ကော့ကရိတ်-မြဝတီလမ်းပိုင်းရှိ ကျေးရွာများတွင် တပ်စွဲနေရာယူနိုင်ရေး စစ်ကော်မရှင်တပ် ကြိုးပမ်းနေ

ကော့ကရိတ်-မြဝတီလမ်းပိုင်းရှိ ကျေးရွာများတွင် တပ်စွဲနေရာယူနိုင်ရေး စစ်ကော်မရှင်တပ် ကြိုးပမ်းနေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်-မြဝတီလမ်းပိုင်းကို ထိန်းချုပ်နိုင်ခဲ့သည့်နောက် ကျေးရွာများအတွင်း ဝင်ရောက် တပ်စွဲနေရာယူနိုင်ရေးအတွက် စစ်ကော်မရှင်က ကြိုးပမ်းလာနေကြောင်း သိရသည်။

လက်ရှိတွင် ကော့ကရိတ်-မြဝတီလမ်းပိုင်းက ကော့ကရိတ်ဘက်ခြမ်းရှိ အံဖကြီး၊ ရွာသစ်ကုန်း၊ ကမိုင်းကုန်း၊ ကော့နွဲ့၊ အံဂလော်၊ မိဂသိန်ကုန်း စသည့်ကျေးရွာများတွင် စစ်ကော်မရှင်တပ်နှင့် ဒေသတွင်းအခြေစိုက် လက်နက်ကိုင်အဖွဲ့တို့ ပူးပေါင်းပြီး တပ်စွဲနေရာယူနိုင်ရေး စစ်ကြောင်းထိုးလာနေသည်ဟု ကော့ကရိတ်စစ်မြေပြင်ရောက် တော်လှန်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“အခုတော့ အံဖကြီးရွာဘက်ကို စစ်ကြောင်းတွေ ပိုထိုးနေပါတယ်။ BGF တပ်နယ် ၃ က ဝဲစားတွေနဲ့ စကစတွေ ပေါင်းပြီး တက်လာကြတာဖြစ်တယ်။ ရွာတွေထဲကို ဝင်ပြီး တပ်စွဲဖို့ လုပ်နေကြတယ်။ ကော့ကရိတ် တပ်ရင်း (၉၇) ကလည်း လက်နက်ကြီးတွေနဲ့ တောက်လျောက် ပစ်ကူပေးနေတော့ ထိတဲ့အိမ်တွေလည်း မနည်းတော့ဘူး” ဟု အထက်ပါ တော်လှန်သတင်းအရင်းအမြစ်က ပြောသည်။

ကော့ကရိတ်-မြဝတီလမ်းပိုင်းကြားရှိ ကျေးရွာများကို ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF/KNA) ဗိုလ်မြတ်ခိုင်ဦးဆောင်အဖွဲ့နှင့် ဗိုလ်ဘိဦးဆောင်သည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်တော် (DKBA) တို့က စစ်ကော်မရှင်တပ်များနှင့် ပူးပေါင်းပြီး စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးဝင်လာနေခြင်း ဖြစ်သည်။

အဆိုပါကျေးရွာဘက်သို့ ထိုးဝင်လာနေသည့် စစ်ကြောင်းများနှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်းလည်း ဆိုသည်။

“ရွာသစ်ကုန်းမှာတော့ အခုက BGF နဲ့ စကစတွေက တပ်စွဲထားလိုက်ပြီ။ ကျန်တဲ့ကျေးရွာတွေ ဘက်ကိုလည်း မနေ့ကစပြီး စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးနေပြီး ၉၇ တပ်ရင်းကနေ လက်နက်ကြီးတွေက ရွာတွေဘက်ကိုတော့ ဦးတည်ပစ်နေတုန်းပဲ။ BGF စစ်ကြောင်းဘက်ကတော့ မြတ်ခိုင်က အဓိက စစ်ကြောင်းကို ကွပ်ကဲနေတယ်။

ဗိုလ်ဘိတို့လည်း ပါတယ်။ သူတို့အဖွဲ့က တပ်မဟာ ၅ ဘက်မှာလည်း သွားရောက်စစ်ကြောင်းထိုးနေတယ်” ဟု ပြောသည်။

ကော့ကရိတ်-မြဝတီအာရှလမ်းပိုင်းကို လာမည့်အောက်တိုဘာလတွင် ပြန်လည်ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်က စီစဉ်ထားသည့်အတွက် လမ်းလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှု ရှိစေရန် BGF နှင့် DKBA တို့က တာဝန်ယူ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်တော် (DKBA) တို့က စစ်ကော်မရှင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲကို အပြည့်အဝထောက်ခံပြီး ရွေးကောက်ပွဲကျင်းပနိုင်ရန် နယ်မြေတည်ငြိမ်အေးချမ်းမှု ရှိစေရေး တတ်နိုင်သမျှ ဝန်းရံပေးသွား မည်ဖြစ်ကြောင်းလည်း သဘောထား ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - ထိုင်းသတင်း
August 17, 2026
ထိုင်း-မြန်မာနယ်စပ်ဒေသ အပါအဝင် မြန်မာနိုင်ငံအတွင်း အသုံးပြုနေသည့် စတားလင့် (Starlink) စက်များ...
August 14, 2026
အမျိုးသမီး ပြည်သူ့စစ်မှုထမ်း သင်တန်းကို စစ်အုပ်စုက ဩဂုတ်လ ၁၀ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း...
August 13, 2026
မွန်ပြည်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းတွင် အိမ်ငှားနေထိုင်သည့်...
August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...