သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ် အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးကာ ဒေသခံများကို လမ်းပြအဖြစ် ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်တွင် ရွာငံမြို့နယ် မြောက်ဘက်ရှိ တပင်ပျော်ကျေးရွာ အုပ်စုတွင် စစ်ကော်မရှင်တပ်က အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ ဒေသခံ ရွာသား (၁၀) ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်ခံရသူများထဲမှ (၃) ဦးသာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကျန် (၇) ဦးမှာ ယနေ့အထိ ပြန်မလွတ်သေးကြောင်း ဒေသခံများက ပြောသည်။
“ဖမ်းသွားတာတော့ ၅ ရက်လောက် ရှိပြီ၊ လမ်းပြဆိုပြီး ခေါ်သွားတာပဲ။ သုံးယောက်ပဲ ပြန်လာသေးတယ်၊ ခေါ်သွားလည်း အုပ်စုခွဲပြီး ခေါ်သွားတာတဲ့။ ဘေးပတ်ပတ်လည်က ရွာတွေမှာလည်း ရွာသားတွေကို လိုက်ခေါ်နေတယ်။ သူတို့က ရွာသားတွေကို ရှေ့ကနေ လမ်းရှင်းခိုင်း တောက်တိုမယ်ရ ခိုင်းတယ်လို့ ပြောတယ်”ဟု သတင်းရင်းမြစ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထိုသို့ စစ်ကော်မရှင်တပ်က ရွာသားများကို ခေါ်ဆောင်ကာ လူသားဒိုင်းအဖြစ် အသုံးပြုနေသောကြောင့် ဒေသခံအမျိုးသားများ ကြောက်လန့်နေကြရကြောင်း ၎င်းသတင်းရင်းမြစ်က ဆက်ပြောသည်။
စစ်ကော်မရှင်တပ်က ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများရှိ တောတောင်ဘက်သို့ မကြာခဏ စစ်ကြောင်းထိုးနေသောကြောင့် ဒေသခံများ တောင်ယာခြံ မသွားရဲကြဘဲ နေအိမ်အနီးအနား ခြံတွင်သာ စိုက်ပျိုးရေး လိုက်ကိုင်စားသောက်နေရကြောင်း သိရသည်။
ဆက်လက်ပြီး စစ်ကော်မရှင်တပ်မှ ကျေးရွာအတွင်းရှိ ကားစာရင်းများကို ကောက်ယူ၍ တစ်ရွာလျှင် နှစ်စီးနှုန်း အလှည့်ကျဖြင့် စစ်ကော်မရှင်တပ်က ယူဆောင်သွားပြီး ကားပိုင်ရှင်များမှာ ကားပြန်မရတော့ကြောင်း ဒေသခံများက ပြောသည်။
“ကားအစီးရေ ဘယ်နှစီးရှိလဲ ဆိုပြီး စာရင်းကောက်သွားတယ်၊ တစ်ရွာကို နှစ်စီးပေးရတယ်။ ကျမတို့ရွာ အပါအဝင် အနီးနားမှာ ၆ ရွာရှိတယ်။ ကားတွေယူသွားပြီး ပြန်လာမပို့တော့ဘူး။ တချို့ကားတွေဆို ပျက်ကုန်တယ်။ ပျက်တဲ့နေရာမှာ သူတို့က ထားခဲ့တာ။ ကားတွေဆို စုတ်ပြတ်နေရော ရစရာကို မရှိဘူး။ ဒီနားက တောထဲကို စစ်ကြောင်းထိုးနေတာ နေ့တိုင်းနီးပါးပဲ”ဟု အသက် ၃၀ ကျော်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထို့အပြင် ရွာငံမြို့နယ် မြောက်ဘက် အနီးအနားကျေးရွာများမှ ဖမ်းဆီးထားသော ဒေသခံများကို ၎င်းတို့ စစ်ကော်မရှင် တပ်စွဲရာ ဘုန်းကြီးကျောင်းတစ်ခုတွင် ဖမ်းဆီးထားကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်တွင် စစ်ကော်မရှင်တပ်က အင်အား ၂၀၀ ကျော်ဖြင့် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး အသက် ၃၀ ကျော် အမျိုးသမီး နှစ်ဦးနှင့် အမျိုးသား ရှစ်ဦးကို ဖမ်းဆီးသွားပြီး နှစ်ရက်အကြာ စက်တင်ဘာ ၁၆ ရက်တွင် အမျိုးသမီးနှစ်ဦးကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယခုလက်ရှိ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က နေ့စဉ်နီးပါး စစ်ကြောင်းထိုးနေပြီး ရွာငံတွင် အခြေစိုက်သည့် တော်လှန်ရေးတပ်များကို အင်အားအလုံးအရင်းဖြင့် ရှာဖွေနေကြောင်း ဒေသခံများက ပြောသည်။







