မင်းလက်ပံကျေးရွာ ဆေးပေးခန်း အသေခံဒရုန်း ၃ စီးဖြင့် တိုက်ခိုက်ခံရမှု အရပ်သား နှစ်ဦးထိခိုက်

မင်းလက်ပံကျေးရွာ ဆေးပေးခန်း အသေခံဒရုန်း ၃ စီးဖြင့် တိုက်ခိုက်ခံရမှု အရပ်သား နှစ်ဦးထိခိုက်

အာဏာသိမ်းစစ်တပ်က ကရင်ပြည်နယ် မြဝတီမြို့နယ် တောင်ပိုင်း လေးကေကော်မြို့သစ်ကျေးနယ်ရှိ မင်းလက်ပံကျေးရွာကို အောက်တိုဘာ ၂ ရက် ည ၁၁ နာရီကျော်အချိန်က ကာမီကာဇေ (အသေခံ) ဒရုန်း ၃ စီးဖြင့် တိုက်ခိုက်ခဲ့ရာ၊ ကျေးရွာဆေးခန်းနှင့် လူနေအိမ်များ ပျက်စီးသည့်အပြင် ရွာသား ၂ ဦး ဗုံးအစမှန် ဒဏ်ရာရခဲ့ကြောင်း ကျေးရွာသတင်းအရင်းအမြစ်က ဖော်ပြသည်။  

“အခု တစ်ညနဲ့ပါဆိုရင် ၄ ကြိမ်ရှိပြီ၊ မင်းလက်ပံရွာကို အသေခံဒရုန်းတွေကြဲချနေတာ၊ ဘုန်းကြီးကျောင်း၊ စာသင် ကျောင်း၊ လူနေအိမ်နဲ့ အခုညတုန်းကကျတာ ဆေးခန်းပေါ့နော်။ ဘေးအိမ်နှစ်လုံးလည်း ပျက်စီးတယ်။ အိမ်စောင့် နေတဲ့ လူ ၂ ယောက်လည်း အစမှန်ကုန်တယ်။ ရွာသားတွေက သောင်ရင်းမြစ်ကမ်းနားကို စစ်ရှောင်နေကြလို့ တော်သေးတယ်” ဟု မင်းလက်ပံကျေးရွာအုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူက ပြောသည်။

လတ်တလောတွင် လေးကေကော်၊ ထီးမယ်ဝါးခီး၊ ကျောက်တောင်နေရာများဘက်တွင် စစ်တပ်စစ် ကြောင်းများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA မဟာမိတ်တပ်ဖွဲ့များ ၁၂ မြောက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။ စစ်တပ်၏ ဒရုန်း၊ မစ်ဇိုင်း၊ လက်နက်ကြီးများ အဆမတန်ပစ်ခတ်ပြီး တိုက်ခိုက်နေကြောင်း သိရှိရသည်။

“သူတို့စစ်တပ်က လက်နက်ကြီး၊ ဒရုန်း တော်တော်လေးသုံးပြီးတိုက်တယ်၊ မြေပြင်ကလည်း စစ်သားသစ်တွေ လူ လှိုင်းလုံး စစ်ဆင်တဲ့ပုံစံမျိုးနဲ့တက်လာတယ်။ ကိုယ့်ဘက်လည်းထိတယ်၊ သူဘက်လည်းပုံနေရောပဲ၊ ထိတဲ့သူ တွေတော့ မြဝတီဘက်ပြန်သယ်ထုတ်နေတယ်” ဟု KNLA မဟာမိတ်တပ်ဖွဲ့ ရှေ့တန်းသတင်းအရင်းအမြစ်က ပြောသည်။

ထိုသို့ စစ်တပ်က လေးကေကော်ဒေသအား စစ်ဆင်တိုက်ခိုက်နေသည့်တစ်ပြိုက်နက် မယ်ထော်သလေး/ ဝေါလေလမ်းပိုင်းရှိ ဖလူး၊ မင်းလက်ပံ၊ မယ်ထော်သလေးရွာများအား နေ့ရော/ညပါ အသေခံဒရုန်းများဖြင့် တိုက်ခိုက်လျက်ရှိသည်ဟု တော်လှန်ရေးသတင်းအရင်းအမြစ်ဘက်က ပြောသည်။

စက်တင်ဘာ ၂၆ ရက်မှ ယခုအောက်တိုဘာ ၂ ရက်အထိ ဒရုန်းတိုက်ခိုက်မှု

၁၀ ကြိမ်ထက်မနည်းရှိနေပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ လူနေအိမ်နှင့် ဈေးဆိုင်များ ပျက်စီးသည့်အပြင် အရပ်သား ၆ ဦးခန့် ထိခိုက်ဒဏ်ရာရရှိမှု ရှိနေကြောင်း စုံစမ်းသိရှိရသည်။

Photo credit - CJ

Most read this week

December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...