လုံခြုံရေးကြောင့် သံတွဲနှင့် ဂွမြို့အနီး ပင်လယ်ပြင်တွင် ညအချိန်ငါးဖမ်းမှု AA ပိတ်ပင်

လုံခြုံရေးကြောင့် သံတွဲနှင့် ဂွမြို့အနီး ပင်လယ်ပြင်တွင် ညအချိန်ငါးဖမ်းမှု AA ပိတ်ပင်
Photo credit - AA Info Desk
Photo credit - AA Info Desk

ရခိုင်ပြည်၊ သံတွဲနှင့် ဂွမြို့အနီး ပင်လယ်ပြင်တွင် ည ၆ နာရီမှ နံနက် ၆ နာရီအထိ ညအချိန် ငါးဖမ်းမှုများအား အောက်တိုဘာ ၁၉ ရက်နေ့မှ စ၍ အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က အသိပေးထုတ်ပြန်သည်။

ယခင်က ပင်လယ်ကမ်းနီး မြို့၊ရွာများမှ ရေလုပ်ငန်းကို အမှီပြုလုပ်ကိုင်စားသောက်နေသော ပြည်သူများ၏ စစ်ရေးကာလ အခက်အခဲနှင့် မိသားစုစားဝတ်နေရေးကို တစ်နိုင်တစ်ပိုင်ဖြေရှင်းရန် ပင်လယ်ပြင် ငါးဖမ်းခွင့်အား အချိန်အကန့်အသတ်မရှိ ခွင့်ပြုထားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် ယင်းကဲ့သို့ ခွင့်ပြုပေးခြင်းမှာ စစ်ကောင်စီ၏ စစ်အင်အားဖြည့်တင်းမှုနှင့် စစ်ဆင်ရေးအတွက် ငါးဖမ်းလှေများအား အကာအကွယ်ယူကာ လွတ်လပ်စွာ သွားလာနိုင်သည့် အခွင့်အရေးကို ဖြစ်ပေါ်စေကြောင်း ULA က ဆိုသည်။

ယင်းကြောင့် ULA/AA မှ ပြည်သူများ၏ လုံခြုံရေးကို အလေးထားစဉ်းစားသောအားဖြင့် ညအချိန် ငါးဖမ်းမှုကို အကန်အသတ်မရှိ ပိတ်ပင်လိုက်ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ယခုတားမြစ်အမိန့်အား ထုတ်ပြန်လိုက်သည့် အောက်တိုဘာ ၁၉ ရက်မှ စတင်ကာ ပြန်လည် ရုပ်သိမ်းကြောင်း မထုတ်ပြန်မီ အထိ ရေလုပ်သားများအနေဖြင့် သံတွဲနှင့် ဂွမြို့အနီး ပင်လယ်ပြင်တွင် ညအချိန်ငါးဖမ်းခြင်း လုံးဝမပြုလုပ်ကြရန် အသိပေးထားသည်။

ဂွဒေသခံ အမျိုးသမီးတစ်ဦးက “ငါးဖမ်းသမားတွေအတွက်လည်း လုံခြုံရေး စိုးရိမ်ရတာက ညဖက်ထွက် ရတာပေါ့။ နေဗီတွေ ကပ်လာတာတွေ သတိမထားမိတာတွေဆိုရင် အဖမ်းခံရနိုင်တဲ့အခြေအနေမှာ ရှိတယ်။ အခုလို ပိတ်လိုက်တာက ပိုပြီး အဆင်ပြေတယ်” ဟု ပြောသည်။

ငါးဖမ်းသမားများအနေဖြင့် နေ့အချိန် ငါးဖမ်းသွားပါကလည်း ကမ်းဝေးသို့ သွားရောက် ငါးဖမ်းခြင်း မပြုလုပ်ရန်နှင့် စစ်ကောင်စီ၏ စစ်သင်္ဘောများ လာနေသည်ကို တွေ့ပါက ကမ်းစပ်ကမ်းနီးသို့ အမြန်ဆုံး ဆိုက်ကပ်လာကြရန် ULA မှ အသိပေးတိုက်တွန်းထားသည်။

ယခုကဲ့သို့ တားမြစ်လိုက်ခြင်းမှာ လက်ရှိ ဒေသခံငါးဖမ်းသမားများ ကြုံနေရသည့် ငါးဖမ်းထွက်ချိန် စစ်ကောင်စီထံ ဖမ်းဆီးခံရခြင်းများအား လျှော့ချနိုင်သည့် အခြေအနေရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

သံတွဲဒေသခံ အမျိုးသားတစ်ဦးက “အခုလို ထုတ်ပြန်လိုက်တာက တစ်ဖက်မှာ ဒေသလုံခြုံရေးကိုလည်း အများကြီး သက်ရောက်တာပေါ့။ အရင်အတိုင်း ငါးဖမ်းလှေတွေ အချိန်မရွေး ထွက်နေရင် စကစကလည်း ဒီလှေတွေကို ကာဗာယူပြီး ဒီနယ်မြေထဲဝင်ဖို့ ကြံလာမယ်။ ငါဖမ်းသမားကို ဓားစာခံလုပ်ပြီးလည်း ခြိမ်းခြောက်တာတွေ ရှိလာနိုင်တယ်။ လက်ရှိမှာလည်း တချို့ငါးဖမ်းသမားတွေကို ဖမ်းဆီးတာတွေ လုပ်နေတာဆိုတော့ အခုလို အချိန်သတ်မှတ်ပြီး ထွက်ခိုင်းတာက အတိုင်းအတာတစ်ခုအထိတော့ ဒီပြဿနာတွေကို လျှော့ချနိုင်မယ်လို့ ထင်တယ်” ဟု ပြောသည်။

လက်ရှိတွင် သံတွဲနှင့် ဂွ ပင်လယ်ပြင်တွင် စစ်ကောင်စီ၏ စစ်သင်္ဘောများ သွားလာလှုပ်ရှားမှု ပိုမိုတွေ့မြင်လာရပြီး ယင်းမြို့များပေါ်တွင် ကင်းထောက်လေယာဉ်များဖြင့် လှည့်ပတ်ပျံဝဲ ကင်းထောက်မှုများအား ပိုမိုပြုလုပ်လာနေသည်ကို တွေ့ရကြောင်း ULA က ဆိုသည်။

ရခိုင်ပင်လယ်ပြင်တွင် စစ်ကောင်စီ၏ စစ်သင်္ဘောများသည် ငါးဖမ်းနေသည့် ဒေသခံ ငါးဖမ်းလှေများအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ငါးဖမ်းသမားများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်းလည်း ထုတ်ပြန်ထားသည်။

အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်များဖြစ်သည့် သံတွဲ၊ ဂွ၊ ရမ်းဗြဲ၊ ပေါက်တောနှင့် မောင်တော စသည့် မြို့နယ်များ၏ ပင်လယ်ပြင်ကမ်းရိုးတန်းအနီးတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ရေတပ်အင်အား ဖြည့်တင်းမှုနှင့် သွားလာလှုပ်ရှားမှု များလာနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...