AA ထောက်လှမ်းရေးမှ ခေါ်သွားသည့် အမျိုးသမီးသတင်းထောက်အား ပြန်လွှတ်ပေးရန် တောင်းဆို

AA ထောက်လှမ်းရေးမှ ခေါ်သွားသည့် အမျိုးသမီးသတင်းထောက်အား ပြန်လွှတ်ပေးရန် တောင်းဆို

အာရက္ခတပ်တော် (AA) ထောက်လှမ်းရေးမှ စစ်ဆေးရန်ခေါ်ဆောင်သွားခဲ့သည့် အမျိုးသမီးသတင်းထောက် မုဒြာအား ပြန်လည်လွှတ်ပေးရန် Border News Agency (BNA) သတင်းဌာနမှ တောင်းဆိုထားသည်။

ရခိုင်ပြည်၊ မောင်တောအခြေစိုက် BNA သတင်းဌာနမှ သတင်းထောက် မုဒြာအား မေးမြန်းစရာရှိသည်ဟုဆိုကာ AA ထောက်လှမ်းရေးမှ စက်တင်ဘာ ၂၀ ရက်၊ မွန်းတည့် ၁၁ နာရီကျော်တွင် မောင်တောမြို့ရှိ နေအိမ်မှ ခေါ်ဆောင်သွားခြင်းဖြစ်သည်။

"မောင်တောမြို့ နေအိမ်က လာခေါ်သွားတာပါ။ မေးစရာရှိတယ်ဆိုပြီး လာခေါ်သွားတာပါ။ ဒါပေမယ့် ၂၄ နာရီထက် ကျော်လွန်သွားပြီ။ နောက်ပြီး အမျိုးသမီးဆိုတာကိုလည်း သတိထားရပါမယ်" ဟု BNA အယ်ဒီတာချုပ်ဖြစ်သူ ကိုကောင်းမြတ်နိုင်က ပြောသည်။

AA ထောက်လှမ်းရေးမှ ခေါ်ဆောင်သွားသည့် သတင်းထောက် မုဒြာအား စက်တင်ဘာလ ၂၂ ရက်တွင် မိသားစုဝင်များမှ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၉ ရက်က BNA သတင်းဌာနတွင် ရေးသားဖော်ပြခဲ့သည့် "မောင်တောမြို့နယ်၊ သုံးမိုင်ရှိ သီဟိုဠ်အေးကျေးရွာတွင် မြိုကလေးများ ပညာသင်ကြားနေရာတွင် ကျောင်းအသုံးအဆောင်ပစ္စည်းများ လိုအပ်နေ" ဆိုသည့် သတင်းနှင့်ပတ်သက်ပြီး မေးမြန်းရန်ခေါ်ဆောင်ခဲ့ကြောင်းကို သိခဲ့ရသည်ဟု မိသားစုဝင်များက ပြောသည်။

လက်ရှိတွင် သတင်းထောက် မုဒြာအား မေးမြန်းစရာရှိသည်ကို မေးမြန်းပြီး ပြန်လွှတ်ပေးရန် တာဝန်ရှိကြောင်း ကိုကောင်းမြတ်နိုင်က ပြောသည်။

"နေအိမ်ကနေ လာခေါ်သွားသူတွေဟာ မေးပြီးရင် အိမ်ပြန်ပို့ပေးရမယ့် တာဝန်ရှိပါတယ်။ ဥပဒေကို လေးစားလိုက်နာတဲ့ ဥပဒေဆိုင်ရာအဖွဲ့အစည်းဆိုရင်ပေါ့။ သူတို့ဘက်ကတော့ ဖမ်းတယ်လို့ မပြောသေးဘူး။ တကယ်ဖမ်းတယ်ဆိုရင်တော့ သူတို့လုပ်ရပ်၊ သူတို့သမိုင်းကို ကမ္ဘာကြီးက ဆုံးဖြတ်ပါလိမ့်မယ်။ သူတို့လုပ်ရပ်က သူတို့အနာဂတ်ကို အဆုံးအဖြတ်ပေးသွားမှာပါပဲ" ဟု ၎င်းက ပြောသည်။

အမျိုးသမီးသတင်းထောက် မုဒြာနှင့်ပတ်သက်ပြီး နားလည်မှု လွဲမှားနေသည်များရှိပါက သက်ဆိုင်ရာ ပုဂ္ဂိုလ်များ အနေဖြင့် ရှေ့နောက်အမျှော်အမြင်ရှိစွာ နားလည်ပေးနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း BNA သတင်းဌာနမှ စက်တင်ဘာ ၂၂ ရက်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် သတင်းထောက် မုဒြာအား ခေါ်ဆောင်သွားသည်မှာ နားလည်မှုလွဲကာ ခေါ်ဆောင်သွားခြင်း ဖြစ်နိုင်ကြောင်း ရခိုင်သတင်းသမားများက သုံးသပ်ကြသည်။

"ကျနော်တို့ စတုတ္တမဏ္ဍိုင်ဆိုတာ ပြည်သူနဲ့ အစိုးရကြားက ပေါင်းကူးတံတားလေး တစ်ခုလိုပါ။ သတင်းသမားဆိုတာ ပြည်သူကို ဗဟိုပြုပြီးတော့ ဘက်လိုက်မှုကင်းရသလို အမှန်တရားနဲ့ နစ်နာသူဘက်က ရပ်တည်ရတဲ့အလုပ်ကို လုပ်ရတာ၊ ရေးရတာပါ။ အခု BNA က သတင်းသမားတစ်ယောက်ကို ULA/AA စစ်ဆေးမေးမြန်းစရာရှိလို့ ခေါ်သွားတာလို့ နားလည်ရပါတယ်။ ဒါက အစိုးရနဲ့ သတင်းသမားကြားမှာ နားလည်မှုတစ်ခုခု လွဲနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့" ဟု ရခိုင်မှ အလွတ်တန်းသတင်းထောက် သိန်းဇော်(မောင်တော) (ခ) သန့်မြတ်ခိုင်က ပြောသည်။

သတင်းထောက် မုဒြာအား ခေါ်ဆောင်သွားသည့်ကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ULA/AA ပြောခွင့်ရ ဦးခိုင်သုခကို DMG က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

လက်ရှိတွင် သတင်းထောက် မုဒြာအတွက် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြပြီး လူသားချင်းစာနာမှုအရ၊ နိုင်ငံတကာဥပဒေများကို အလေးထား၍ ပြန်လည်ပို့ဆောင်ပေးရန် မေတ္တာရပ်ခံအပ်သည်ဟု BNA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်နီးပါးကာလအတွင်း သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့အထိစာရင်းအရ သတင်းသမား ၄၃ ယောက် အကျဉ်းချ ခံနေရဆဲဖြစ်ကြောင်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)က ထုတ်ပြန်ထားသည်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ၏ ၂၀၂၅ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၈၀ ထဲ အဆင့် ၁၆၉ တွင် ရှိနေကြောင်း သိရသည်။

Most read this week

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်က ကျောက်တော်မြို့နယ် ချောင်းတူ အကျဉ်းစခန်းကို စစ်ကောင်စီ ဗုံးကြဲပြီးနောက်ပိုင်း မြင်တွေ့ရသည့် သုံ့ပန်းမိသားစုဝင်များ။
January 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာအနီးရှိ စစ်သုံ့ပန်းနှင့် မိသားစုဝင်များ...
ရခိုင်ပြည်၊ ဂွမြို့နယ်အတွင်း တရားမဝင်ခုတ်လှဲထားသော သစ်ပင်တချို့ကို ၂၀၂၂ ခုနှစ် မေလအတွင်းက တွေ့ရစဉ်။
January 21, 2026
ရခိုင်ဒေသအတွင်း သစ်အရောင်းအဝယ်ဈေးကွက်တွင် ဈေးနှုန်းအဆမတန် မြင့်တက်နေပြီး ဝယ်ယူဆောက်လုပ်သူလည်း...
January 20, 2026
အမ်း-ပဒါန်းကားပေါ်ရှိ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်ဗျူဟာအနီးတွင် စစ်ကောင်စီနှင့်...
January 19, 2026
ယခု ၂၀၂၆ ခုနှစ်အတွင်း ရခိုင်ပြည် စစ်တွေ- ကျောက်ဖြူ- ရန်ကုန် လေယာဉ်လက်မှတ်ဈေးနှုန်းများသည် ၂၀၂၅...