်သာ လာရတာ မြေနင်းရမှာ ခပ်လန့်လန့် ဖြစ်နေတယ်” ဟု မိုင်းနင်းမိသည့် နန်းဟွမ်၏ အိမ်နီးချင်းက ထပ်လောင်းပြောသည်။

လက်ရှိတွင် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်ထားသော်လည်း မြေမြှုပ်မိုင်းနှင့် စစ်လက်နက် အကြွင်းအကျန်များကို ယနေ့ထိ လာရောက်ရှင်းလင်းပေးခြင်း မရှိပေ။ ထို့အပြင် မြေမြှုပ်မိုင်းများကို နေရာတိုင်းလိုလိုပင် တွေ့ရှိနေကြောင်း ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာတွင် နေထိုင်သည့် နန်းလောဝ်ခမ်းက ပြောသည်။

“ကျမတို့က နေရပ်ပြန်လာတော့ မိုင်းနေ့တိုင်းတွေ့တယ်။ တစ်ရက်ကို ၄ လုံး၊ ၅ လုံးလောက် တွေ့တယ်။ အခုထိ မိုင်းကို လာရှင်းပေးတာ မရှိဘူး၊ တွေ့လို့ သွားခေါ်ရင် လာယူခိုင်းဖို့တောင် ပိုက်ဆံပေးရတယ်” ဟု နန်းလောဝ်ခမ်းက နေရပ်ပြန်ပြီးနောက် ကြုံတွေ့ရသည့် မြေမြှုပ်မိုင်းပြဿနာကို ရှင်းပြသည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန် လက်နက်ပစ္စည်းကြောင့် ထိခိုက်သေဆုံးသူများတွင် သျှမ်းပြည်သည် အများဆုံးဖြစ်ကြောင်း မြေမြှုပ်မိုင်းနှင့် ထပ်ဆင့် ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ၂၀၂၅ ဖေဖော်ဝါရီ ၂၆ ရက်ထုတ် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အများစုဟာ အရပ်သားတွေဖြစ်ပါတယ်။ ဒုက္ခသည် အများစုဟာ တိုက်ပွဲ ရပ်တန့်သွားတာနဲ့ ကိုယ်နေရပ်ကို အမြန်ဆုံးပြန်ချင်တာပါပဲ။ အဲ့လို ပြန်ကြတဲ့အခါမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် အန္တရာယ်မဖြစ်အောင်၊ ဖြစ်လာရင်လည်း ကောင်းကောင်းမွန်မွန် ဆေးကုသမှုပေးတဲ့ အခြေအနေ မရှိသေးတာ တွေ့ရပါတယ်” ဟု မြေမြှုပ်မိုင်း အသုံးပြုမှု စောင့်ကြည့်ရေးအဖွဲ့ သုတေသီ ယက်စ်ဟူဟွာ မိုဆာပူအန်စူဝမ်က ပြောသည်။

ယခုနှစ် ၂၀၂၅ အောက်တိုဘာ ၂၅ ရက်တွင်လည်း ကျောက်မဲမြို့သို့ စစ်ဘေးရှောင်နေသည့် အမျိုးသားတစ်ဦးနှင့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ၁၃ မိုင်ခန့် ကွာဝေးသော ၎င်းတို့နေရပ်ဖြစ်သည့် ကျောက်မဲမြို့နယ် နမ့်မန်းကျေးရွာသို့ စပါးပြန်ယူနေစဉ် လမ်းတွင် ဆွဲမိုင်းနင်းမိကာ မိန်းကလေးငယ် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

“ကျနော်တို့ ရွာကို ပစ္စည်းပြန်ယူတာပါ။ ကားတွေ ဆိုင်ကယ်တွေ သွားလို့ရပြီဆိုလို့ ကျနော်တို့ သွားလိုက်တာ။ ကျနော်လည်း မိုင်းစနည်းနည်းထိတယ်၊ ကလေးမကတော့ ပွဲချင်းပြီးပဲ။ နောက်နောင် ကျန်သူတွေ မသွားစေချင်ဘူး” ဟု မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် အသက် ၅၀ ကျော် အမျိုးသားက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် မိုင်းအသစ် အသုံးပြုမှု သိသိသာသာ တိုးများလာနေပြီး၊ ထိုထဲတွင် သျှမ်းပြည်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း မြှုပ်ထားသော မြေမြှုပ်မိုင်းများလည်း ယခင်ကထက် ပိုများလာနေကြောင်း ပြည်သူများက ပြောသည်။

ထိုမြေမြှုပ်မိုင်းပြဿနာကို နယ်မြေထိန်းချုပ်ထားသည့် စစ်ကော်မရှင်တပ်နှင့် ညီနောင်မဟာမိတ် တပ်ဖွဲ့များကလည်း တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိဘဲ ဥပေက္ခာပြုနေကြောင်း ပြည်သူများက ပြောဆိုသည်။

“၁၀၂၇ စစ်ဆင်ရေး”နှင့် အမျိုးသမီးများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေး မြောက်ပိုင်းညီနောင်မဟာမိတ်

သုံးဖွဲ့ ဦးဆောင်သော “၁၀၂၇ စစ်ဆင်ရေး”သည် ယနေ့ဆိုလျှင် နှစ်နှစ်တိုင်လာခဲ့ပြီ ဖြစ်သည်။

“၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းကြောင့် သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော ဆုံးရှုံးမှုမျိုးကို ရင်ဆိုင်ခဲ့ရသည့် စစ်ကော်မရှင်တပ်၏ တန်ပြန်ထိုးစစ်များမှာ လေကြောင်းဖြင့် နေ့စဉ်ရက်ဆက် ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ထိုနှစ်နှစ်အတွင်း အရပ်သားသေဆုံးမှု တစ်ထောင်ကျော် ရှိခဲ့ပြီး တစ်ထောင်ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သျှမ်းသံတော်ဆင့်မှ ကောက်ယူထားသော မှတ်တမ်းများအရ သိရသည်။

ထိုထဲတွင် သေဆုံးသူ ထက်ဝက်နီးပါးမှာ အမျိုးသမီးနှင့် ကလေးငယ်များ ဖြစ်ကြပြီး ထိခိုက်သေဆုံးသူ အများစုသည် “၁၀၂၇ စစ်ဆင်ရေး”အတွင်း တိုက်ပွဲပြင်းထန်ခဲ့သည့် လောက်ကိုင်၊ သိန္နီ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်နှင့် ပန်ဆိုင်းမြို့တို့ ဖြစ်သည်။

ထို့အပြင် သျှမ်းပြည်မြောက်ပိုင်းတွင်TNLA၊ MNDAA နှင့် စစ်ကော်မရှင်တပ်တို့အကြား စစ်ရေးပဋိပက္ခကြောင့် စစ်ရှောင်ပြည်သူ (၅) သိန်းနီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ပေါင်းစပ် ညှိနှိုင်းရေးရုံး UNOCHA က ၂၀၂၄ အောက်တိုဘာလ (၁၀) ရက်တွင် သတင်းထုတ်ပြန်ထားသည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်လာပြီးနောက်ပိုင်း အမျိုးသမီးများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးသည် ဆိုးရွားသည်ထက် ဆိုးရွားလာပြီး စစ်ဘေးဒဏ်ကြောင့် အမျိုးသမီးငယ်များ၏ ဘဝများစွာ ပျက်စီးလာနေကြောင်း သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် အမျိုးသမီးအရေး တက်ကြွစွာ ဆောင်ရွက်နေသူတစ်ဦးက ထောက်ပြသည်။

လက်ရှိ အခြေအနေအရ စစ်ဘေးဒဏ်ကို သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ ကလးသူငယ်များက ခါးစည်းခံနေရပြီး အဆမတန် မြင့်တက်လာသည့် ကုန်စျေးနှုန်းနှင့် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း၊ ပညာသင်ကြားခွင့် မရှိခြင်းတို့ ဖြစ်ပေါ်နေသည်။

ထို့ကြောင့် အရွယ်မရောက်သေးသည့် မိန်းမပျိုလေးများသည် အာဏာနှင့်ငွေကြေးရှိသူများ၏ အပျော်မယား၊ ပြည့်တန်ဆာအဖြစ် သွားရောက်လုပ်ကိုင်ခြင်း၊ KTV နှင့် မာဆတ်တို့တွင် သွားရောက်လုပ်ကိုင်ခြင်း စသဖြင့် နည်းလမ်းမျိုးစုံ ရှိနေကြောင်း အဆိုပါ တက်ကြွလှုပ်ရှားသူ အမျိုးသမီးက ပြောသည်။

“ဒီစစ်ရေးနဲ့ အတူပါလာတာက လောင်းကစားဝိုင်းတွေ၊ ကျားဖြန့်(ငွေလိမ်ဂိုဏ်း)တွေ၊ ကေတီဗွီ (KTV) တွေပါပဲ။ နောက် အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တွေ မာဆတ်မှာ ဝင်အလုပ်လုပ်တာမြင်ပြီး ဘာမှ မကူညီနိုင်တာ ရင်နာနာနဲ့ ကြည့်နေရတယ်” ဟု သျှမ်းပြည်မြောက်ပိုင်းနေ တက်ကြွလှုပ်ရှားသူ အမျိုးသမီးက ဆိုသည်။

တစ်ဘက်တွင်လည်း စစ်ရေးပဋိပက္ခ ဖော်ဆောင်နေသည့် လက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်ကော်မရှင်တပ်တို့သည် လေကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းအပြင် တိုက်ပွဲကြား အမျိုးသမီးများကိုပါ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်မှု ပြုလုပ်နေသည်ကို တွေ့ရကြောင်း သျှမ်းပြည်မြောက်ပိုင်း အမျိုးသမီးအရေး ဆောင်ရွက်နေသူများက ထောက်ပြသည်။

စစ်ရှုံးနိမ့်နေသည့် စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲခြင်း၊ မြေပြင်စစ်အင်အား ဖြည့်တင်းကာ ထိုးစစ်ဆင်မှုများ ပြုလုပ်ချိန်တိုင်း အမျိုးသမီးနှင့် ကလေးငယ်များအတွက် ဘေးကင်းလုံခြုံမှု မရှိနိုင်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO မှ ပြောရေးဆိုခွင့်ရှိသူ လွေးပိုးဖိန်းက ပြောဆိုလိုက်သည်။

“လေကြောင်းထိုးစစ်ဆင်မှုမှာ အမျိုးသမီးနဲ့ ကလေးတွေ ထိခိုက်သေဆုံးမှုတွေ ပိုများလာတယ်။ နောက်ပြီး စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး ထိုးစစ်ဆင်တော့ လုံခြုံမှုမရှိဘူး”ဟု TWO မှ လွေးပိုးဖိန်း က ထောက်ပြပြောဆိုသည်။

စစ်ကော်မရှင်တပ်၏ လေကြောင်းဗုံးကြဲမှုနှင့် လက်နက်ကြီးပစ်ခတ်မှု ပိုများလာခြင်းကြောင့် အမျိုးသမီးနှင့် ကလေးငယ်များအတွက် အလွန်အန္တရာယ်ကြီးမားမှုကို ရင်ဆိုင်နေရပြီး အထူးသဖြင့် ကိုယ်ဝန်သည်မိခင်များ၊ မွေးကင်းစ ကလေးငယ်များသည် စစ်မီးကြောင့် ဆေးရုံဆေးခန်း မသွားနိုင်ဘဲ စစ်ဘေးရှောင်နေရခြင်းကြောင့် အသက်ဆုံးရှုံးနေရကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း SWAN မှ ပြောရေးဆိုခွင့်ရှိသူ နန်းခမ်းမိုင်က လက်ရှိ သျှမ်းပြည်မြောက်ပိုင်း အခြေအနေကို ပြောပြသည်။

“တချို့ စစ်ရှောင်နေရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေက လမ်းအလယ်မှာပဲ ကလေးမီးဖွားရတာ ရှိပြီး ဆေးခန်း မရောက်နိုင်တာကြောင့် မွေးဖွားချိန် အသက်ဆုံးရှုံးမှုတွေ ဖြစ်နေပါတယ်”ဟု SWAN အဖွဲ့မှ နန်းခမ်းမိုင်က ပြောဆိုသည်။

သျှမ်းပြည်မြောက်ပိုင်း စစ်ရေးပဋိပက္ခတွင် ထွက်ပြေးနေရသူများသည် တောထဲတောင်ထဲတွင် တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ ခက်ခဲမှုများစွာ ကြုံနေရကြောင်း၊ လက်ရှိတွင် အမျိုးသမီးနှင့် ကလေးများသည် စစ်အကြမ်းဖက်မှု အောက်တွင် အကြီးမားဆုံး ထိခိုက်နေပြီး အကူအညီနှင့် အကာအကွယ် မရှိသလောက် ဖြစ်နေသကဲ့သို့ သက်ဆိုင်ရာ အဖွဲ့အစည်းများကလည်း လူသားချင်းစာနာမှု အကူအညီကို အရေးပေါ်ပေးအပ်ရန် လိုအပ်နေကြောင်း နန်းခမ်းမိုင်က ထောက်ပြပြောဆိုလိုက်သည်။

စစ်ရေးပဋိပက္ခနယ်မြေများတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီများ လိုအပ်နေချိန်တွင် ယခုနှစ် သြဂုတ်လ ၂၃ ရက်မှ စတင်ပြီး စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်ချက်အရ နယ်စပ်ဂိတ်များမှတဆင့် လူသုံးကုန်ပစ္စည်း တင်သွင်းခွင့်ကို ယာယီပိတ်ပင်လိုက်သည်။

ထိုသို့ စစ်ကော်မရှင် ပိတ်ပင်လိုက်သည့်ထဲတွင် အမျိုးသမီးလစဉ်သုံး ကုန်ပစ္စည်းများနှင့် ဆေးဝါးများလည်း ပါဝင်ပြီး နယ်စပ်လမ်းကြောင်း ပိတ်ပင်တားမြစ်လိုက်ခြင်းကြောင့် စစ်ရေးပဋိပက္ခကြား နေထိုင်ရသည့် ပြည်သူများအတွက် အခြေခံ စားသောက်ကုန် ပစ္စည်းများ စျေးအဆမတန် မြင့်တက်မှု ကြုံလာရသည်။

“နယ်စပ်လမ်းပိတ်တာကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ မရနိုင်တော့သလို ကလေးသုံးပစ္စည်းတွေ သူတို့အတွက် အဟာရပံ့ပိုးမှုတွေလည်း မရတော့ဘူး။ ဒါဟာ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေအတွက် အန္တရာယ် အလွန်များပါတယ်” ဟု SWAN အဖွဲ့မှ နန်းခမ်းမိုင် က ပြောသည်။

စစ်ကော်မရှင်အနေဖြင့် လူထုကို ပစ်မှတ်ထားပြီး လေကြောင်းဗုံးကြဲမှုများ လုံးဝ ရပ်တန့်ရန် လိုအပ်ကြောင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ကလေးငယ်များအတွက် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးရန်နှင့် ပုံမှန်ကာကွယ်ဆေးများ ထိုးနိုင်ရန် လိုအပ်ကြောင်း အမျိုးသမီးအရေး ဆောင်ရွက်သူများက တောင်းဆိုလိုက်သည်။

“ကျမတို့ SWAN အနေနဲ့တော့ လူထုကို ပစ်မှတ်ထားပြီး လေကြောင်းဗုံးကြဲတာဟာ လုံးဝ မဖြစ်သင့်တဲ့ အကြမ်းဖက်မှု ဖြစ်တယ်။ ဒါဟာ စစ်ဘက်ဆိုင်ရာ လုပ်ဆောင်မှုမဟုတ်ပဲ စစ်ရာဇဝတ်မှု War Crime တစ်ခုပဲ ဖြစ်ပါတယ်။ ကျောင်း၊ ဆေးခန်း၊ ဈေးနဲ့ ကျေးရွာတွေကို ဗုံးကြဲတာတွေဟာ ပြည်သူတွေရဲ့ နေရာတွေပါ၊ ဒီလို အပြုအမူတွေဟာ နိုင်ငံတကာ စစ်ဥပဒေအပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) နဲ့ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေ (IHRL)” ဟု SWAN အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နန်းခမ်းမိုင် က ထောက်ပြပြောဆိုလိုက်သည်။

စစ်ကော်မရှင်တပ်က အရပ်သားများကို ပစ်မှတ်ထားပြီး နေ့စဉ်ရက်ဆက် လေကြောင်းထိုးစစ်ဆင်မှုဖြင့် ဆုံးရှုံးထားသည့်နယ်မြေများကို ပြန်လည် ထိန်းချုပ်ခဲ့ခြင်းအပေါ် အလှည့်ရှိလာမည်ဟု တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော် က ၎င်း၏ ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

“မနက် နေ့ခင်း ညနေ ညသန်းခေါင် ဆက်တိုက် လေယာဉ် ဗုံးကြဲနေတာ ကြဲတဲ့သူ၊ ကြဲဖို့ ဆော်ဩသူ၊ ကြဲခံရတာကို ဝမ်းမြောက် လက်ခုပ်တီးသူ အားလုံးကို ထုံး သေချာ တို့ မှတ်ထားမယ်၊ အလှည့်ဆိုတာ ရှိစမြဲပါ” ဟု TNLA ဗိုလ်ချုပ် တားဘုန်းကျော်က ၎င်းလူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ထို့ကြောင့် သျှမ်းပြည်မြောက်ပိုင်းနေ ပြည်သူများသည် “၁၀၂၇ စစ်ဆင်ရေး” တတိယလှိုင်း ပြန်ဖြစ်လာမည်ကိုလည်း စိုးရိမ်မှု ရှိနေဆဲပင်။

“တိုက်ပွဲပြန်မဖြစ်နိုင်ဘူး ဆိုတာလည်း ပြောမရဘူး။ တိုက်ပွဲမဖြစ်တော့ ကိုယ့်အိမ်မှာ ကိုယ်ပြန်နေပေမယ့် မိုင်းကိုတော့ ကြောက်ရတယ်။ စစ်ရှောင်တာထက် စာရင်တော့ အိမ်ငှားခ သက်သာတယ်။ နောက်ပြီး သူများအိမ်မှာနေသလို အားမနာရဘူး” ဟု သီပေါမြို့ စစ်ဘေးရှောင် နန်းမိုက စိုးရိမ်စွာ ပြောသည်။

စစ်အာဏာရှင် အမြစ်ဖြတ် တိုက်ထုတ်ရန် လိုအပ်သော်လည်း စစ်ရေးပဋိပက္ခနည်းဖြင့် မဖြေရှင်းရန် လိုအပ်ကြောင်း၊ ယခုကဲ့သို့ စစ်ရေးပဋိပက္ခကြားမှာ ပြည်သူအသက်ပေါင်းများစွာ စတေးခံရပြီး ဆုံးရှုံးမှုများစွာ ကြုံတွေ့နေရကြောင်း နန်းမို က မှတ်ချက်ပြုသည်။

“လူထုထိခိုက်မှုနည်းတဲ့ နည်း၊ လူထုမျက်နှာကို ကြည့်ကြပါလို့ ပြောချင်တယ်။ ဘယ်သူကိုမှ မနစ်နာစေချင်တော့ဘူး၊ ဘယ်သူမှလည်း စစ်ဆိုတာ မကြုံစေချင်တော့ဘူး။ အိမ်လည်းဆုံးရှုံးရလို့ ဘဝသစ်ပြန်စဖို့ အားမွေးနေရတယ်”ဟု နန်းမို က မျှော်လင့်ချက်ရှိစွာ ပြောဆိုလိုက်သည်။

* ဖြင့် ပြထားသည့် နာမည်များသည် လုံခြုံရေး အခြေအနေအရ နာမည်များကို လွှဲပြောင်းသုံးထားသည်။

Most read this week

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
ကရင်နီမှာ စစ်ကော်မရှင်တပ်ဟာ ဒရုန်းတွေကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...