မောင်တောက ကျေးလက်ဒေသများတွင် ငှက်ဖျားအဖြစ်များနေ

မောင်တောက ကျေးလက်ဒေသများတွင် ငှက်ဖျားအဖြစ်များနေ

ရခိုင်ပြည်၊ မောင်တောမြို့နယ်မှ ကျေးလက်ဒေသများတွင် ရာသီအပြောင်းအလဲနှင့်အတူ ခြင်ကြောင့် ဖြစ်ပွားတတ်သည့် ငှက်ဖျားရောဂါ အဖြစ်များနေကြောင်း ULA/AA ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ၏ ထုတ်ပြန်ချက်အရ သိရသည်။

HDCO မှ မောင်တောမြို့နယ်သို့ မြေပြင်ကွင်းဆင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်စဉ် ကျေးရွာ ၈ ရွာတွင် လူဦးရေ ၁၀၀ ခန့်ကို ငှက်ဖျားပိုးစစ်ဆေးရာ၌ ၁၇ ဦးတွင် ငှက်ဖျားပိုး တွေ့ရှိခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်ထားသည်။

မောင်တောဒေသခံများမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ ငွေကြေးအခက်အခဲမှုအပြင် ဆေးရုံ၊ ဆေးခန်းနည်းပါးမှုတို့ကြောင့် ကျန်းမာရေးနှင့်ပတ်သက်၍ အခက်အခဲများရှိနေကြသည်။

မောင်တောဒေသခံ အမျိုးသမီးတစ်ဦးက “လက်ရှိ အကျပ်အတည်းဖြစ်နေတာကတော့ စစ်ရှောင်ရော နယ်ခံရော အကုန်လုံးပဲ။ အခု ရာသီအပြောင်းအလဲကြောင့် ဖြစ်တဲ့ ဖျားတာနာတာလောက်ကိုတောင် ဆေးမကုနိုင်ကြဘူး။ ဆေးဝါးစရိတ်လည်း များတယ်။ ဆေးခန်းဆိုလည်း ရွာတိုင်းမှာမရှိတော့ ဖျားနာပြီဆိုရင် ဆေးရုံထိ သွားပြီး ဆေးကုဖို့ လမ်းစရိတ်မတတ်နိုင်ကြလို့ တိုင်းရင်းဆေးလိုဟာတွေနဲ့ တောင့်ခံကြတာများတယ်” ဟု ပြောသည်။

ငှက်ဖျားရောဂါသည် ခြင်ကြောင့်ဖြစ်တတ်သည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး မိုးဦးကာလနှင့် ယခုကဲ့သို့ မိုးနှောင်းကာလများတွင် အဖြစ်များတတ်ကာ ခြင်ကိုက်ခံရပြီးနောက် ၁၀ ရက်မှ ၄ ပတ်အတွင်း လက္ခဏာပြတတ်သည်။

ရခိုင်တွင် မိုးနှောင်းကာလအတွင်း ခြင်ပေါက်ပွားနှုန်းမြင့်တက်လာနေသဖြင့် ကူးစက်ရောဂါများ တိုးလာနိုင်သည်ဟု HDCO က သတိပေးထားသည်။

လက်ရှိ HDCO မှ ရခိုင်ပြည်တွင် မုတ်သုံရာသီကာလအတွင်း ခြင်မှတဆင့် ကူးစက်နိုင်သော ရောဂါများ ကာကွယ်ရေးနှင့်ပတ်သက်၍ မြေပြင်တွင် ကျန်းမာရေးစောင့်ရှောက်မှုများလုပ်ဆောင်နေသော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဒေသများတွင် ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန် ခက်ခဲနေသည်။

“လက်ရှိ ရခိုင်မှာ ကျန်းမာရေးအတွက် ဆေးရုံဆေးခန်းလည်း အားနည်းတယ်။ ပြီးတော့ ကျန်းမာရေး ဗဟုသုတ အားနည်းကြတော့ သူတို့သိသလောက် တတ်သလောက်နဲ့ ကုကြတာများတယ်။ ဒီတော့ အချိန်မမှီဘဲ မဆုံးရှုံးသင့်ဘဲ အသက်ရှုံးရတာတွေလည်း ကြားရတယ်။ အေအေဘက်က ဒီလိုနေရာ တွေကို ရွာအလိုက်ကွင်းဆင်းပြီးတော့ ကျန်းမာရေးအသိပညာပေးမှုကို ဒီထက် စနစ်တကျ လုပ်နိုင်မယ်ဆိုရင်တော့ အရင်ထက် ပိုအဆင်ပြေမယ်လို့ မြင်တယ်။ ပြီးတော့ ခြင်ဆေးဖြန်း တာတွေလည်း လုပ်ဖို့လိုအပ်တယ်” ဟု မောင်တောရှိ လူမှုအဖွဲ့အစည်းတစ်ခုမှ အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်ပြည်အတွင်း စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းစသည့် မြို့နယ်တို့တွင် ရာသီအကူးအပြောင်းကြောင့် တုပ်ကွေးဖြစ်ပွားမှုနှင့်အတူ ကူးစက်မှုမြင့်တက်နေသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် လူ ၅ ဦးလျှင် ၃ ဦးနှုန်းမှာ ရာသီကုပ်ကွေးဖြစ်နေပြီး ဖျားနာခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုး၊ ခန္ဓာကိုယ် နာကျင် ကိုက်ခဲခြင်း၊ ဝမ်းသွားခြင်း၊ ပျော့အန်ခြင်း စသည့် ဝေဒနာများကို ခံစားနေကြရကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်မိသားစုတစ်ခုကို ယခုအတွင်း တွေ့ရစဉ်။
February 10, 2026
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့်...
February 9, 2026
ရခိုင်မြို့သိမ်းတိုက်ပွဲများအတွင်း အာရက္ခတပ်တော် (AA) ထံ လက်လွှတ်ဆုံးရှုံးလိုက်ရသည့်...
February 7, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်အတွင်းရှိ ဘာသာဝင်အသီးသီးသည် မိမိတို့၏...
၂၀၂၃ ခုနှစ် စစ်တွေတက္ကသိုလ်မှ အဝေးသင်ကျောင်းသူ/သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - စစ်တွေ တက္ကသိုလ်
February 6, 2026
လမ်းပန်းဆက်သွယ်ရေး အဘက်ဘက်က ပိတ်ဆို့ခံထားရသည့် ရခိုင်ပြည်တွင် ရခိုင်လူငယ် အများအပြားသည်...