စစ်တပ်ကို ဝေဖန်ပြီး မဲမဆွယ်ရန် နိုင်ငံရေးပါတီများ သတိပေးခံရ

စစ်တပ်ကို ဝေဖန်ပြီး မဲမဆွယ်ရန် နိုင်ငံရေးပါတီများ သတိပေးခံရ
Photo credit - USDP
Photo credit - USDP

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲအား ဦးစီးကျင်းပမည်ဟု ကြွေးကြော်နေသည့် စစ်ကော်မရှင်က စစ်တပ်ကို ဝေဖန်ပြီး မဲမဆွယ်ရန် နိုင်ငံရေးပါတီများအား သတိပေးထားကြောင်း စုံစမ်းသိရှိရသည်။

နိုင်ငံရေးပါတီများအနေဖြင့် အောက်တိုဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၆၀ ကြာ မဲဆွယ်စည်းရုံးနိုင်ကြောင်း ထုတ်ပြန်ပြီးနောက် လိုက်နာရမည့် စည်းကမ်းချက်များဟုဆိုကာ သတိပေးစာများပါ လက်ခံရရှိထားကြောင်း နိုင်ငံရေးပါတီတချို့ကဆိုသည်။

အဓိကအားဖြင့် စစ်တပ်ကို ဝေဖန်ခြင်း၊ စစ်တပ်၏ လက်ကိုင်တုတ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ဝေဖန်ခြင်းများကို ကန့်သတ်ထားကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ နိုင်ငံရေးပါတီအကြီးအကဲတစ်ဦးက ပြောသည်။

“သူတို့ မဲဆွယ်စည်းရုံးရေးအတွက် လိုက်နာရမယ့် စည်းကမ်းချက်တွေ၊ နည်းဥပဒေတွေ ပို့ထားပါတယ်။ အဓိကကတော့ ၂၀၁၀ နဲ့ ဆင်တယ်ဗျ။ စစ်တပ်ကို ထောက်ပြဝေဖန်ပြီး မဲမဆွယ်ရဘူး။ နောက်ပြီး ဖွဲ့စည်းပုံနဲ့ အရေးသုံးပါးပေါ့ ဒါတွေကို ဝေဖန်ပြီး မဲမဆွယ်ရဘူးဆိုတာ ပါတယ်။ ရွေးကောက်ပွဲ ဥပဒေတိုင်းမှာတော့ ဒါတွေ ပါပါတယ်။ ဒါပေမယ့် အချိန်ကာလခြင်းတော့ မတူဘူးပေါ့ဗျာ။ ၂၀၁၅ တုန်းက အခြေအနေနဲ့ အခုအခြေအနေနဲ့ ကိုပဲ ယှဉ်ကြည့်ပေါ့” ဟု သူက ဆိုသည်။

ထို့ပြင် စက်တင်ဘာလ ၂၅ ရက်နေ့တွင်လည်း နိုင်ငံရေးပါတီများအနေဖြင့် ဟောပြောတင်ပြရာတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတို့ကို ထိခိုက်စေသည့် ဟောပြောမှုများ မပြုလုပ်ရန်၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက်စေသည့် ဟောပြောမှုများ မပြုလုပ်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများကို လေးစားလိုက်နာမှုမရှိသော ဟောပြောမှုများ မပြုလုပ်ရန်၊ နိုင်ငံတော်အား အကြည်ညိုပျက်စေရန် သို့မဟုတ် ဂုဏ်သိက္ခာထိပါးစေရန် ဟောပြောမှုများ မပြုလုပ်ရန်တို့ တားမြစ်ထားသည်။

ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်တစ်ဦးကလည်း “ကျွန်တော်ဆိုရင် ၂၀၁၅ တုန်းက စစ်တပ်ကိုလည်း ပြောတယ်။ အဲဒီတုန်းက NLD အစိုးရကိုလည်း ပြောတယ်။ ဦးသိန်းစိန်အစိုးရကိုလည်း ပြောခဲ့တယ်။ အဲဒီတုန်းကလည်း အခုလို ဥပဒေက ရှိပါတယ်။ မဝေဖန်ရဘူးလို့ ဘာတို့ပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်တို့ ဘောင်ထဲကနေ ပြောလို့ရတဲ့အခြေအနေတွေရှိခဲ့တာပေါ့။ ဒါပေမယ့် ကျွန်တော်ပြောပြမယ် အခု ကျွန်တော်တို့ အခြေအနေက အဲဒီလိုတောင် ပြောလို့ရမယ်လို့ ပါတီကတောင် ကျွန်တော်တို့ကို အာမ မခံပေးနိုင်ဘူး။ ပြည်သူက စစ်တပ်ကို မကြိုက်တာ သိတယ်။ ကျွန်တော်တို့လည်း မကြိုက်ဘူး ဒါကြောင့် ရွေးကောက်ပွဲဝင်မှာ ဒါကို သူ့ကို ဝေဖန်ပြီး မဲမစွယ်ရဘူးဆိုတော့ ဖွဲ့စည်းပုံမှာ ပါတဲ့ နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကိုတောင် လိုက်နာနေတယ်လို့ မမြင်တော့ဘူး။” ဟု ပြောသည်။

ထို့ပြင် စစ်တပ်က ရွေးကောက်ပွဲကို အမှောင့်အဖျက်လုပ်ပါက သေဒဏ်အထိ ကျခံရမည်ဟု ဥပဒေများ ထုတ်ပြန်ကာ ခြိမ်းခြောက်ထားသလို လူမှုကွန်ရက်မှ ရွေးကောက်ပွဲကို ဝေဖန်သည်ဟုဆိုကာ အသက်မပြည့်သည့် ကလေးအပါအဝင် ပြည်သူများကို ဖမ်းဆီးပြီး ထောင်ချနေသည်လည်း ရှိသည်။ 

ပုံ-CJ (ပုံဟောင်း)
June 15, 2026
ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာတွင် ယနေ့နံနက်ပိုင်း၌ ပစ်ခတ်မှုဖြစ်ပြီးနောက်...
June 13, 2026
စစ်အုပ်စုက ရက် ၁၀၀ စီမံကိန်းအဖြစ် ကြေညာခဲ့သည့် ဧပြီလ ၂၀ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့အတွင်း စစ်တပ်၏...
June 12, 2026
မွန်ပြည်နယ်တွင် အသက် ၁၅ နှစ်အောက်ကလေးများ သွေးလွန်တုပ်ကွေး စတင်ဖြစ်ပွားနေပြီးဖြစ်သဖြင့်...
June 11, 2026
မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာ မူလတန်းအဆင့်တွင် မွန်တိုင်းရင်းသားစာပေကို Grade 5 အထိ...