ဆောမြို့မှာ စစ်ဘေးရှောင် ချင်းအမျိုးသမီးတစ်ဦးကို ရတနာပစ္စည်းလုယူပြီး ရက်ရက်စက်စက် သတ်ဖြတ်

ဆောမြို့မှာ စစ်ဘေးရှောင် ချင်းအမျိုးသမီးတစ်ဦးကို ရတနာပစ္စည်းလုယူပြီး ရက်ရက်စက်စက် သတ်ဖြတ်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကနေ မကွေးတိုင်း၊ ဆောမြို့ကို စစ်ဘေးရှောင်နေတဲ့ အသက် ၆၂ ကျော်အရွယ် ချင်းအမျိုးသမီးတစ်ဦးဟာ အောက်တိုဘာလ ၁၇ ရက်နေ့က ပျောက်ဆုံးခဲ့ပြီး အောက်တိုဘာလ ၁၉ ရက်နေ့မှာ ရတနာပစ္စည်းလုယူခံရပြီး ရက်ရက်စက်စက် သတ်ဖြတ်ခံထားကာ ဆာလာအိတ်နှင့် ထုတ်ထားတဲ့ သေဆုံးလျက် သူမအလောင်းကို ဒေသခံတွေက ပြန်တွေ့ကြတယ်လို့ သိရပါတယ်။

ဆောမြို့ကို စစ်ဘေးရှောင်နေတဲ့ မင်းတပ်မြို့နယ် ဒေါက်ဒွေကျေးရွာက ဒေါ်ရှိန်းခေါဝါ (၆၂) နှစ်အရွယ်ဟာ အောက်တိုဘာလ ၁၇ ရက်နေ့က ထင်းရှာဖို့ သန်းပင်ခုံ စုန်းတလင်းပြင် ဥယျာဉ်တောဖက်ကို ထွက်သွားရင်း ပျောက်ဆုံးခဲ့ကာ ရပ်ကွက်နေပြည်သူတွေက လိုက်လံရှာဖွေခဲ့ကြပြီး အောက်တိုဘာလ ၁၉ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်မှာ ဥယျာဉ်တောထဲမှာ ဆောက်ထားတဲ့ သေဆုံးသူ ဒေါ်ရှိန်းခေါဝါရဲ့ တောင်ယာတဲ နဲ့ ကိုက် (၅၀) အကွာမှာ ဆာလာအိတ်နဲ့ ထုတ်ထားတဲ့ ဒေါ်ရှိန်းခေါဝါ အလောင်းကို တွေ့ရှိခဲ့ကြတာလို့လည်း သိရပါတယ်။

ဒေသခံတစ်ဦးက “သေဆုံးသူမှာ ဒဏ်ရာတွေအပြင် သူနဲ့အတူ ဝတ်ဆင်ထားတဲ့ ရွှေဆွဲကြိုးတစ်ကုံး၊ လက်စွပ်တွေ၊ နားကပ်တွေ ဘေးလွယ်အိတ်တွေ သူ့အလောင်းတွေ့တဲ့အချိန်မှာ မရှိတော့ဘူးလို့ ပြောတယ်။ အဲဒါတွေ လုယူသွားတာဖြစ်မှာပေါ့” လို့ ပြောပါတယ်။

ဒေါ်ရှိန်းခေါဝါ သေဆုံးမှုနဲ့ ပက်သက်ပြီး ဥယျာဉ်တဲမှာ နေထိုင်ခဲ့သူတစ်ဦးကိုတော့ ဖမ်းဆီးစစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေပြီး ဒါ့အပြင် ဒေါ်ရှိန်းခေါဝါ နေအိမ်ကို မကြာခဏဝင်ထွက်သွားလာမှုရှိတဲ့ ကိုချင်ရင်ထူးနဲ့ ကိုဖိုးအေးဆိုသူ ၂ ဦးဟာလည်း ဒေါ်ရှိန်းခေါဝါ သေဆုံးမှု အခင်းဖြစ်တဲ့အချိန်ကစလို့ ပျောက်ဆုံးနေပြီး တွေ့ရှိရင်လည်း သက်ဆိုင်ရာကို အမြန်ဆုံး အကြောင်းကြားပေးကြဖို့ အသိပေးမေတ္တာရပ်ခံထားကြပါတယ်။

အခင်းဖြစ်တဲ့အချိန်ကနေ ပျောက်ဆုံးနေတဲ့ သံသယတရားခံပြေးတွေဖြစ်တဲ့ ကိုချစ်ရင်ထူး (၂၅)နှစ် ဟာ ရန်ကုန်တိုင်းဒေသ၊ ထန်းတစ်ပင်မြို့နယ် ဇာတိကဖြစ်ပြီး ရခိုင်ပြည်နယ်မှာ အလင်းဝင်လာတဲ့ ရဲတပ်သား တစ်ယောက်ဖြစ်သလို ကိုဖိုးအေး (၂၆) ဟာလည်း မန္တလေး သပိတ်ကျင်းမြို့နယ် ဇာတိကဖြစ်ပြီး ရခိုင်ပြည်နယ်ဘက်မှာ အလင်းဝင်လာတဲ့ ရဲတပ်သား တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

 Photo credit - CJ

Most read this week

June 15, 2026
ချင်းပြည်နယ်၊ မတူပီမြို့နယ် ၊ ငလိုင်ရွာမှာ ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်း ၆ နာရီလောက်မှာ...
June 13, 2026
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ Khumi People Front (KPF) နာမည်နဲ့ အသစ်ပေါ်ထွက်လာတဲ့...
June 12, 2026
စစ်ကိုင်းတိုင်း ကလေး - တမူး လမ်းမပေါ်မှာတည်ရှိတဲ့ ကလေးမြို့နယ်မြောက်ပိုင်းက အရှေ့ခုံသာ နဲ့...
June 11, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲတာတွေကို...