ပင်လောင်းမြို့နယ်ထဲ စစ်ကော်မရှင်တပ်နှင့် PNO စစ်အင်အားဖြည့်

ပင်လောင်းမြို့နယ်ထဲ စစ်ကော်မရှင်တပ်နှင့် PNO စစ်အင်အားဖြည့်
Photo credit - CJ
Photo credit - CJ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့ စစ်အင်အားဖြည့်တင်းခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ တတိယပတ်အတွင်း ပင်လောင်းမြို့ဘက်မှ ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့ စစ်ကားများဖြင့် စစ်အင်အား အများအပြား ဖြည့်တင်းခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူ ပင်လောင်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်အင်အား ဘယ်လောက်ရှိမလဲ သေချာမသိပေမဲ့ ပြီးခဲ့တဲ့ ၂၀ ရက်လောက်က လမ်းပေါ် ဖြတ်သွားတဲ့ စစ်ကောင်စီကားတွေက ၁၀ စီးထက် ကျော်တယ်။ ရွာထဲကို ဖြတ်သွားတာ၊ ဆောင်းပြောင်းဘက်ကို သွားတာပါ”ဟု မျက်မြင်တွေ့ရှိခဲ့သူ ပင်လောင်းမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာမှတဆင့် ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ကော်မရှင်တပ် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားသည့် ဘောရန်ကျေးရွာဘက်သို့ စစ်အင်အားဖြည့်ခြင်း ဖြစ်နိုင်ကြောင်း ပင်လောင်းဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။

အလားတူ ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်သည် ကျေးရွာအတွင်းမှ အနီးအနားရှိ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေသည့်အပြင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း နှစ်ဘက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့သည်။

စစ်ကော်မရှင်တပ်သည် အောက်တိုဘာလအတွင်း သျှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည် နယ်စပ်တစ်လျှောက် စစ်မျက်နှာ (၅) ခုအထိ ဖွင့်လှစ်ကာ အပြင်းအထန် ထိုးစစ်ဆင်နေကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Most read this week

April 11, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန် မဏ္ဍပ်(၉)ခုထက်မနည်း...
April 10, 2026
စိုင်းခွမ်မိန်း —သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်...
April 9, 2026
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင်...
April 8, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် သဘာဝဘေး မကြာခဏကြုံတွေ့နေရသောကြောင့်...