စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ စစ်ဆိုင်ထားသော စစ်တွေမြို့နယ်တွင် လက်နက်ကြီး၊ ဒရုန်းများဖြင့် အပြန်အလှန်တိုက်ခိုက်မှုကြောင့် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
အောက်တိုဘာလ ၁၄ ရက်မှ စတင်ကာ စစ်တွေ စစ်ကောင်စီ တပ်ရင်းများမှ AA ထိန်းချုပ်ထားရာ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်း အစပ်နေရာများသို့ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်မှု ရှိနေကြောင်း သိရသည်။
အောက်တိုဘာ ၁၅ ရက်နေ့ကလည်း စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းများမှ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်များသို့ လက်နက်ကြီး အကြိမ်ရေ ၂၀ ကျော်အထိ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “လက်နက်ကြီး ပစ်တာတွေ ပိုပြီး အကြိမ်ရေ များလာတယ်။ စစ်ကောင်စီဟာ မစ်ဇိုင်းဒုံးတွေလည်း ပစ်တာရှိတယ်။ ၁၄ ရက်ကနေ စပြီး ပြင်းပြင်းထန်ထန်ကို အပြန်အလှန် ပစ်ခတ်နေကြတာ။ AA ကလည်း လက်နက်ကြီးတွေ ပစ်တယ်” ဟု ပြောသည်။
ယင်းအပြင် စစ်ကောင်စီဘက်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများလည်း လုပ်နေကြောင်း သိရသည်။
အာရက္ခတပ်တော်၏ ယမန်နေ့ ထုတ်ပြန်ချက်တွင်လည်း စစ်တွေမြို့အနီးပတ်ဝန်းကျင်တွင် လက်နက်ကြီး၊ ဒရုန်းအပြန်အလှန် တိုက်ခိုက်မှုများမှာ ယခုရက်များအတွင်း ပိုမိုပြင်းထန်လျက်ရှိကြောင်း ဆိုထားသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက စစ်တွေမြို့ပတ်ဝန်းကျင်တွင် အင်အားဖြည့်တင်းကာ စစ်ရေးလှုပ်ရှားမှုများ ရှိလာကြောင်း သိရသည်။
အလားတူ စစ်တွေပင်လယ်ပြင်တွင်လည်း စစ်ကောင်စီ စစ်သင်္ဘောများ ကင်းလှည့်သွားလာမှုများကို တွေ့လာရကြောင်း စစ်တွေမြို့ခံများက ပြောသည်။
စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက “ရွှေမင်းဂံဖက်မှာ အရင်က လှုပ်ရှားမှု သိပ်မတွေ့ရပေမယ့် အရင်နှစ်ရက် လောက်ကနေ စပြီး ကင်းလှည့်တာတွေ လုပ်နေတယ်။ သူတို့ မြို့ထဲက တပ်ရင်း နေရာတွေမှာ အင်အားဖြည့်ထားတာတွေလည်း ရှိတယ်” ဟု ပြောသည်။
စစ်တွေမြို့တွင်းရှိ ဒေသခံများမှာလည်း စစ်ကောင်စီ၏ စစ်ဆေးရေး တင်းကျပ်မှု၊ ကုန်စည်စီးဆင်းမှု ဖြတ်တောက်မှုများကြောင့် စားဝတ်နေရေးကျပ်တည်းမှုဒဏ်အပြင် လုံခြုံရေး ကင်းမဲ့မှုဒဏ်ကိုပါ ခံစားနေကြရသည်။
စစ်ကောင်စီသည် လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ဆက်စပ်၍ စစ်ရေး လှုပ်ရှားမှုများကို ယခုထက်ပိုမိုလုပ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
ရခိုင် စစ်ရေးလေ့လာသူ အမျိုးသားတစ်ဦးက “စစ်ကောင်စီအတွက် ဒီနေ့မှာ ရခိုင်ပြည်ရွေးကောက်ပွဲဟာ တော်တော်အရေးပါတယ်။ စစ်တွေမှာသာ ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့ရင် စစ်ကောင်စီဟာ ရခိုင်ပြည်က ထွက်ခွာပြီဆိုတဲ့ သဘော။ အာဏာစက် လုံးဝ မရှိပြီဆိုတဲ့ သဘောဖြစ်မှာပေါ့။ ဒါကြောင့် ရွေးကောက်ပွဲ ကာလမှာ AA ထိုးစစ်ဆင်လာမှာကို စိုးရိမ်ချက်ရှိနေလို့ မကြာခဏ ခြိမ်းခြောက် လက်နက်ကြီး ပစ်နေတာလို့ မြင်တယ်။ ဒီလိုသာ ပစ်ခတ်နေရင် ဒီထက်စစ်ရေးတင်းမာမှုတွေ၊ တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်” ဟု ပြောသည်။
ယင်းအပြင် စစ်တွေမြို့ပေါ်တွင် စစ်ကောင်စီက ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ ဆိုင်းဘုတ်များ ထောင်ခြင်း၊ ဒေသခံများအား မဲဆွယ်စည်းရုံးမှုများ ပြုလုပ်လျက်ရှိနေသည်။
စစ်ကောင်စီသည် စစ်တွေနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော စသည့် မြို့နယ်များရှိ ကျေးရွာများကို လက်နက်ကြီး မကြာခဏ ပစ်ခတ်နေသဖြင့် အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။
ရခိုင်တွင် မြို့တော် စစ်တွေနှင့် ကျောက်ဖြူ၊ မာန်အောင်မြို့တို့သာ AA သိမ်းပိုက်ရန် ကျန်ရှိတော့ပြီ ဖြစ်ပြီး လက်ရှိ ကျောက်ဖြူတိုက်ပွဲမှာလည်း နေ့စဉ်ပြင်းထန်လာနေကြောင်း သိရသည်။







