စစ်ကော်မရှင်နှင့် ပတ်သက်သည့် ဖမ်းဆီးကားများကို ယာဉ်ထိန်းရဲ‌များ ပြန်ပေးရ

စစ်ကော်မရှင်နှင့် ပတ်သက်သည့် ဖမ်းဆီးကားများကို ယာဉ်ထိန်းရဲ‌များ ပြန်ပေးရ

ရှမ်းပြည်၏ မြို့တော် တောင်ကြီးတွင် ယာဉ်ထိန်းရဲများက ဖမ်းဆီးထားသည့် လိုင်စင်မဲ့ကားများထဲမှ စစ်ကော်မရှင်နှင့် ပတ်သက်ဆက်နွယ်သည့် ကားများကို ဒဏ်ကြေးကောက်ယူခြင်း မရှိဘဲ ပြန်လည် ထုတ်ပေးခဲ့သည်ဟု စောင့်ကြည့်လေ့လာသည့် မြို့နေပြည်သူများက ပြောသည်။

မြို့မြောက်ဘက်အထွက် စဝ်စံထွန်းဆေးရုံ အနီးတစ်ဝိုက်နေရာနှင့် မြို့တောင်ဘက်အထွက် စူဠာမုနိဘုရားအနီး၊ နီလာရိုးမ စက်သုံးဆီအရောင်းဆိုင်ရှေ့၊ ၃ လမ်းဆုံ နေရာများတွင် ကားအစီးရေပေါင်း ၈၀ ကျော်ကို စက်တင်ဘာလ ၃၀ ရက်နေ့တွင် စစ်ကော်မရှင်တပ်နှင့် လက်အောက်ခံ ယာဉ်ထိန်းရဲများက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးရမိသည့် ကားများအနက် စစ်ကော်မရှင်တပ်၊ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲ စသည့် ပြည်ထဲရေးဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပတ်သက် ဆက်နွယ်သော ကားအစီးရေ ၃၀ ခန့်ကို ထိုနေ့ ညနေ ၅ နာရီခန့်တွင် ယာဉ်ထိန်းရဲရုံးမှ ပြန်ထုတ်ပေးခဲ့သော်လည်း Non CDM ဝန်ထမ်းများနှင့် ပြည်သူပိုင် ကားများမှာ ပါဝင်ခြင်း မရှိဘူးဟု ဆိုသည်။

လိုင်စင်မဲ့ကား သိမ်းဆည်းခံရသည့် အမျိုးသားတစ်ဦးက “ရှမ်းကျောင်းရှေ့က မော်တော်ပီကယ် ရုံးမှာပဲ ထုတ်ပေး လိုက်တာ။ သူတို့နဲ့ ပတ်သက်တဲ့ ကားတွေပဲပေါ့။ သီတင်းကျွတ်ရှေ့၊ တန်ဆောင်တိုင်ရှေ့ ဖမ်းတာကိုက ထုံးစံ ဖြစ်နေပြီ။ ပြောချင်တာက ကျနော်တို့ အပြစ်ရှိရင်ဖမ်း၊ ဌာနဆိုင်ရာတွေလည်း ဒီလိုပဲ ဖြစ်ရမှာပေါ့။ အခုက ပြည်သူတွေ ကျီးလန့်စာ စားနေရတဲ့ဘဝ” ဟု ပြောသည်။

မြို့ဝင်ပေါက် ၂ ပေါက်တွင် ပိတ်ဆို့ဖမ်းဆီးသည်ဖြစ်ရာ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း မောင်းနှင်ကြမည့် ညောင်ရွှေ၊ ဟိုပုံး၊ ဆီဆိုင် စသည့်မြို့များမှ တက်လာသည့် လိုင်စင်မဲ့ကားများမှာ ပြန်လှည့်ရန်ပင် အလျင်မမီဘဲ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

စစ်ကော်မရှင်က ပြန်လည်ထုတ်ပေးသည့် ကားအများစုမှာ တိုယိုတာထုတ် Wish, Crown, Alphard နဲ့ ဟွန်ဒါ ထုတ် GE6, GP1, GK3, Freed, Hijet တို့ဖြစ်ပြီး ကျန်သည့် ပြည်သူပိုင် ကားများမှာ သိန်း ၃၀ ဖြင့် ပြန်ရွေးရမည် ဟုလည်း မြို့နေပြည်သူများ အကြားတွင် ပြောဆိုမှုများ ရှိနေသည်။

ဖမ်းဆီးခံရသည့် လိုင်စင်မဲ့ ယာဉ်များနှင့် ပတ်သက်၍ စောင့်ကြည့်နေသူ တစ်ဦးက “အခု ပြန်ထုတ်ပေးတာက ကျောင်းဆရာတွေတောင် မပါဘူး။ စစ်တပ်၊ ရဲနဲ့ ပတ်သက်တာလောက်ပဲ။ ကျန်တာက ထုံးစံအတိုင်း တစ်လ ၁၀ ရက်လောက် ထားပြီးမှ ပိုက်ဆံနဲ့ ရွေးခိုင်းမှာပေါ့။ သူခိုးဖမ်းမိတဲ့ W (လိုင်စင်မဲ့) တွေလည်း ပြန်ထုတ်ပေးတယ်။ ပြီးမှ ပြန်ဖမ်းတာ” ဟု ပြောသည်။

ဖမ်းဆီးခံရသည့် လိုင်စင်မဲ့ယာဉ်အချို့မှာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများမှ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA)ထံ အခွန်ပေးဆောင်ထားသော်လည်း တစ်စုံတစ်ရာ တာဝန်ယူ ဖြေရှင်းပေးမှု မရှိဘူးဟု ဆိုသည်။

မေလ ၂၁ ရက်နေ့တွင် ကျင်းပသည့် နေပြည်တော်အစည်းအဝေး၌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လိုင်စင်မဲ့ယာဉ်များအား ပြင်းပြင်းထန်ထန် အရေးယူရန် မှာကြားခဲ့ပြီးနောက် ရှမ်းတောင် ဒေသတွင်လည်း ယခုကဲ့သို့ ဖမ်းဆီးမှုများ မကြာခဏ ကြုံနေရသည်ဟု ဒေသခံများက ဆိုသည်။

မေလ ၃၀ ရက်နေ့ကလည်း တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက် အတက်၊ ထွန်းဆေးရုံအနီး ၄ လမ်းဆုံတွင် ပိတ်ဆို့ ဖမ်းဆီးမှုကြောင့် လိုင်စင်မဲ့ကားပေါင်း ၁၀၀ ကျော် ဆုံးရှုံးခဲ့ရဖူးသည်။

တောင်ကြီးမြို့တွင် ယခင် စစ်အာဏာ မသိမ်းမီ ကာလများကတည်းက သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ နှစ်သစ်ကူး စသည့် အခါကြီး ရက်ကြီးများ နီးကပ်သည့် ကာလများ၌ လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးလေ့ ရှိသော်လည်း ၂၀၂၅ ခုနှစ်အတွင်း အစီးရေ ရာချီဖမ်းဆီးမှုမှာ ပထမဆုံးအကြိမ် ဖြစ်သည်ဟု မြို့နေပြည်သူများ ပြောသည်။

Most read this week

AA Info Desk (ပုံဟောင်း)
January 21, 2026
မြန်မာနိုင်ငံတစ်ဝန်း တစ်နှစ်အတွင်း အမျိုးသမီး ၈၀၀ နီးပါး သေဆုံးခဲ့ပြီးနောက် စစ်ကော်မရှင်တပ်၏...
စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကွန်ရက် (ဖားကန့်မြို့နယ်)
January 20, 2026
မြစ်ဆုံစီမံကိန်းအား စစ်ကော်မရှင်က ပြန်စတင်ရန် ကြိုးပမ်းမှုမှာ တရုတ်၏ ထောက်ခံမှုရယူရန် နိုင်ငံရေး...
January 19, 2026
ကရင်နီပြည်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထောင်ဖောက်ပြေးခဲ့သည့် စစ်ကော်မရှင် စစ်သုံ့ပန်း ၈၀...
January 16, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဒုတိယပိုင်းအတွင်း မဲရုံများနှင့် အုပ်ချုပ်ရေးရုံးများ...