မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်ဟာ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးမှု စတင်မယ့် ရက်မတိုင်မီကတည်းက လုံခြုံရေးပိုမိုတိုးမြှင့်ပြီး ပိတ်ဆို့စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်း စစ်ကော်မရှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးမယ့် နေ့ရက်ကိုတော့ အောက်တိုဘာ ၂၈ ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၆၀ သတ်မှတ်ထားပါတယ်။
အထူးသဖြင့် စစ်ကော်မရှင်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ရေးမြို့နယ်တို့မှာ လုံခြုံရေးအင်အား အများအပြား အသုံးပြုထားပြီး ကျန်မြို့နယ်တွေမှာလည်း တပ်အင်အားတွေ ထပ်တိုးထားပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ်ဟာ အရင်က ကင်းပုန်းမထားဖူးတဲ့ ကျေးရွာတွေမှာလည်း ကင်းပုန်းတွေ တိုးမြှင့်ထားသလို မသင်္ကာတဲ့သူတွေကို ရိုက်နှက်ဖမ်းဆီးတာတွေ ရှိနေတယ်လို့ သိရပါတယ်။
လုံခြုံရေးတိုးမြှင့်ထားတဲ့ စစ်ကော်မရှင်ဟာ ဒေသတွင်းက လူငယ်တွေကို မထင်ရင် မထင်သလို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဘီးလင်း ဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“သူတို့က ကားတွေနဲ့ ပတ်ပြီး ကောက်ကော်ဆွဲသွားတာပဲ။ လူငယ်တွေ အမြဲတမ်းအဖမ်းခံနေရတယ် ။ အဆွဲခံနေရတယ်။ ကျွန်တော်တို့ တောင်စွန်းဘက်ခြမ်းပေါ့။ နောက်ကွင်းရွာတွေ အဲဒီမှာတွေလည်း ဆွဲတယ်။ သာသာယာယာပဲ လာလာဆွဲသွားတာ လာဆွဲသွားတာ ရဲနဲ့ ပျူစောထီးတွေ အများဆုံး ဆွဲနေတာ”လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောက်မရှင်ဟာ အခုရက်ပိုင်းအတွင်း မြို့ဝင်၊ မြို့ထွက်ဂိတ်တွေမှာ စစ်ဆေးမှု တင်း ကျပ်တာ၊ မြို့တွင်းတွေမှာလည်း မထင်မှတ်တဲ့နေရာတွေမှာ ပိတ်ဆို့ ရှာဖွေတာတွေအပြင် လှည့် လည်ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။
စစ်ကော်မရှင်ကတော့ ရွေးကောက်ပွဲ မဲဆွယ်ကြဖို့ ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကို လူစုလူဝေးနဲ့ စီတန်းလှည့်လည် မဲဆွယ်စည်းရုံးခွင့်ကို လုံခြုံရေးအကြောင်းပြချက်နဲ့ ပိတ်ပင်ထားပါတယ်။
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ နိုင်ငံရေးပါတီ ၉ ခုက ကိုယ်စားလှယ်လောင်း ၂၅၀ ကျော် အမည်စားရင်း တင်သွင်းထားပါတယ်။
လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၁ မှာတော့ မွန်ပြည်နယ်ရဲ့ ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနဲ့ ကျိုက်မရောမြို့နယ်တို့မှာ ရွေးကောက်ပွဲ ကျင်းပသွားဖို့ ရှိနေပါတယ်။
Photo credit - CJ







