လေးကေကော်ဒေသ စစ်ဘေးရှောင် ၃၀၀၀ ကျော် လေကြောင်းရန် စိုးရိမ်မှုကြား နေထိုင်ရ

လေးကေကော်ဒေသ စစ်ဘေးရှောင် ၃၀၀၀ ကျော် လေကြောင်းရန် စိုးရိမ်မှုကြား နေထိုင်ရ

မြဝတီမြို့နယ် လေးကေကော်ဒေသ တိုက်ပွဲကြောင့် လေးကေကော်အပါအဝင် ဖလူးကျေးရွာ အုပ်စုရှိ ကျေးရွာငယ် ၈ ရွာမှ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးနေရာများတွင် နေရပ်စွန့်ခွာ စစ်ဘေး ရှောင်နေရသူ ၃,၄၀၀ ကျော်သည် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု စိုးရိမ်မှုအောက်၌ နေထိုင်ကြ ရသည်ဟု စစ်ဘေးရှောင်အရေးကူညီသူများက ပြောသည်။

လေးကေကော်ဒေသတွင် စစ်အုပ်စုတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များအကြား တိုက်ပွဲဖြစ်စဉ်တွင် စစ်အုပ်စုမှ အရပ်သားကျေးရွာများဘက်ရှိ လူနေအိမ်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများအား စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၃ ရက်အထိ လေယာဉ်၊ လက်နက်ကြီးနှင့်  အ‌သေခံဒရုန်းများဖြင့် နေ့စဉ်တိုက်ခိုက်မှုလုပ်ဆောင်သောကြောင့် စစ် ရှောင် ပြည်သူများမှာ ယခုလိုအခြေအနေကို စိုးရိမ်နေကြရကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

"အခုက လူတွေ ရှောင်တော့ ရွာတွေကို စစ်တပ်က ဗုံးကြဲ၊ ဒရုန်းကြဲလုပ်တာကနေ၊ လူတွေ ရှောင်တဲ့ နေရာတွေပါ ဗုံးကြဲ၊ ဒရုန်းကြဲလာမှာ ကြောက်နေကြတယ်။ လေးကေကော်၊ မင်းလက်ပံ၊ ဖလူးက နေတိုင်း ဒရုန်းလာ၊ လေယာဉ်လာနေတာဆိုတော့ ပြေးစရာ မရှိတော့ဘူး" ဟု မင်းလက်ပံကျေးရွာ စစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်သူက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်နေရာများမှာ KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ထိန်းချုပ်နယ်မြေ၊ ထိုင်း-မြန်မာနယ်စပ် စစ်ရှောင်စခန်း ဆိုက် (Site) အမှတ် ၁ အုပ်စု၊ လေးကေကော်၊ ထီးမယ်ဝါးခီးအပါအဝင် ရွာ ၈ ရွာမှ လူ ၃၄၀၀ ကျော် အစုအဖွဲ့အလိုက် စစ်ရှောင်နေထိုင်နေကြသည့် သောင်ရင်းမြစ်ဘေးနေရာများဖြစ်ကြောင်း သိရှိရသည်။

ယခုရက်ပိုင်းအတွင်း လေးကေကော်ဒေသတွင် စစ်အုပ်စုများမှ အပြင်းအထန်လက်နက်ကြီး ပစ်ခတ်မှုများကြောင့် သောင်ရင်းမြစ်ဘေးရှိ စစ်ဘေးရှောင်နေသူများ၊ အထူးသဖြင့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများမှာ စိတ်ကျန်းမာရေး ချို့ယွင်းမှုများ ဖြစ်ပေါ်နေရကြောင်း သိရသည်။

"ကျနော်တို့ စစ်အေးပြီဆိုပြီး လေးကေကော်၊ မယ်ဝါးခီးကို ပြန်နေတာ ၆ လတောင် မပြည့်သေးဘူး။ အခု နောက်တစ်ခါ ပြန်ပြေးရတာပေါ့။ ကလေးတွေပညာရေးကပို ဆိုးပါတယ်။ အခုရွာက ကျောင်းတွေ၊ ဆေးခန်းတွေ ပါ စစ်တပ်က ဖျက်ဆီးပစ်တော့ သားသမီးတွေ၊ မိဘဘိုးဘွားတွေအတွက် ကျန်းမာရေး၊ ပညာရေးတွေ ပါ စစ်တပ်က ဖျက်ဆီးပစ်တာ စိတ်မကောင်း ဖြစ်ရတယ်" ဟု လေးကေကော်ဒေသခံ စစ်ရှောင်ရသူက ပြောသည်။

လတ်တလော နေရပ်စွန့်ခွာ စစ်ဘေးရှောင်လာသူ ၃၄၀၀ ကျော်၏ စားဝတ်နေရေး၊ အမိုးအကာအောက် ရောက်ရှိနေထိုင်စေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် တစ်ပိုင်တစ်နိုင် အလှူရှင်များ၊ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူများ၊ ကရင်အရပ်ဖက်အဖွဲ့အစည်းများ၏ အကူအညီဖြင့်သာ စောင့်ရှောက်နေကြသည်။  သို့သော် ဘေးကင်းလုံခြုံရေး၊ ဗုံးခိုကျင်းအစီအမံများအား လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...