ယခုရက်ပိုင်းတွင် စစ်ကောင်စီသည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်နှင့် ချင်းပြည်နယ်၊ ပလက်ဝတို့ကို (ကြည်း၊ ရေ၊ လေ) များဖြင့် စစ်ရေးအရ တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာနေသည်။
စစ်ကောင်စီသည် စက်တင်ဘာ ၂၆ ရက်က တောင်ကုတ်မြို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ၂၇ နှင့် ၂၈ ရက်တို့တွင်လည်း သံတွဲမြို့နယ်ကို လေကြောင်း၊ ရေကြောင်းတို့ဖြင့် တိုက်ခိုက်ခဲ့သည်။
အလားတူ စက်တင်ဘာ ၂၉ ရက်တွင် ပလက်ဝမြို့ကို လေကြောင်းနှင့် ရသေ့တောင်မြို့နယ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့် ယခုရက်ပိုင်းအတွင်း AA ထိန်းချုပ်ဒေသတွင် စစ်ကောင်စီ လက်ချက်ကြောင့် အရပ်သား သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရသူ ၂၆ ဦးထက်မနည်း ရှိခဲ့သည်။
ယင်းသို့ အရပ်သားများနေထိုင်ရာ နေရာများကို စစ်ကောင်စီက တိုက်ခိုက်နေခြင်းမှာ အရှုံးကို လက်မခံနိုင်သဖြင့် ပြည်သူအပေါ် ရှုံးမဲ့မဲ့ပြီး တိုက်ခိုက်နေခြင်းဟု စစ်ရေး၊ နိုင်ငံရေးအကဲခတ်များက ပြောကြသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က “စစ်ကောင်စီက ရခိုင်မှာ သူတို့ စစ်ရှုံးနေတယ်။ မကြာခင်မှာ ရခိုင်က ထွက်သွားရမယ့် အနေအထား မျိုးရောက်နေတယ်။ အဲဒီအတွက် အငြိုးကြီးစွာနဲ့ ရခိုင်တပ်ကို တပ်ချင်း တိုက်တာမျိုး မဟုတ်ဘဲ ရခိုင်ပြည်သူဖက်ကို လှည့်ပြီး အငြိုးကြီးစွာနဲ့ လူသားချင်းစာနာမှု ကင်းမဲ့စွာ ပြည်သူကို ရန်လုပ်လာတယ်လို့ ပြောရမယ်” ဟု ဆိုသည်။
ဆက်လက်ပြီး ၎င်းက “ပြည်သူတွေ အကြောက်တရားရှိသွားအောင် ပြည်သူတွေ အထိနာသွားအောင် လုပ်ပြီး တပ်တော်အနေနဲ့ စစ်ဆင်ရေးတွေမှာ အားနည်းသွားမလားဆိုပြီး တွက်ချက်မှု ရှိပါလိမ့်မယ်။ ဒါကြောင့်လည်း တပ်တော်အနေနဲ့ မိမိရဲ့ ပြည်သူတွေကို စစ်ရေးသတိရှိကြဖို့ ထုတ်ပြန်တာလို့ နားလည်ပါတယ်” ဟု ဦးမျိုးကျော်က ပြောသည်။
ရခိုင်က တိုက်ပွဲ မရှိသည့် မြို့နယ်များတွင် လူစုလူဝေးဖြစ်နိုင်သည့် နေရာများကို စစ်ကောင်စီက လေကြောင်း
တိုက်ခိုက်လာသဖြင့် စစ်ရေးသတိ အမြဲရှိကြရန် စက်တင်ဘာ ၂၉ ရက်တွင် AA က သတိပေးထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ရခိုင်နှင့် ထိစပ်နေသည့် တိုင်း ၃ ခုတွင် စစ်ရှုံးနိမ့်နေပြီး ပြည်သူ့စစ်များမှာလည်း တိုက်ခိုက်လိုစိတ် မရှိဘဲ ထွက်ပြေးနေကြောင်း AA က ဆိုထားသည်။
အခြားတစ်ဖက်တွင်လည်း ရခိုင်ပြည် တောင်ပိုင်းရှိ သံတွဲ၊ တောင်ကုတ်၊ ဂွ ၊ အမ်းစသည့် မြို့နယ်အချို့မှာ စစ်ကောင်စီနှင့် ၎င်းတို့ လက်အောက်ခံပါတီတို့က ရွေးကောက်ပွဲပြုလုပ်နိုင်ရန် စိတ်းအားထက်သန်နေကြသည်။
ယင်းကြောင့် ရွေကောက်ပွဲမတိုင်မီ အဆိုပါမြို့နယ်များကို ရလိုရငြား ဆန္ဒဖြင့် စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းများဖြင့် တိုက်ခိုက်လာခြင်းဖြစ်နိုင်သည်ဟု ဦးမျိုးကျော်က သုံးသပ်သည်။
သို့သော်လည်း စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်ကို မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်မှု မအောင်မြင်နိုင်သည့် အခြေအနေတွင် ရှိနေကြောင်း သုံးသပ်နေကြသည်။
“သူတို့ရဲ့ တရားမဝင်ရွေးကောက်ပွဲ ထုတ်ပြန်ချက်တွေအရ အမ်း၊ တောင်ကုတ်၊ သံတွဲနဲ့ ဂွမြို့နယ်တွေမှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ သဘောကို သွားတွေ့ရတယ်။ အခု ပလက်ဝကိုလည်း ဗုံးကြဲတယ်။ ရခိုင်တောင်ပိုင်း တောင်ကုတ်နဲ့ သံတွဲမြို့တို့ကို လေကြောင်းတိုက်ခိုက်သလို ရေကြောင်းကနေပါ ပြန်တိုက်လာတာ တွေ့ရတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။
စစ်ကောင်စီအနေဖြင့် ရခိုင်တောင်ပိုင်းမြို့နယ် ၄ ခုကို ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပရန် စီစဉ်နေသဖြင့် မြေပြင်ထိုးစစ်အပြင် လေကြောင်း၊ ရေကြောင်း ထိုးစစ်များပါ တိုက်ခိုက်လာနေခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ဆက်ပြောသည်။
“ဒီတော့ ပလက်ဝကျတော့ ချင်းတပ်တွေကို ကျော်ရအုံးမှာဆိုပေမယ့် AA တပ်စခန်းတွေကို လေကြောင်း တိုက်ခိုက်ဖို့ မှတ်ပုံတင်ထားတာ တွေ့ရတယ်။ ရွေးကောက်ပွဲကာလမှာက သူတို့က ရခိုင်တောင်ပိုင်းက မြို့ ၄ မြို့ကို ဝင်ရတော့မယ်။ အဲဒီမြို့နယ်တွေကို ဝင်ဖို့အတွက် အမ်းဆိုရင် မကွေးဖက်က ဝင်ဖို့ ကြိုးစားနေသလို၊ တောင်ကုတ်ဆိုရင်လည်း ပဲခူးဖက်က ကြည်းကြောင်း ဝင်ဖို့ကြိုးစားနေပြီး သံတွဲနဲ့ ဂွကတော့ ကြည်းကြောင်း မဖြစ်နိုင်တာကြောင့် ရေကြောင်းကနေ ဝင်ဖို့ ကြိုးစားနိုင်တယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။
စစ်ကောင်စီက ရခိုင်ပြည်တွင် တရားဝင် ရွေးကောက်ပွဲကျင်းပမည့် မြို့နယ် ၃ ခုအဖြစ် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်တို့ကို ကြေညာထားပြီး ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပသွားမည်ဟု ကြေညာထားသည်။
ယင်းအပြင် အာရက္ခတပ်တော်က ထိန်းချုပ်ထားသည့် အမ်း၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ် ၄ ခုက ပယ်ပြီး ကျန်သည့် မြို့နယ် ၁၀ ခုမှာ ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
လက်ရှိတွင် စစ်ကောင်စီသည် ရခိုင်နှင့် ထိစပ်နေသည့် ရခိုင်- မကွေး၊ ရခိုင်- ပဲခူးနှင့် ရခိုင်- ဧရာဝတီအစပ်တို့တွင် ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်မှုများပြုလုပ်နေသည်ဟု အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်များအရ သိရသည်။







