စစ်အုပ်စု၏ ရွေးကောက်ပွဲကာလ ပြည်သူများ စစ်ရေးသတိရှိရန် တိုက်တွန်း

စစ်အုပ်စု၏ ရွေးကောက်ပွဲကာလ ပြည်သူများ စစ်ရေးသတိရှိရန် တိုက်တွန်း

စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကာလအတွင်း စစ်ရေးပိုမိုပြင်းထန်လာနိုင်ခြင်းကြောင့် ပြည်သူလူထုအနေဖြင့် စစ်ရေး သတိထားရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းသည်။

ရွေးကောက်ပွဲ ကျင်းပမည့်နေရာများတွင် အဓိက တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အခက်အခဲ အများအပြား ရှိလာနိုင်ပြီး အသွားအလာ သတိထားကြရန် အထူးတိုင်းဗျူဟာ ၃၃ စစ်ဆင်ရေးမှုး ရဲဘော်စောဒါးကိုက ပြောသည်။

“အဓိကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ တနိုင်ငံလုံး တိုင်းရင်းသားတော်လှန်ရေးတပ်တွေလည်း အကုန်လုံး ကြေညာထားပြီးသား ဖြစ်တယ်လေ။ ကြေညာထားပြီးသားဖြစ်တဲ့အတွက် ရွေးကောက်ပွဲက အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်။ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင်လည်းပဲ အဓိက ပြဿနာတွေ ဖြေရှင်းတဲ့ နည်းမဟုတ်ဘူးပေါ့နော်။ အဲဒီလိုမျိုးပဲ သုံးသပ်ထားတယ်။ တကယ်လို့ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင်တော့ ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာ စစ်ရေးအရ ပိုပြီးမှ ပြင်းထန်လာနိုင်မှုတော့ ရှိတာပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါကြီးက အတုအယောင်ရွေးကောက်ပွဲဆိုတာ အားလုံးလည်း ပြောဆိုပြီးသားဖြစ်တဲ့အတွက်လေနော်” ဟု ပြောသည်။

လက်ရှိတွင် စစ်အုပ်စုသည် ၎င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရသော နယ်မြေများကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူများဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေသည်။

အာဏာသိမ်း စစ်အုပ်စုက လာမည့် ဒီဇင်ဘာလအတွင်း ပထမပိုင်းရွေးကောက်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပြီး လက်ရှိတွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် နိုင်ငံရေးပါတီများ မဲဆွယ်ကာလသို့ ရောက်ရှိလာပြီး ဖြစ်သည်။

တဖက်တွင်လည်း စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုတို့က မပျက် ပျက်အောင် ဖျက်မည်ဟု ကြေညာထားသည်။

ပြည်သူလူထုအနေဖြင့် ရဲစခန်း၊ မဲရုံ၊ ရွေးကောက်ပွဲကော်မရှင်ရုံးနှင့် စစ်အုပ်စုအနီးအနားတို့တွင် မနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများကလည်း တိုက်တွန်းထားသည်။

မိမိတို့ ဒေသတွင် ရွေးကောက်ပွဲကာလအတွင်းသာမက လက်ရှိတွင်လည်း စစ်အုပ်စုနှင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ ထို့အတူ ဒေသအသီးသီးတွင်လည်း ခုခံတော်လှန်ရေးများ ဆက်ရှိနေမည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး – ၂ ဦးအောင်ဆန်းမြင့်က ပြောသည်။

"ကျနော်တို့ဆီမှာကတော့ စစ်ပွဲတွေ ဖြစ်နေတဲ့ ဒေသတွေမှာကတော့ ဒီထက်ပိုပြီးတော့ ပြင်းထန်စရာလည်း မရှိတော့ဘူးလို့ ကျနော်ထင်တယ်လေ၊ ဘာကြောင့်လဲဆိုလို့ရှိရင် မြေပြင်ကနေပြီးမှ လက်နက်ကြီးတွေနဲ့ ထုတယ်၊ နောက်ပြီးမှ ဝေဟင်ကနေပြီးမှ ဗုံးကြဲချတယ်။ နောက်ပြီးမှ မြေပြင်ပေါ့နော်၊ စစ်ကြောင်းတွေထိုးတယ်။ ဒီထက်တော့ ပြင်းစရာတော့ မရှိတော့ဘူးလို့ ကျနော်ထင်တယ်လေ၊ ဒေသအသီးသီးမှာတော့ ပြန်ပြီးတော့ ခုခံတော်လှန်ရေးကတော့ ရှိနေဦးမှာပဲ၊ စစ်ဆိုတဲ့သဘောတရားအရတော့ ကျနော်တို့ဖက်ကနေပြီးတော့ တချို့ဆုတ်ပေးလိုက်ရတာရှိတယ်၊ ကျနော်တို့ဖက်က ပြန်သိမ်းတာ ရှိတယ်၊ ဒါကတော့ စစ်ပွဲကတော့ ဒီလိုပဲ သွားနေဦးမှာပါ" ဟု ပြောသည်။

စစ်အာဏာသိမ်းကာလအတွင်း တော်လှန်ရေးအင်အားစုများက မြို့ပေါင်း ၁၀၂ မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်၏ အင်အားထိုးစစ်ဆင်မှုကြောင့် လက်ရှိတွင် မြို့ ၉ မြို့ကို ပြန်လည် လက်လွှတ်ထားရသည့် အနေအထားရှိသည်။

စစ်ကော်မရှင်သည် တော်လှန်ရေးအင်အားစုများ သိမ်းပိုက် ထိန်းချုပ်ထားသည့် မြို့အချို့တွင် ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်အဖြစ် သတ်မှတ်ထားခြင်းကြောင်း လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာနိုင်သည့်အတွက် ပြည်သူလူထုများ သတိပြုနေထိုင်ရန် တိုက်တွန်းမှုများလည်း ရှိနေသည်။

August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...