တိုက်ပွဲ ဖြစ်ပြီး စစ်ရေးတင်းမာနေသည့် မော်လမြိုင်-ဘုရားသုံးဆူလမ်းပိုင်းတွင် ခရီးသွားတစ်ဦးလျင် ယာဉ်စီးခ ကျပ်တစ်သိန်းခွဲထိ စျေးနှုန်းမြင့်တက်လာသည်ဟု ခရီးသွားသူများက ပြောသည်။
အဆိုပါ လမ်းကြောင်းပေါ်တွင် ယခင်၂၀၂၁ ခုနှစ်က တစ်ဦးလျင် ယာဉ်စီးခ ကျပ် ၅၀,၀၀၀ နှုန်းသာရှိရာမှ ယခု စက်တင်ဘာလအတွင်း ယာဉ်စီးခ ကျပ်တစ်သိန်းခွဲထိ မြင့်တက်လာသလို အဆင်ပြေသလို ယာဉ်စီးခ ညှိနှိုင်း သွားလာနေရသည်ဟု ခရီးသည်များနှင့် ယာဉ်မောင်းများက တညီတညွှတ်တည်း ပြောသည်။
“စစ်တပ်အာဏာ မသိမ်းခင်တုန်းက ကားခက မော်လမြိုင်ဆိုရင် လိုင်းကားနဲ့သွားရင် တစ်သောင်းဘဲ။ အိမ်စီးကားဆိုရင် တစ်သောင်းခွဲဘဲ။ အခုက လိုင်းကားနဲ့ တစ်ယောက်တစ်သိန်းခွဲ စင်းလုံးပြတ် အော်ဒါဆို ငါးသိန်း၊ ခြောက်သိန်း၊ ကြိုက်စျေးရမှ ကားမောင်းပို့တဲ့ အခြေအနေဖြစ်သွားပြီး” ဟု ခရီးသွားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ထိုလမ်းကြောင်းတစ်လျှောက်တွင်လည်း အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့၏ ဂိတ်အပါအဝင် DKBA၊ BGF၊ ငြိမ်းချမ်း ရေးကောင်စီ(PC)၊ နှင့်အခြားလက်နက်ကိုင် ဂိတ်များ ချထားခြင်းရှိပြီး လမ်းအသုံးပြုခ သဘောမျိုးဆန်ဆန် ငွေကြေး ကောက်ခံသည့် ဂိတ်စုစုပေါင်း ၃၀ ခန့်ရှိသည်။ ထို့အပြင် မြို့အဝင်ဂိတ်၊ တံတားဖြတ်ဂိတ် ၁၀ ဂိတ်ခန့် ရှိ သည်ဟု ယာဉ်မောင်းများနှင့် ခရီးသွားသူများက ပြောဆိုသည်။
ထိုသို့ သွားလာသည့် လမ်းကြောင်းပေါ်တွင် ကားခစျေးနှုန်းမြင့်တက်လာသည့်အပြင် ထိုင်းမှ သယ်ဆောင်လာသည့် ကုန်ပစ္စည်းများကိုလည်း စစ်ဆေးမှုများလာခြင်းကြောင့် သယ်ဆောင်စရိတ် မြင့်တက်လာသည်ဟု တပိုင်တစ်နိုင် မော်လမြိုင်သို့ ထိုင်းကုန်ပစ္စည်းသယ်ဆောင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
“အခု ထိုင်းကုန်ပစ္စည်းပါတဲ့ကားဆို မုန့်ကအစ၊ အိမ်သုံးဖို့ ဝယ်လာရင် တံတားတွေမှာ မြို့ဝင်ဂိတ်တွေမှာ စစ်တပ် ကသိမ်းတယ်။ ဖမ်းထားတယ်။ အဲဒီတော့ ကုန်စျေးနှုန်းက ဂိတ်ကြေးတွေပေါင်းပြီး ဝယ်စားရသလို ဖြစ်တော့ စျေးက ဆယ်စမက တက်ပြီးလေး” ဟု ထိုအမျိုးသမီးက ကေအိုင်စီသို့ ပြောသည်။
ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့၊ ကြာအင်းဆိပ်ကြီးမြို့ နယ်များရှိ စစ်အုပ်စုက ၎င်းတို့ ဆုံးရှုံးသွားသည့် နေရာများကို ပြန်လည် ထိန်းချုပ်နိုင်ရန် ဘုရားသုံးဆူမြို့မှ သံဖြူဇရပ်လမ်းပိုင်း၊ ကြာအင်းဆိပ်ကြီး- မုဒုံလမ်းပိုင်း နေရာများတွင် စစ်ကြောင်းထိုးလာပြီး နယ်မြေခံ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ နှင့် တိုက်ပွဲပြင်းထန်လာကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများလည်းရှိကြောင်း မြေပြင်သတင်းအရင်းအမြစ်ထံမှ သိရသည်။
ထို့အပြင် မော်လမြိုင်နှင့်ဖားအံမြို့ပေါ်တွင် စစ်အုပ်စုက ယဉ်မောင်းလိုင်စင်မရှိသည့် ကားနှင့် ဆိုင်ကယ်များကို ဖမ်းဆီးသိမ်းယူမှု များလာသည့်အပြင် လမ်းပေါ်တွင် ဂိတ်ချစစ်ဆေးမှုများကာ ကြာအင်းဆိပ်ကြီး၊ ကျုံဒိုး ကော့ကရိတ်စသည့် မြို့နယ်အတွင်းရှိ လူထုများသည် မြို့ထဲသွားလာသည့်အခါတွင် ပိုမိုခက်ခဲ လာကြောင်း သိရသည်။







