နေရာ ၅ ခုတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း AA ပြော

နေရာ ၅ ခုတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း AA ပြော
Photo credit - AA Info Desk
Photo credit - AA Info Desk

ရခိုင်ပြည်နှင့် နယ်မြေချင်းထိစပ်နေသည့် မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့အပါအဝင် စစ်ရေး အချက်အချာကျသည့် နေရာ ၅ ခုတွင် စစ်ကောင်စီ၏ ထိုးစစ်များကြောင့် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေကြောင်း အာရက္ခတပ်တော် (AA)က အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်သည်။

ရခိုင်နှင့် ထိစပ်နေသည့် မကွေး၊ ပဲခူးနှင့် ဧရာဝတီ အစပ်နေရာများတွင် အာရက္ခတပ်တော်က မဟာမိတ် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး နှစ်ဖက်တိုက်ပွဲများ ဖော်ဆောင်နေခြင်းဖြစ်သည်။

အောက်တိုဘာ ၁၀ ရက်က ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ လေသာတောင်သို့ စစ်ကူလာသည့် စစ်ကောင်စီ၏ စစ်ကြောင်းမှာ အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် တပ်ဆုတ်ခွာသွားခဲ့ရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“ဆင်လန်ဖက်ကနေ လာတဲ့ စစ်ကောင်စီစစ်ကြောင်းကတော့ AA ရဲ့ ကြားဖြတ်တိုက်ခိုက်တာကြောင့် အထိအခိုက်အကျအဆုံးတွေ ရှိတယ်။ စစ်တပ်ဖက်ကနေ လေကြောင်းပစ်ကူပြီး သူတို့ လူတွေကို ကယ်ထုတ်နေတာတွေလည်း ရှိတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဆင်လန်ကုန်း စခန်းကို အာရက္ခတပ်တော်က အောက်တိုဘာ ပထမအပတ်မှစတင် ထိုးစစ်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိတွင် စစ်ကောင်စီသည် ဆင်လန်စခန်းသို့ အင်အား ၁၀၀ ကျော် ဖြည့်တင်းထားခဲ့ပြီး ပန်းတောင်း တပ်နယ်အတွင်းရှိ တပ်ရင်းများကနေ တပ်ကူ၊ ပစ်ကူများ ပေးနေကြောင်း သိရသည်။

“စစ်ကောင်စီဖက်ကတော့ ညောင်ခြေထောက်မှာ အားအားဖြည့်တာတွေ၊ ဘန်ကာအသစ် တည်ဆောက်ထားတာတွေ ရှိတယ်။ ပြီးရင် ညောင်ကျိုးကို ပြန်ရဖို့တော့ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ ထိုးစစ်ဆင်နေတာတွေလည်း ရှိတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

အလားတူ မကွေးဘက်ခြမ်း အမ်း - ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ထိပ်တွင် စစ်ကောင်စီ၏ နတ်ရေကန် ဗျူဟာကုန်းတစ်ခုသာ ကျန်ပြီး အာရက္ခတပ်တော်က ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်သည်။

အလားတူ စစ်ကောင်စီသည် နတ်ရေကန်ဗျူဟာကုန်းကြီးကို ကာကွယ်ရန်အတွက် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ယင်းအပြင် စစ်ကောင်စီသည် အာရက္ခတပ်တော် သိမ်းပိုက်ထားသည့် ဂုတ်ကြီးရွာသို့ ထိုးစစ်ဆင်နေပြီး AA ကလည်း တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင်း သိရသည်။

နောက်ထပ် သတင်းရင်းမြစ်တစ်ဦးကလည်း “စစ်ကောင်စီဖက်က သင်တန်းဆင်းလာတဲ့ တပ်သားအသစ်တွေကို ရခိုင် အစပ်တိုက်ပွဲနေရာတွေကို ပို့ထားတယ်လို့ သိရတယ်။ အတွေ့အကြုံမရှိတဲ့ တပ်သားသစ်တွေဆို‌တော့ ထွက်ပြေးတဲ့သူတွေ လက်နက်ချတဲ့သူတွေ ရှိတယ်” ဟု ပြောသည်။

အလားတူ စစ်ကောင်စီက အာရက္ခတပ်တော် ထိန်းချုပ်ထားရာနေရာများထဲမှ အချို့နေရာများအား ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ရန် ပြင်ဆင်လျက်ရှိကြောင်း AA က ဆိုသည်။

လက်ရှိတွင် ရခိုင်ရှိ စစ်တွေနှင့် ကျောက်ဖြူတို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေပြီး ကျောက်ဖြူတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အထိအခိုက် များပြားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အခြားတစ်ဖက်တွင်လည်း အာရက္ခတပ်တော်သည် မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင်လည်း ARSA အပါဝင် မွတ်ဆလင်လက်နက်ကိုင်အုပ်စုများနှင့် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ရှိနေသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...