ကချင်ပြည်နယ် ကန်ပိုင်တည် နယ်စပ်ကုန်သွယ်ရေးလမ်းမပေါ်ရှိ ဆဒုံးမြို့မှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲ တိုက်ခိုက်ခံရပြီးနောက် စာသင်ကျောင်းနဲ့ ဌာနဆိုင်ရာရုံးတွေ ပိတ်လိုက်ပြီး ပြည်သူတစ်ချို့လည်း မြို့တွင်းကနေ ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
“ရုံးတွေ၊ ကျောင်းတွေလည်း အကုန်ပိတ်လိုက်ပြီ။ ဒေသခံပြည်သူတွေက ဆိုလာပြားတင်တဲ့ သူကတင် မြို့ထဲကနေ ထွက်နေကြတယ်။ အားလုံးက တအားကြောက်လန့်သွားကြတာ။ တစ်ကွဲတပြားစီ ဖြစ်နေတယ်”လို့ ဆဒုံးဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
တိုက်ပွဲမရှိတဲ့ ဆဒုံးမြို့ကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်း ၂ နာရီခွဲအချိန်မှာ ဂျက်လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းတက်တဲ့ ကလေးငယ် ၃ ဦးအပါ ပြည်သူ ၈ ဦး အသက်သေဆုံးမှု ရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ဆဒုံးမြို့ရဲ့ မြို့လယ်စျေးတန်းနေရာနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရှိနိုင်တယ်လို့ ယူဆလို့ရတဲ့ နေရာတွေကို လေယာဉ်ဖြင့် ၄ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်သွားတာ ဖြစ်ပါတယ်။
ဗုံးကြဲခံရတဲ့ ဖြစ်စဉ်ထဲမှာ ပြည်သူ ၈ ဦးသေဆုံးတဲ့အပြင် နောက်ထပ် ပြည်သူ ၆ ဦးခန့်က ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူကြီးနော်ဘူက ပြောပါတယ်။
အဲဒီထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ၆ ဦးထဲမှာလည်း ကျောင်းတက်တဲ့ ကလေးငယ် ၃ ဦးခန့် ပါဝင်ပြီး ကလေးငယ်တွေအတွက် ဆေးဝါးကုသနိုင်ဖို့ အကူအညီတွေ လိုအပ်ကြောင်းလည်း နောက်ထပ် မြစ်ကြီးနားမြို့ရောက်နေတဲ့ ဆဒုံးဒေသခံ အမျိုးသားတစ်ဦးကဆက်ဆိုထားပါတယ်။
“ဒဏ်ရာပြင်းထန်ပြီး အသက်ရှုဖို့တောင်ခက်ခဲတဲ့ ကလေးငယ်တွေကို အကူအညီရဖို့ တောင်းဆိုနေတာတော့ ရှိတယ်။ ဒါပေမယ့် ဒဏ်ရာပြင်းထန်တဲ့ ကလေးငယ်တွေက ၅ ယောက်၊ ၆ ယောက် ရှိတယ်လို့လည်း ပြောကြတယ်။ ဆက်ပြီးစုံစမ်းနေဆဲတော့ ဖြစ်တယ်။ ဒဏ်ရာရတဲ့ ကလေးငယ်တစ်ချို့က ဆေးကုသဖို့ သွားရင်း လမ်းမှာ အသက်ထွက်သွားတဲ့ ကလေးငယ်တွေလည်း ရှိတယ်။ ဒါကြောင့် ကလေးငယ်တွေ အကူအညီရရှိဖို့ ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူနဲ့ သေဆုံးမှုမှာ ပါဝင်တဲ့ ကလေးငယ်တွေဟာ ကျောင်းတက်နေတဲ့ အသက် ၁၀ နှစ်ကျော် အရွယ် ကလေးငယ်တွေ အများဆုံးပါဝင်တာကို မြင်တွေ့ရပါတယ်။
ဆဒုံးမြို့ဟာ ၂၀၂၄ ခုနှစ်မှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်လိုက်ပြီးနောက် ဒေသတည် ငြိမ်အေးချမ်းနေတဲ့ မြို့တစ်ခုဖြစ်သလို တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ကန်ပိုင်တည်မြို့နဲ့ တစ်ဆက်တည်းရှိတဲ့ မြို့တစ်ခုဖြစ်တာကြောင့် အချက်အခြာကျတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲမှာ အရပ်သားအပြင် စျေးတန်းနေရာ ၁၀ ခုကျော်နဲ့ နေအိမ် အဆောက်အဦးတွေ အများအပြား တစ်စစီ ထိခိုက်ပျက်စီးသွားတာကိုလည်း မြင်တွေ့ရပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ လက်လွတ်လိုက်ရတဲ့ ချီဖွေ၊ ပန်ဝါ၊ ဆဒုံး၊ ကန်ပိုင်တည် စတဲ့ တရုတ်နယ်စပ် တစ်လျှောက်ရှိ မြို့နေရာတွေကို ပြန်လည်ရယူဖို့ ပြည်သူ့စစ်အင်အား အလုံးအရင်းအသုံးပြုပြီး ဝိုင်းမော်မြို့နယ်ထဲမှာ စတင်ပြီးတော့ ဩဂုတ်လကတည်းကနေ ထိုးစစ်ဆင် တိုက်ပွဲ ဖော်ဆောင်နေတာ ဖြစ်ပါတယ်။
ဝိုင်းမော်မြို့နယ်ထဲမှာ ဖြစ်တဲ့ ထိုးစစ်တိုက်ပွဲတွေမှာ စစ်ရှုံးနေတဲ့အတွက် တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူလည်း KNG ကိုပြောပါတယ်။
ဒါ့အပြင် စက်တင်ဘာလ ၂၉ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်တပ်ဟာ ဆဒုံးမြို့အပြင် နောက်တိုက်ပွဲ စစ်ရေးတင်းမာမှု ဖြစ်နေတဲ့ ခေါင်းလန်ဖူးနဲ့ လန်ဆယ်ဒေသမှာလည်း လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။







