မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးလမ်းပိုင်းတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ

မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးလမ်းပိုင်းတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ

မွန်နှင့် ကရင်ပြည်နယ်တို့ကို ဆက်သွယ်ထားသည့် မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီး ကားလမ်းတလျှောက် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်စစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား ယမန်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာ ၁၇ ရက်နေ့မှစ၍ လမ်းပိုင်းပေါ်၌ အတက်အဆင်းနှစ်ဖက် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်ကြောင်းသည်  ဗျူဟာမှူးဗိုလ်အယ်စေးဝါးဦးဆောင်သော (Lion Battalion Commando) ဗျူဟာစစ်ကြောင်း-တပ်ခွဲ(၃)နှင့် တော်လှန်ရေးပူးပေါင်းတပ်များကြား လမ်းပိုင်းတစ်လျှောက် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

ယမန်နေ့ စက်တင်ဘာ ၂၂ ရက်နေ့ နေ့လည်ပိုင်းက ချောင်းနှစ်ခွရွာအတွင်း တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး ချောင်းနှစ်ခွအနီးအနားရှိ ကျုံကွယ်၊ လွှစင်ကုန်း စသည့် ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

"မနေ့က ၂၂ နေ့ နေ့လည်ပိုင်းမှာ တိုက်ပွဲဖြစ်တယ်။ ၂၁ ရက်နေ့မနက်ပိုင်းကလည်း ခဏဖြစ်သွားတယ်လို့ ကြားတယ်။ ညနေပိုင်းမှာ လက်နက်ကြီးတွေ ပစ်ခတ်တယ်။ အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်ကရော တော်လှန်ရေး ဘက်ကရော သေဆုံးတာများတယ်။ စစ်တပ်ဘက်က ပိုများတယ်လို့ ပြောတယ်။ အတိအကျတော့မရှိဘူး"ဟု ချောင်းနှစ်ခွ ဒေသခံတစ်ဦးက ဆိုသည်။

ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးလမ်းပိုင်းတစ်လျှောက်ကို စစ်ကော်မရှင်တပ်သားနှင့်အတူ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA) မှ ပူးပေါင်းထိုးစစ်ဆင်နေခြင်းဖြစ်ပြီး လက်ရှိတွင် သံပုရာကျေးရွာနှင့် ဒါလီကျေးရွာဘက်ကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ထိန်းချုပ်ထားသည်။

အဆိုပါလမ်းပိုင်းတွင် ချောင်းနှစ်ခွအခြေစိုက် စစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်မှုများ မကြာခဏ ဆက်ရှိနေသဖြင့် သံပုရာ၊ ထခနိမ်း၊ ဘုရားကုန်း ၊ မရစ်၊ အောင်ချမ်းသာစသည့် ကျေးရွာများမှ စစ်ဘေးရှောင်အချို့က စစ်ဘေးရှောင်ဒေသခံအချို့က နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

"ရွာထဲမှာတော့ စစ်သားတွေက ဝင်ရောက်နေတယ်။ တချို့က ပြန်ကြတယ်။ အမတိုကတော့သံပုရာရွာကို မပြန်ရဲသေးဘူး။ တော်လှန်ရေးဘက်က စစ်ကြောင်းတွေ ပြန်စုလာရင် ဘယ်လိုဖြစ်မလဲမသိဘူး။ ရွာလူကြီးတွေလဲ အကြောင်းမကြားသေးဘူးပြန်နေဖို့။ ၂၁ရက်နေ့ မနက်ပိုင်းက ချောင်းနှစ်ခွကနေ အနီးအနားကျေးရွာတွေဆီကို လက်နက်ကြီးပစ်နေသေးတယ်"ဟု သံပုရာရွာမှ ကြာအင်းဆိပ်ကြီးမြို့တွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

လက်ရှိတွင် မုဒုံ-ချောင်းနှစ်ခွ-သံပုရာ-ကြာအင်းဆိပ်ကြီး လမ်းပိုင်း၊ ကျိုက်မရော-ခရုံဂူ-လွှစင်ကုန်း-သံပုရာ-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မုဒုံ-ကမာဝက်-ခလယ်တံခွန်တိုင်-ကြာအင်းဆိပ်ကြီး လမ်းကြောင်းကိုလည်း အင်အားအဆမတန်သုံး၍ စစ်ကြောင်းများ ဖြန့်ကျက်ထားသည်ဟု သိရသည်။

ထို့အပြင် စစ်ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြာအင်းဆိပ်ကြီးမြို့နှင့် ဆက်သွယ်ထားသည့် လမ်းပိုင်းအားလုံးကို နယ်မြေရှင်းလင်းမှု လုပ်ဆောင်သွားမည်ဖြစ်သည့်အပြင် ကြာအင်းဆိပ်ကြီးမှ ကျိုက်ဒုံနှင့် ဘုရားသုံးဆူမြို့အထိ စစ်ကြောင်းထိုးရန်ရှိကြောင်းလည်း စစ်တပ်နှင့် နီးစပ်သူများက ပြောဆိုလျက်ရှိသည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...