ကော့ကရိတ် နန်းကော်တေးရွာသားများကို စစ်အုပ်စုနှင့် DKBA ဗိုလ်ဘိ ပူးပေါင်းစစ်ကြောင်း ဖမ်းဆီးရိုက်နှက်

ကော့ကရိတ် နန်းကော်တေးရွာသားများကို စစ်အုပ်စုနှင့် DKBA ဗိုလ်ဘိ ပူးပေါင်းစစ်ကြောင်း ဖမ်းဆီးရိုက်နှက်
Photo credit - CJ
Photo credit - CJ

ကော့ကရိတ်မြောက်ပိုင်း ကျေးရွာများဘက် စစ်ဆင်တိုက်ခိုက်နေသည့် စစ်အုပ်စုတပ်နှင့် DKBA ဗိုလ်ဘိ ပူးပေါင်းစစ်ကြောင်းက နန်းကော်တေးကျေးရွာသားအချို့အား အောက်တိုဘာ ၁၁ ရက်တွင် ဖမ်းဆီးထားပြီး နေပူလှန်းခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်းများ လုပ်ဆောင်နေကြောင်း KNLA မဟာမိတ်တပ်ဖွဲ့နှင့် ဒေသခံသတင်းအရင်းအမြစ်ထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်တွင် နောင်မိ/ထီဖိုးစံ ကျေးရွာလမ်းပိုင်းဘက်သို့ ထိုးစစ်ဆင်လာသော စစ်အုပ်စုတပ်နှင့် DKBA ဗိုလ်ဘိတပ်တို့ စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) မဟာမိတ်တပ်များ၏ ဖြတ်တောက် တိုက်ခိုက်ခံရသည်။ ထို့နောက် နန်းကော်တေးကျေးရွာသို့ ဝင်ရောက်ကာ ရွာသားအချို့ကို ဖမ်းဆီးပြီး ယခုလို ရိုက်နှက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးသတင်းအရင်းအမြစ်က ပြောသည်။

"အောက်ဘိုတဲဘက်ကို စစ်ကြောင်းထွက်လာတာမှာ နောင်မိမှာ တိုက်ခံရတော့ နန်းကော်တေး၊ ‌ကော့ဖန် ရပ်ရွာက လူတွေကို မဲနေတယ်။ ၁၁ ရက်နေ့က နန်းကော်တေးရွာသား ၁၀ ယောက် ကျော်လောက် ရှိမယ်၊ ဖမ်းခေါ်တယ်၊ စစ်မေးတယ်။ နေပူထဲ ဒူးထောက်နေလှန်းထားတယ်။ ပါးရိုက်တယ်။ ကျန်တဲ့ ရွာသားတွေ သူတို့နဲ့ နေခိုင်းတယ်။ ရွာပြင်အသွားအလာပေးမလုပ်ဘူး။ တော်လှန်ရေးဘက်က ဒရုန်းလာချမှာကြောက်လို့ ရွာသားကို ဓါးစာခံလုပ်ထားတယ်" ဟု ပြောသည်။

အဆိုပါ DKBA ဗိုလ်ဘိတပ်ဖွဲ့နှင့် စစ်အုပ်စုသည် မြပတိုင်၊ နန်းကော်တေး၊ နောင်မိ၊ ‌ကော့ဖန်ရပ်၊ နောင်ထပ္ပံ ကျေးရွာသားများအား နေအိမ်များသို့ တက်ရောက်ရှာ ဖွေစစ်ဆေးမှုများရှိနေသလို ရွာအပြင်ထွက် သွားလာခွင့်၊ စစ်ဘေးရှောင်ခွင့် မပေးဘဲ ဓါးစာခံလူသားဒိုင်းအဖြစ် ထိန်းချုပ်ထားကြောင်း ဒေသခံများက ပြောသည်။

"နဘူးလည်း သွားလို့မရဘူး၊ ကျုံဒိုးလည်း သွားမရဘူး။ စပါးရိတ်ဖို့လည်း ပေးမရိတ်ဘူး။ စစ်ဆေးတယ်။ မထင်ရင် ရိုက်နှက်ခံရတယ်။ စစ်ရှောင်ဖို့ တစ်ခြားနေရာရှောင်နေဖို့ကို ပေးမသွားဘူး။ ရွာထဲမှာ သူတို့ ပတ်နေတယ်" ဟု ကော့ဖန်ရပ်ရွာသား စစ်ရှောင်နေသူတစ်ဦးက ပြောသည်။

ယခု အောက်တိုဘာ ၁၂ ရက်နှင့် ၁၃ ရက်များတွင်း စစ်အုပ်စစ်ကြောင်းနှင့် ကော့ကရိတ်မြို့ ၉၇ တပ်မှ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် နောင်မိကျေးရွာ၊ ထီဖိုးစံကျေးရွာနှင့် မိချောင်းအင်းရွာများဘက်သို့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်လျက်ရှိသည်။

ထို့အပြင် ကော့ကရိတ်ဘက်မှ မိချောင်းအင်းရွာဘက်တွင် စစ်အုပ်စစ်ကြောင်းနှင့် KNLA မဟာမိတ်တပ်များကြား တိုက်ပွဲဖြစ်ပွားနေကြောင်း KNLA မဟာမိတ်တပ်ဖွဲ့ သတင်းအရင်းအမြစ်များဘက် ပြောသည်။

March 2, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ် (သရက်ချောင်း နယ်မြေ)သို့...
February 28, 2026
“စစ်ရှောင်တွေက အရမ်းကို အခက်အခဲ ဖြစ်နေတယ်။ သူတို့ကိုယ်တိုင် ရပ်တည်ဖို့က လုံးဝကို...
Photo: KHRG
February 27, 2026
မိုင်းနှင့်ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်များကြောင့် ထိခိုက်သေဆုံးသူအများဆုံး ကမ္ဘာ့(၁၁...
February 26, 2026
မြဝတီမြို့တောင်ဘက် ဖလူး-မဲကနယ်တောလမ်းတစ်နေရာတွင် သွားလာနေသည့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်...