မောင်တောမြောက်ပိုင်းတွင် ARSA အန္တရာယ်ကြောင့် ဒေသခံအချို့ နေရပ်စွန့်ခွာ

မောင်တောမြောက်ပိုင်းတွင် ARSA အန္တရာယ်ကြောင့် ဒေသခံအချို့ နေရပ်စွန့်ခွာ

ရခိုင်- ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်မြောက်ပိုင်းရှိ မြိုကျေးရွာများမှ ဒေသခံအချို့မှာ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARSA အန္တရာယ်ကြောင့် လုံခြုံရေး စိုးရိမ်ရသဖြင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း သိရသည်။

မောင်တောမြို့နယ်မြောက်ပိုင်း ဒုံးညို၊ အထက်အင်းချောင်း၊ အောက်အင်းချောင်း ၊ င/တက်၊ ဗျာရွေ စသည့် ကျေးရွာပေါင်း ၅ ရွာခန့်မှ ဒေသခံများမှာ နယ်စပ်ဒေသတိုက်ပွဲများနှင့် ARSA အန္တရာယ်ကြောင့် ဘေးကင်းရာကို ရွှေ့ပြောင်းနေထိုင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

ARSA အဖွဲ့ဝင်များသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ကျေးရွာများကို ဝင်ရောက်ခြင်း၊ လမ်းသွား လမ်းလာဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်းများ မကြာခဏ ပြုလုပ်နေသဖြင့် ယခုကဲ့သို့ တိမ်းရှောင်နေကြရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ပြောင်းနေကြတာတော့ တစ်ပတ်နီးပါးလောက်ရှိပြီ။ ငွေကြေးတတ်နိုင်တဲ့သူတွေအရင် ပြောင်းလာကြတာကို တွေ့ရတယ်။ မောင်တောမြို့နယ်၊ ခွဆုံရွာဖက်တို့မှာဆိုရင် အိမ်ထောင်စု ၃၊၄ စုလောက်တော့ ရောက်နေကြပြီ။ ဂြိတ်ချောင်းမှာလည်း အိမ်ထောင်စု ၃ စုလောက် ရောက်နေပြီ။ တချို့ဆိုလည်း ဘူးသီးတောင်နယ်ဖက်တွေကို ပြောင်းကြတာတွေလည်း ရှိတယ်” ဟု မောင်တောမြောက်ပိုင်းက မြိုအမျိုးသားတစ်ဦးက ပြောသည်။

၎င်းကျေးရွာများမှ ဒေသခံများမှာ မောင်တောမြို့နယ်၊ ခွဆုံကျေးရွာနှင့် အခြားနေရာများသို့ အောက်တိုဘာ တတိယ အပတ်ကစပြီး ပြောင်းရွှေ့နေကြောင်း သိရသည်။

ထို့အတူ ဘူးသီးတောင်မြို့နယ်တွင် အောက်ပြန်တိုင်း၊ အောက်ပြန်တိုင်း၊ ကြောင်စား စသည့် ကျေးရွာများမှာလည်း အထက်ဘိုကလေ၊ အောက်ဘိုကလေ စသည့်ကျေးရွာများသို့ တဖြည်းဖြည်း ရွေ့ပြောင်းနေကြသည်။

မောင်တောမြို့နယ်မြောက်ပိုင်းဒေသ ရခိုင်- ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်ကြောတွင် ARSA၊ RSO၊ ARA တို့၏ လှုပ်ရှားမှုများ ရှိနေပြီး အရက္ခတပ်တော်နှင့်လည်း တိုက်ပွဲများရှိနေသဖြင့် ဒေသခံများ လုံခြုံရေး စိုးရိမ်နေကြခြင်းလည်း ဖြစ်သည်။

မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် မောင်တောမြောက်ပိုင်းရှိ လူသွားလူလာလမ်းများမှ ဒေသခံများနှင့် အာရက္ခတပ်တော် (AA) လုံခြုံရေးတပ်ဖွဲ့ဝင်များအား မကြာခဏ ခြုံခိုတိုက်ခိုက်လျှက်ရှိသည်။

နောက်ထပ် ကြိမ်ချောင်းဒေသခံ အမျိုးသားတစ်ဦးက “အဓိကတော့ ARSA အန္တရာယ်ကို ကြောက်လို့ ပြောင်းကြတာဖြစ်တယ်။ အဲရွာတွေက တောတောင်တွေနဲ့ နီးတော့ ARSA အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုတွေ၊ ဖမ်းဆီးသတ်ဖြတ်တာတွေကို ခံနေကြရတဲ့ ရွာတွေဖြစ်တယ်။ ဒါကြောင့် သူတို့လုံခြုံရေး အာမခံချက်မရှိတော့ အခုလို ရွေ့ပြောင်းပြီးနေကြတာ” ဟု ပြောသည်။

အောက်တိုဘာ ၂၄ ရက်က ကင်းချောင်းကျေးရွာအနီး မယူတောင်ခြေရင်း၌ နွားကျောင်းနေသည့် အမျိုးသမီးငယ် တစ်ဦးအပါအဝင် ဒေသခံ ၃ ဦးကို ARSA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယခုအချိန်ထိ ပြန်ရှာမတွေ့သေးကြောင်း ဒေသခံများထံမှသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်ကလည်း ရခိုင်- ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင် PB ၅၆ နှင့် အထက် အင်းချောင်းကျေးရွာအနီးတွင် ARSA အဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံလိုက်ရသော ဒေသခံ ၆ ဦး ရုပ်အလောင်းကို အာရက္ခတပ်တော် (AA) လုံခြုံရေးတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မောင်တောမြောက်ပိုင်း ဒေသတွင်း နေထိုင်သည့် ရခိုင်၊ မရမာကြီး၊ မြို၊ ဒိုင်းနက်၊ သက် စသည့် မျိုးနွယ်စုဝင်များမှာ ARSA အဖွဲ့၏ သတ်ဖြတ်ခြင်းကို ခံနေကြရသည်။

“ARSA အဖွဲ့တွေဟာ ဘင်္ဂလားဖက်ကနေ ထွက်ပြေးခိုင်းတာတွေ ရှိတယ်လို့ သိရသည်။ ဒီ ARSA၊ RSO အဖွဲ့တွေကို အာရက္ခတပ်တော်က အင်အားသုံးပြီး ထိထိရောက်ရောက်ကိုင်တွယ်ဖို့ လိုအပ်တယ်။ အခုနောက်ပိုင်း အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ ဆက်တိုက်လုပ်နေတာကြောင့် AA တပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း သတိရှိရှိနဲ့ နှိမ်နင်းဖို့ လိုအပ်တယ်” ဟု ဘူးသီးတောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မောင်တောမြို့နယ် မယူတောင်အတွင်း ထွက်ပြေးလွတ်မြောက်နေသည့် ARSA အဖွဲ့ဝင်များကို လိုက်လံရှင်းလင်းကာ ဒေသတွင်း အကြမ်းဖက်မှု အန္တရာယ်ကင်းဝေးစေရေးနှင့် ပြည်သူ့လုံခြုံရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်း အောက်တိုဘာ ၂၃ ရက်တွင် AA က ထုတ်ပြန်ထားသည်။

လက်ရှိတွင် AA က မောင်တောမြောက်ပိုင်းကို နယ်မြေရှင်းလင်းရေး ဦးစားပေးလုပ်ဆောင်နေပြီး မယူတောင်ကြော တစ်လျှောက်တွင်လည်း တပ်စုခွဲကာ စခန်းချ ကင်းစောင့်ခြင်း၊ စစ်ကြောင်းထိုးခြင်းတို့ လုပ်ကာ ARSA အဖွဲ့၏ လှုပ်ရှားမှုများကို ရှင်းလင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

နယ်စပ်ဒေသခံများအနေဖြင့်လည်း တောတောင်ထဲနှင့် လူပြတ်သည့်နေရာများကို လူနည်းစုနှင့် သွား လာကြသည်များကို အတတ်နိုင်ဆုံး မပြုလုပ်ရန်နှင့် အရေးကြီးကိစ္စ သွားရောက်မည်ဆိုပါက AA တပ်ဖွဲ့ဝင်များထံ သတင်းပါးပြီးမှ သွားရောက်ကြရန် AA က တိုက်တွန်းထားသည်။

Most read this week

Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...
December 1, 2025
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀...